သတင်း

ဖယ်ခုံတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အရပ်သား ၂ ဦးကို စစ်ကောင်စီ ပစ်ခတ်၍ ခေါ်ဆောင်သွား

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း ဖယ်ခုံ- ပင်လောင်း ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီး၍ သွားလာ နေသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်များက ပစ်ခတ်၍ စစ်ကားပေါ်သယ်ဆောင်သွားသည်ဟု သတင်း ရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက်၊ မနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ် (PDF) တို့ကြား ပစ်ခတ်မှုများ ဖြစ်ပွားထားချိန် ဖယ်ခုံမြို့ဘက်မှ ဖယ်ခုံ- ပင်လောင်း ကားလမ်းအတိုင်း ဆိုင်ကယ် မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးကို တားဆီးရာ မရပ်သဖြင့် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့သည့် ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင်များက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာသည် ဖယ်ခုံမြို့နယ်၊ ဖယ်ခုံ-ပင်လောင်း ကားလမ်းမ အနီး ကုန်းစုံကျေးရွာနှင့် ပူချယ် ကျေးရွာကြားတွင် ဖြစ်သည်။

ဒေသခံတဦးက “တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာ မသိဘဲ လာတာ ထင်တယ်။ ဒီလမ်းမကြီးက ပင်လောင်းဘက်ကို တတ်တဲ့ လမ်းမို့လို့ အမြဲ ကားတွေ ဆိုင်ကယ်တွေနဲ့ ဖြတ်သွားနေကြတာပဲလေ။ မနေ့က စစ်ကားက ၄ စီး၊ ၅ စီး လောက်ရှိတယ်။ တစီးက မိုင်းထိတယ်။ ပစ်ကြခတ်ကြ ဆူညံနေပြီး အဲဒီ ဆိုင်ကယ်က ဖြတ်လာတာ ပစ်ခတ်ခံရတာ။ ဆိုင်ကယ်ရော လူရော မရှိတော့ဘူး။ စစ်သားတွေ ခေါ်သွားတာပဲ။ ရွာထဲမြင်တဲ့ သူတွေ ရှိတယ်” ဟု ပြောသည်။

ဖယ်ခုံမြို့နယ်တွင်း စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၈ ရက်၊ မနက်ပိုင်းက စစ်ကား ၅ စီးဖြင့် ကင်းလှည့်ခြင်း များ ပြုလုပ်ရာ မြို့ပြင်၊ ဖယ်ခုံ-ပင်လောင်းကားလမ်း၊ ကုန်းစုံကျေးရွာအနီးတွင် စစ်ကားများကို ဖယ်ခုံ PDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကားတစီး ထိခိုက်ပျက်စီးမှု ဖြစ်ပြီးနောက်တွင် ဖယ်ခုံ PDF နှင့် စစ်ကောင်စီကြား ပစ်ခတ်မှုများ ဖြစ်ကြခြင်း ဖြစ်သည်။

တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တဦးက “မနေ့က ကျနော်တို့က သတင်းရတော့ မိုင်းကြိုဆင်ထားပြီး သွားဆွဲတယ်။ ညပိုင်းမှာ စစ်တပ်ထဲက အသိုင်းအဝိုင်းထဲကနေ ကျနော်တို့ ပြန်အတည်ပြုတာ ကျနော်တို့ မိုင်းကြောင့် ၅ ယောက် သေသွားတာ သေချာတယ်။ မိုင်းမမှန်တဲ့ ကားတွေက ရှေ့ကို ကျော်တတ်သွားတာ အလယ်က ကားက မိုင်းထိတာ။ အလယ်ကား မိုင်းဆွဲမိတော့ ရပ်သွားတုန်း နောက်က ကားက ပြန်ပစ်တော့ ပူချယ်ရွာထဲကို လက်နက် ကျည်တွေ ကျပြီးရွာထဲက မိန်းကလေးတယောက်တော့ ပခုံးမှာ ရှပ်ထိတယ်” ဟု ပြောသည်။

ဖယ်ခုံ PDF တပ်ဖွဲ့က စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်ချိန်တွင် ဖယ်ခုံ-ပင်လောင်း လမ်းပေါ်၌ အရပ်သားများ၏ ဆိုင်ကယ်နှင့် ကား အသွားအလာများလည်း ရှိနေပြီး ထိုထဲမှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား နှစ်ဦး ပစ်ခတ် ခံရခြင်း ဖြစ်သည်ဟု ဖယ်ခုံ PDF တပ်ဖွဲ့ဝင်က ပြောသည်။

ဖယ်ခုံ- ပင်လောင်း ကားလမ်းမပေါ်၌ ပစ်ခတ်မှုသည် နာရီဝက်ခန့်ကြာပြီး စစ်ကားများသည်လည်း ပစ်ခတ်မှု ဖြစ်သည့် နေရာမှ မောင်းထွက်သွားပြီးနောက်တွင် တိုက်ပွဲ ပြီးဆုံးသွားသည်ဟု သိရသည်။

ဒေသခံများနှင့် ဖယ်ခုံ PDF တပ်ဖွဲ့ဝင်များ မျက်မြင်တွေ့သည့် ဆိုင်ကယ်နှင့် ပစ်ခတ်ခံရသည့် အမျိုးသားနှစ်ဦး၏ အခြေ အနေနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဆက်သွယ် မေးမြန်းရာ ၎င်းက ထိုဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ခြင်း မရှိဟု ပြောသည်။

၎င်းက “မရှိပါဘူး။ ဆိုင်ကယ်နဲ့ ပတ်သက်တာ မုံရွာဘက်မှာပဲ ရှိတယ်။ မုံရွာ အရာတော်ဘက်မှာ လုံခြုံရေး ယူတာ ည ၈ နာရီ ၁၅ လောက်မှာ လုံခြုံရေး ယူတဲ့နားမှာ မောင်းပြေးတာ အဲဒါနဲ့ ပစ်ခတ်လိုက်တာရှိတယ်” ဟု ပြောသည်။

ဖယ်ခုံမြို့နယ်တွင်း စက်တင်ဘာ ၈ ရက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ရှိသော်လည်း ဖယ်ခုံ PDF ဘက်မှ ပစ်ခတ်ပြီး ပြန်ပြေးသွားသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ဆိုင်ကယ် စီးနင်းလာသည့် အမျိုးသား နှစ်ဦးကို ပစ်ခတ်ပြီး လူရောဆိုင်ကယ်ပါ စစ်ကားပေါ် တင်လိုက်သည်ကို မျက်မြင်တွေ့သည့် ဖယ်ခုံ PDF တပ်ဖွဲ့ဝင် အချို့နှင့် ဒေသခံများသည် ပစ်ခတ်ခံရသူ နှစ်ဦးမှာ ဖယ်ခုံမြို့တွင်းနှင့် ကျေးရွာများဘက်မှ ဒေသခံများ ဟုတ် မဟုတ်၊ လူပျောက်ဆုံးခြင်း ရှိ မရှိ စုံစမ်းလျက် ရှိကြောင်း သိရသည်။

စစ်ကောင်စီကို ဆန့်ကျင်၍ တော်လှန်ရေး လုပ်ကိုင်နေသည့် ဒေသခံ အမျိုးသမီးတဦးကလည်း “မနေ့က ပစ်ခံရတာ ကျမတို့ အဖွဲ့ဝင် မဟုတ်ဘူး။ သူတို့က တခြားကျေးရွာတွေက ခရီးသွားတွေ ဖြစ်နိုင်တယ်။ ကျမတို့လည်း ဖယ်ခုံမြို့ပေါ် ရပ်ကွက်တွေကိုလည်း လိုက်စုံစမ်းတယ်။ အဲဒီလို လူငယ်တွေ ကလေးတွေ ပျောက်တာ မရှိဘူး။ ကျမတို့ တခြား ကျေးရွာတွေကိုလည်း တောက်လျှောက် လိုက်စုံစမ်းနေပါတယ်” ဟု ပြောသည်။

ဖယ်ခုံ- ပင်လောင်း ကားလမ်းမသည် လွိုင်ကော်-တောင်ကြီး အဝေးပြေး ကားလမ်းမကြီး၏လမ်းပိုင်း ဖြစ်သဖြင့် ဖယ်ခုံမြို့နယ်တွင်းမှ ဒေသခံများသာမက မြို့နယ်အသီးသီးမှ ဒေသခံများသည်လည်း ခရီးသွားလာရာ၌ အသုံးပြုကြ သဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားနှစ်ဦးသည် အခြားရပ်ရွာများမှလည်း ဖြစ်နိုင်သည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ဖယ်ခုံPDF တပ်ဖွဲ့သည် စက်တင်ဘာ ၈ ရက်က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ထားသည့် အပြင် ထိုနေ့ ညနေပိုင်းတွင်လည်း တောင်ပို့ကြီးကျေးရွာနှင့် ကဖုရှေ့ကျေးရွာကြားရှိ Mytel ဆက်သွယ်ရေး တာဝါတိုင်နှင့် တာဝါတို င်အား လျှပ်စစ်မီးပေးထားသည့် မီးစက်တို့ကို ဖျက်ဆီးခဲ့သည်။

ထို့ပြင် ဖယ်ခုံ PDF သည် ဖယ်ခုံမြို့တွင်းမှ လူထုများ မလိုအပ်ဘဲ ခရီးဝေး မသွားရန်၊ လူထု အနေဖြင့် အခြေခံ စား သောက်ကုန်များနှင့် ဆေးဝါးများကို စုဆောင်းထားကြရန်၊ စားသောက်ကုန်နှင့် ဆေးဝါးရောင်းသူများကလည်း အမြတ်အစွန်း အဆမတန် တင်၍ မရောင်းရန်၊ ဒေသတွင်းရှိ စစ်ကောင်စီ သတင်းပေးများ၏ အခြေအနေများကို လည်း ပြန်စောင့်ကြည့်ပြီး လူထုက ဖယ်ခုံ PDF ထံ သတင်းလာပေးကြရန် စာတစောင် ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၇ ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ယာယီသမ္မတ ဒူဝါလရှီးလ က နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီး PDF တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ ဒေါက်တိုင်များနှင့် ဌာနဆိုင်ရာများ အားလုံးကို တိုက်ခိုက်ကာ ထိန်းချုပ်ထားရန် ထုတ်ပြန်ချက်များ ထုတ်ထားသဖြင့် ဒေသ အသီးသီးမှ PDF တပ်များ သည်လည်း တိုက်ပွဲများကို အရှိန်မြှင့်တင်နိုင်ရန် ပြင်ဆင်လျက် ရှိကြသည်။

You may also like these stories:

AA ထံ အမှုများ မတိုင်ကြားဖို့ မွတ်ဆလင်ရွာ လူကြီးများအား စစ်တပ်က ခေါ်ယူ သတိပေး

အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော

လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး

Did you find apk for android? You can find new Free Android Games and apps.
Loading