အာဏာသိမ်း စစ်ကောင်စီက ကျွန်းသစ်လုံး/ ခွဲသား တန် ၂၅၀၀ ကျော် အပါအဝင် သစ်တန် ၁၂၅၀၀ ခန့်အား အွန်လိုင်း စနစ်ဖြင့် တင်ဒါ ခေါ်ရောင်းချမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်းစာများတွင် ယနေ့ ကြေညာလိုက် သည်။
မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပ ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနအနေဖြင့် သစ်ရောင်းချပွဲကို အင်းစိန်မြို့နယ် (ကြို့ကုန်း) ရှိ မြန်မာ့သစ်လုပ်ငန်းရုံးတွင် စက်တင်ဘာ ၁၆ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ရက်အပြောင်းအလဲ ရှိပါက အ ကြောင်းကြားပေးမည် ဖြစ်ကြောင်းလည်း ဆိုထားသည်။
ရောင်းချမည့် သစ်များမှာ ကျွန်းသစ်လုံး ၁၅၀၀ တန်၊၂၀၁၉-၂၀၂၀ ခုနှစ်ထုတ် ပျဉ်းကတိုး၊ ကညင်၊ အင်၊ သစ်ယာ၊ အင်ကြင်းသစ်မာ သစ်လုံး တန်တသောင်းခန့်နှင့် ကျွန်းခွဲသား တန်တထောင်ခန့်၊ ကျွန်းခွဲသား(သစ်အခြေခံ) ၃၆ တန်ခန့်တို့ ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မြန်မာ့သစ်လုပ်ငန်းက ကျွန်းသစ်လုံး ၃၆၂ တန်၊ ပျဉ်းကတိုး/အင်/ကညင်သစ်လုံး ၁၅၄၁၈ တန်ခန့်နှင့် တတိယတန်းနှင့် အထက် ကျွန်းခွဲသား ၃၆၂ ကုဗမီတာ၊ သစ်မာသစ်ပါးလွှာ ၁၃၄၁ ဒသမ ၈၇၁၃ ကုဗ မီတာတို့ကိုလည်း အမေရိကန်ဒေါ်လာဖြင့် အိတ်ဖွင့်တင်ဒါစနစ်နှင့် ရောင်းချရန် လေလံခေါ်ခဲ့သေးသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ဝင်ငွေ ရှာဖွေရေးအတွက် နိုင်ငံသယံဇာတများအား တင်ဒါခေါ် ရောင်းချလျက်ရှိရာ တွင် NLD အစိုးရလက်ထက် ဖမ်းဆီးရမိခဲ့သည့် တန်သိန်းနှင့်ချီသည့် သစ်များအား တင်ဒါခေါ်ရောင်းချမှုများ ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့သည်။
ယင်းသို့ နိုင်ငံပိုင်သစ်များ ရောင်းချမှုနှင့် ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် စုံစမ်း စစ်ဆေးရေးအဖွဲ့ (EIA) က အာဏာ သိမ်းစရိတ် ရှာဖွေနေကြောင်း ပြီးခဲ့သည့် မေလအတွင်းက အစီအရင်ခံစာ ထုတ်ပြန်ကာ ထောက်ပြခဲ့သည်။
ယင်း အစီအရင်ခံစာနှင့် ပတ်သက်ပြီး “နိုင်ငံပိုင် လုပ်ငန်းတခုက အခုလို ရောင်းချတာဟာ စစ်အစိုးရက မြန်မာပြည်သူ တွေကို ရက်ရက်စက်စက် ဆက်လက် ဖိနှိပ်ထားဖို့ အသည်းအသန် လိုအပ်နေတဲ့ နိုင်ငံခြားငွေ ရှာပေးဖို့ကလွဲလို့ တခြား အကြောင်း မရှိနိုင်ပါဘူး” ဟုလည်း EIA သစ်တောရေးရာ လှုံ့ဆော်ဆောင်ရွက်မှု ခေါင်းဆောင် ဖိတ်သ် ဒိုဟာတီက ပြော ထားသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာ့သယံဇာတများအား အသုံးချ အမြတ်ထုတ်ကာ ဝင်ငွေရှာဖွေမှုများ တားဆီးနိုင်ရေး အတွက် ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ အပါအဝင် အာဏာသိမ်း စစ်ကောင်စီနှင့် ပတ်သက်သူများအား ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ထားသည်။
ယင်းသို့ ဥရောပသမဂ္ဂ အနေဖြင့် မြန်မာ့ သစ်လုပ်ငန်းအား အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း အီတလီ သစ်လုပ်ငန်းရှင်၂၇ ဦးအနေဖြင့် စည်းမျဉ်းများ ချိုးဖောက်ကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းအထိ မြန်မာနိုင်ငံမှာ သစ်များ ဝယ်ယူကာ အခြား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့သည့် အထောက်အထားများ စုံစမ်းတွေ့ရှိခဲ့ကြောင်း EIA က စက်တင်ဘာလ ၁ ရက်တွင် အစီအရင်ခံစာ ထပ်မံထုတ်ပြန်ထားသည်။
အဆိုပါ EIA အစီအရင်ခံစာအရ အီတလီလုပ်ငန်းရှင်များ အနေဖြင့် မတ်၊ ဧပြီ၊ မေလတို့အတွင်း ယူရိုငွေ ၁.၃ သန်းနှင့် ၁.၅ သန်းကြား တန်ဖိုးရှိ မြန်မာ့သစ်ထုတ်ကုန်များ တင်သွင်းခဲ့ကြောင်း သိရပြီး ယင်းသို့ ဆက်လက်ရောင်းဝယ်မှုပြုနေခြင်းသည် မြန်မာစစ်အစိုးရနှင့်တကွ ၎င်းတို့၏ မြန်မာလူထုအပေါ် ဖိနှိပ်ခြင်းနှင့် မြန်မာ့သစ်တောများ ဖျက်ဆီးခြင်းအား ထောက်ပံ့ရာ ရောက်ကြောင်းလည်း EIA က ဆိုထားသည်။
စစ်ကောင်စီ အနေဖြင့် မေလအတွင်းက အမေရိကန်ဒေါ်လာဖြင့် ရောင်းချခဲ့သည့် သစ်လေလံပွဲတွင် ကျွန်းနှင့်သစ်မာ သစ်လုံး၊ သစ်ခွဲသားများ တန် ၂၃၀၀၀ ကျော် ရောင်းချခဲ့ရာ စုစုပေါင်း သစ်တန် တသောင်းကျော် ရောင်းချခဲ့ပြီး အမေရိ ကန် ဒေါ်လာ ၅ သန်းခန့် ရရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ နိုင်ငံပိုင် သယံဇာတများအား ရောင်းချကာ စစ်ကောင်စီ ဝင်ငွေရှာဖွေနေခြင်းနှင့် ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အနေဖြင့် လုံးဝ လက်ခံမည် မဟုတ်ကြောင်း၊ ပါဝင်ပတ်သက်သည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များ အား အမည်ပျက်စာရင်းသွင်းကာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားပြီး လေလံတင် ရောင်းချမှုတွင် ပါဝင်သည့် ဝန်ထမ်းများကိုလည်း ပြည်သူပိုင်ပစ္စည်း ဖျောက်ဖျက်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစား လုပ်မှုများဖြင့် အမည်ပျက် စာရင်း ရေးသွင်းသွားမည် ဖြစ်ကြောင်းလည်း ဆိုထားသည်။
You may also like these stories:
ငွေလိုနေသည့် အာဏာသိမ်းတပ်က သစ်တွေထပ်ထုတ်ရောင်းဦးမည်
စစ်ကောင်စီ သစ်လေလံ ဈေးနှိမ်ခံပြီး ရောင်းချနေရ
တရားမဝင်သစ်များ လေလံတင်၍ စစ်ကောင်စီ “အာဏာသိမ်း စရိတ်” ရှာနေ