ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ သဘောထား ကြေညာချက်များ ထုတ်ပြန်ရာတွင် ပါတီငယ်များကို အသုံးချနေကြောင်း ဝံသာနုဒီမိုကရက်တစ်ပါတီ ပူးတွဲဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာက ဝေဖန်လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းအား တင် သွင်းမှုအပေါ် နိုင်ငံရေးပါတီ ၂၃ ပါတီ၏ သဘောထားဟုဆိုကာ ကြံ့ခိုင်ရေးပါတီက ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ရာတွင် ပါဝင်သည့် အချက်အလက်များအား ပါတီအနေဖြင့် သိရှိသဘောတူညီခြင်း မရှိဘဲ ၎င်း၏အမည်နှင့် ပါတီ အမည် ထည့်သွင်းခံရသည့်အပေါ် ကန့်ကွက်ကြောင်းလည်း ၎င်းက ဆိုသည်။
ဒေါ်နန်းရွှေကြာက “ကျမကိုယ်တိုင် မသိလိုက်ဘဲ နာမည်နဲ့ပါတီကို ဆွဲထည့်လိုက်တာက ဆန့်ကျင်ဘက် နှစ်ခုကြားထဲမှာ စတေးခံရမယ့် ဘဝမျိုး ဖြစ်သွားတယ်။ ထုတ်ပြန်မယ့် အကြောင်းအရာ ဘာတွေပါမယ်ဆိုတာ အသိပေးတာလည်း မရှိပါ ဘူး။ ဘာအစည်းအဝေးမှလည်း မတက်ဖြစ်ပါဘူး။ ဒါက အသုံးချခံပုံစံမျိုး ဖြစ်သွားတယ်။ အန္တရာယ်လည်း များပါတယ်” ဟု ပြောဆိုသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ကြံ့ခိုင်ရေးပါတီ အနေဖြင့် နိုင်ငံ့အရေးကိစ္စ ထုတ် ပြန်ကြေညာချက်များနှင့် ပတ်သက်ပြီး ကြိုတင်ဆွေးနွေးရာတွင် ပါဝင်တက်ရောက်သည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်မှ သဘောတူကြောင်း လက်မှတ်ရေးထိုးမှသာ ထည့်သွင်းဖော်ပြခြင်းဖြစ်ပြီး ၎င်းတို့ သဘောမတူပါက ထည့်သွင်းခြင်းမျိုး မည် သည့်အခါမျှ မလုပ်ခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ထို့ပြင် တချို့သောပါတီများအနေဖြင့် တက်ရောက်သည့် ကိုယ်စားလှယ်မှ လက်မှတ်ရေးထိုးခဲ့သော်လည်း ပါတီဗဟို ဘက်က သဘောမတူ ကန့်ကွက်ကြောင်း၊ ကြေညာထုတ်ပြန်ခြင်းများမှာ ၎င်းတို့ပါတီတွင်း နားလည်မှု လွဲမှားခြင်းများ သာဖြစ်ပြီး ယခုကိစ္စရပ်တွင်လည်း ဝံသာနုဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်ကိုယ်တိုင် သဘောတူခဲ့၍ ထည့်သွင်းထုတ် ပြန်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ကြေညာချက်နဲ့ ပတ်သက်လို့ အွန်လိုင်းက ဆွေးနွေးကြတဲ့အခါမှာ ဝံသာနုပါတီကလည်း သဘောတူ ခဲ့တယ်။ ဒေါ်နန်းရွှေကြာတို့ ကိုယ်တိုင်ပါပဲ။ သူတို့ပါတီတွင်း ဘယ်လို သဘောထား ကွဲလွဲမှုတွေ ရှိလဲတော့ မသိဘူး။ ကျနော်တို့ အနေနဲ့ ပါတီငယ်တွေကို အသုံးချစရာအကြောင်း လုံးဝ မရှိပါဘူး။ ကိုယ့်တိုင်းပြည်ရေးရာအတွက် လက်တွဲခေါ် တာပဲ ရှိပါတယ်။ ဒီလို စွပ်စွဲချက်တွေက လုံးဝ မှားတယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
ကြံ့ခိုင်ရေးပါတီ ဦးဆောင်သည့် ပါတီများအနေဖြင့် နိုင်ငံရေးရပ်တည်ချက်နှင့် ပတ်သက်ပြီး သဘောထား ကြေညာချက် များအား စုစည်းထုတ်ပြန်နေခြင်းမှာ နိုင်ငံရေးအင်အားစု ကြီးမားကြောင်း ပြသလိုခြင်း ဖြစ်သော်လည်း ပါဝင်သည့် ပါတီ အများစုမှာ ရွေးကောက်ပွဲ အနိုင်မရသည့် ပါတီများဖြစ်ပြီး လူထုအပေါ် ကိုယ်စားပြုနိုင်သည့် အင်အား မရှိကြောင်း ရန်ကုန် အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက မှတ်ချက်ပြုသည်။
၎င်းက “ကြံ့ခိုင်ရေးပါတီရဲ့ နောက်မှာ နိုင်ငံရေး အင်အားစုတွေ ရှိတယ်ဆိုတဲ့ပုံစံ လုပ်တာပေါ့။ ရွေးကောက်ပွဲလည်း မနိုင်ဘဲ နဲ့ ပါတီတွေ ထောင်ထားတာ။ နိုင်ငံရေးအားလည်း မရှိဘူး။ လူထုကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတာ မရှိဘူး။ အမည်ခံပေါ့။ အာဏာရှင်တွေ အသုံးချချင်လို့ ဖန်တီးထားတဲ့ သဘောလောက်ပါပဲ” ဟုလည်း ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၄ ရက်နေ့ကလည်း ၂၈ ပါတီ၏ သဘောထားဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲသစ်အား ကြိုဆိုကြောင်းနှင့် စစ်တပ်၏ လုံခြုံရေးဆောင်ရွက်မှုတွင် ပူးပေါင်းကူညီမည့်အကြောင်း ကြံ့ခိုင်ရေး ပါတီက ထုတ်ပြန်ရာတွင်လည်း “ဝ” အမျိုးသားပါတီဗဟို၏ သဘောထားမပါဘဲ ဥက္ကဋ္ဌဖြစ်သူ တယောက်တည်း သဘော ဖြင့်သာ ရေးထိုးခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံခဲ့ရသည်။
ယင်းကြေညာချက်တွင် “ဝ” အမျိုးသားပါတီဥက္ကဋ္ဌ ဦးဆိုင်းပေါင်နပ်လည်း ပါဝင်လက်မှတ်ရေးထိုးသည် ဟုဆိုကာ ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ပါတီဗဟိုက ကန့်ကွက်ခဲ့ပြီးနောက် ဦးဆိုင်းပေါင်နပ် အနေဖြင့်လည်း ဩဂုတ် ၁၁ ရက်နေ့တွင် ပါတီမှ နုတ် ထွက်သွားခဲ့သည်။
ပါတီဗဟို သဘောထားမပါဘဲ ကြံ့ခိုင်ရေးပါတီ ကြေညာချက်တွင် ပူးပေါင်းပြီး လက်မှတ်ရေးထိုးခြင်းသည် ပါတီတွင်း စည်း မျဉ်းစည်းကမ်းနှင့် ဒီမိုကရေစီစံနှုန်းများ၊ စည်းလုံးညီညွတ်ရေး ဦးတည်ချက်များနှင့် မကိုက်ညီသည့်အပြင် ပါတီအပေါ် လူ ထုယုံကြည်မှု ထိခိုက်စေကြောင်းလည်း “ဝ” အမျိုးသားပါတီက ဆိုထားသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၁၇ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ၁၅ ပါတီ ကြေညာချက်ဟုဆိုကာ ကာ/လုံအစည်းအဝေး ခေါ်သင့် ကြောင်း ကြံ့ခိုင်ရေးပါတီက ကြေညာချက် ထုတ်ပြန်ရာတွင် သဘောတူညီမှု မရှိဘဲ ပါတီအမည် ထည့်သွင်းခဲ့သည့်အပေါ် ပလောင် (တအာင်း) အမျိုးသားပါတီက ကန့်ကွက်ခဲ့ပြီး ပါတီအမည် ပြန်ပယ်ဖျက်ရန်နှင့် ယင်းသို့ ထပ်မံမပြုလုပ်ရန် သတိပေးခဲ့ရသည်။
အဆိုပါ ကြေညာချက်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲသို့ ပါတီအနေဖြင့် တက်ရောက်ခဲ့သော်လည်း သဘောတူညီမှု မရှိဘဲ အမည်ထည့်သွင်းခြင်းသည် ပါတီအမည်အား အလွဲသုံးစားလုပ်ခြင်း ဖြစ်သည်ဟုလည်း ပလောင် (တအာင်း) အမျိုးသား ပါတီက ဆိုသည်။
ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှ စတင်ပြီး ပါတီများစုစည်းကာ ကြံ့ခိုင်ရေး ပါတီ ဦးဆောင်မှုဖြင့် အစိုးရ ဆောင်ရွက်ချက်များအပေါ် ဝေဖန်ထောက်ပြသည့် ကြေညာချက်များ ထုတ်ပြန်ခဲ့သည့်အပြင် ၂၀၂၀ ဩဂုတ်လ အတွင်းကလည်း ကြံ့ခိုင်ရေးပါတီ ဦးဆောင်သည့် ၃၄ ပါတီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သွားရောက် တွေ့ဆုံပြီး ရွေးကောက်ပွဲ မမျှတမှုများ ဖြစ်လာပါက စစ်တပ်က ဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။
ထို့နောက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် NLD က အစိုးရ ဖွဲ့နိုင်သည်အထိ အပြတ်အသတ် ထပ်မံအနိုင် ရခဲ့သော်လည်း မဲမသမာမှု ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်း လိုက်သည်။
ရွေးကောက်ပွဲ မတိုင်မီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံ တောင်းဆိုခဲ့သူများထဲမှ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဝင်များ ဖြစ်လာခဲ့သည်။
ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ကြံ့ခိုင်ရေးပါတီမှ ခေါင်းဆောင် တချို့လည်း စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများ၏ ဝန်ကြီးများအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
You may also like these stories:
တကိုယ်တော် အာဏာသိမ်းမှု မဟုတ်ပါ
ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်းက စစ်ဗိုလ်ချုပ်များ၏ ထုံးစံဖြစ်သည်
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ တွေ့ကြသလား
အာဏာသိမ်း စစ်ကောင်စီတွင် အုပ်ချုပ်ရေး စွမ်းရည်နှင့် တရားဝင်မှု မရှိ