စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပြ လုံခြုံရေးအဖွဲ့တွင် မြို့နယ်တာဝန်ခံအဖြစ် တာဝန်ပေးထားသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး သန်းကျော်ခိုင်ဆိုသူမှာ မနေ့က စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း မီးပွိုင့်အနီးတွင် ကားခနရပ် ထားစဉ် အနီးကပ် ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း သိရသည်။
စစ်ဘက်သတင်းရင်းမြစ်တဦးက “သူသာ ကျည်ကာဝတ်ထားရင် ဒီလောက်ပစ်ရုံနဲ့ မသေဘူး။ ဒဏ်ရာတောင် ရချင်ရမှာ။ ထွက်လာကတည်းက စောင့်ကြည့် နေတာ ဖြစ်မှာပေါ့။ လက်ပစ်ဗုံးနဲ့ အပစ်ခံရတာလည်း မဟုတ်ဘူး။ ကားတံခါးကို မှန်ဖွင့်ထားတယ်။ မီးပွိုင့်လို နေရာမျိုးမှာ ကားရပ်တဲ့အခါ အနီးကပ်လာပြီး ပစ်သွားတာပဲ။ ဒါပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးသန်းကျော်ခိုင်ဆိုသူသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၅ သို့ တက်ရောက်ခဲ့သူတဦး ဖြစ်ပြီး တနှစ်နောက်ကျပြီး နောက် စစ်တက္ကသိုလ် အပတ်စဉ် ၄၆ တွင် ကျောင်းဆင်းခဲ့ပြီး မိသားစု ရှိသူတဦးလည်း ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်မြေပြင် လုံခြုံရေး ယူပေးရတဲ့ အဖွဲ့ပေါ့။ သူကလည်း ပေါ့တယ်။ စစ်တပ်က ဝတ်စုံပြည့် ထုတ်ပေးထားတာကို ဘာ ကျည်ကာမှလည်း မဝတ်ထားဘူး။ အဲလို သွားနေတာ။ စစ်ဆင်ရေး၊ လုံခြုံရေး တာဝန်ထမ်းဆောင်နေရရင် ဝတ်စုံပြည့် ဝတ်ဖို့ ညွှန်ကြားချက် ရှိပြီးသားပဲ”ဟု အမည်မဖော်လိုသော စစ်ဘက်အရာရှိတဦးကလည်း ပြောသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က D – Day ကြေညာပြီးနောက် ရန်ကုန်၊ မန္တလေးတို့တွင် တိုက်ခိုက်မှု ဖြစ်စဉ်များ ပိုများလာကြောင်း စစ်ကောင်စီဘက်က ဝန်ခံထားသော်လည်း NUG ၏ D – Day ကြေညာချက်မှာ သင်္ကြန်အမြောက်သာ ဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။
ယခုနောက်ပိုင်းတွင် မြို့ ပြလုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို စစ်တပ်က တိုက်ရိုက်ကိုင်တွယ်ပြီး စစ်တိုင်းမှူးများ၊ တပ်မမှူး များနှင့် မြေပြင်တပ်မှူးများက ဦးဆောင်ရကြောင်း၊ ရဲတပ်ဖွဲ့က နောက်မှ လိုက်ရသည့် အခြေအနေမျိုး ဖြစ်ကြောင်း ရန် ကုန်မြို့မှ ရဲအရာရှိတဦးက ပြောသည်။
၎င်းက “ဥပမာ ၄၄ လမ်းဖြစ်စဉ်မျိုးဆိုရင် တပ်ကပဲ တိုက်ရိုက်လုပ်သွားတာ။ ရဲက နောက်က လိုက်ရတာ။ ရဲတွေကိုလည်း သတိေ ပေးတာမျိုးလည်း မလုပ်ဘူး။ ကိုင်တာတော့ ကြမ်းတယ်။ ဒါပေမယ့် သူတို့ခေတ်ဆိုတော့ ဘာမှလည်း သွားမပြောရဲဘူး”ဟု ပြောသည်။
မနေ့က ညနေ ၄ နာရီခွဲခန့်က စမ်းချောင်းမြို့နယ်တွင် ဗိုလ်မှူး သန်းကျော်ခိုင်နှင့်အတူ တပ်သား သန့်ခိုင်ကျော်၊ တပ်သား ကျော်စွာတို့လည်း သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်များသည် ယင်းနေရာအနီးတဝိုက်တွင် သေနတ်များ မိုးပေါ် ထောင်ဖောက်ခြင်း၊ လူငယ်တ ချို့ကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ဈေးသည်များကို ကန်ကြောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မျက်မြင် တွေ့ရှိသူတချို့နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် သေနတ်များချိန်၍ ဗဟိုလမ်းတလျှောက် ဂွဈေးအထိ လည်းကောင်း၊ ဗားကရားလမ်းပေါ် တွင် စစ်ကားများဖြင့် လှည့်၍ လည်းကောင်း သေနတ်ပစ်ခတ်သူကို လိုက်လံပိတ်ဆို့ ရှာဖွေခဲ့ကြပြီး လမ်းဘေးရှိ CCTV တပ်ထားသည့် ဈေးဆိုင်များမှ Hard Disk များကိုလည်း သိမ်းယူသွားခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့ခံတဦးက “ဒီနေ့ကျတော့ လမ်းဘေးဆိုင်တွေ အကုန်သိမ်းခိုင်းတယ်။ ဂွဈေးလည်း ပိတ်ထားရတယ်။ မသိမ်းသေးတဲ့ ဆိုင်တွေကို စည်ပင်က ကားနဲ့ အကုန်လာတင်သွားတယ်။ စမ်းချောင်းမြို့နယ်ကို ဖြတ်နေတဲ့ ဗဟိုလမ်းကိုလည်း တလမ်းမောင်း လုပ် လိုက်တယ်။ အရင်ဆို ဈေးသည်တွေ ဆူညံနေတဲ့ စမ်းချောင်းက တိတ်ဆိတ်နေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး ယနေ့ နေ့လယ်ပိုင်းအထိ ဖြတ်သန်းသွားသူတချို့ကို တား၍ အိတ်များ စစ်ဆေးခြင်း၊ ဖုန်းများ စစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း၊ လမ်းသွယ်များ အတွင်းသို့ ဝင်ရောက် စစ်ဆေးခြင်း၊ တတိုက် ခြင်း အလိုက်တက်၍ စစ်ဆေးခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူများက ပြောသည်။
D – Day ကြေညာမှု မတိုင်ခင်က ရန်ကုန်နှင့် မန္တလေးတို့တွင် တိုက်ခိုက်မှု မရှိသည့် နေ့များ ရှိသလို တိုက်ခိုက်မှု အများ ဆုံးနေ့မှာ ၃ နေရာထက် မပိုကြောင်း၊ D – Day ကြေညာပြီးနောက် မနေ့က ရန်ကုန်တိုင်းတွင် တိုက်ခိုက်မှု ဖြစ်စဉ် ၅ ခု၊ မန္တလေးတိုင်းတွင် တိုက်ခိုက်မှု ဖြစ်စဉ် ၅ ခုထက်မနည်း တိုးလာကြောင်း စစ်ကောင်စီဘက်က ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။
You may also like these stories :
မြန်မာစစ်တပ် သေဆုံးမှုနှုန်း တိုးနေသော်လည်း
စစ်သားမရှိတဲ့ ဗိုလ်ချုပ်၊ စစ်သားမပါတဲ့ စစ်တပ်