ကိုဗစ် တတိယလှိုင်း ရိုက်ခတ်မှု မြင့်မားခဲ့သည့် ရန်ကုန်၊ မန္တလေး နှင့် စစ်ကိုင်းတိုင်းတွင် ကူးစက်မှု သိသာစွာကျဆင်းလာ သည် ဆိုသော်လည်း အခြားတိုင်းနှင့်ပြည်နယ်အချို့ အထူးသဖြင့် ကျေးလက်တွင် ဖြစ်ပွားမှု ဆက်လက်မြင့်တက်နေဆဲဟု သိရသည်။
စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် အချက်အလက်များအရ ထိုသို့ ပြောဆိုရခြင်း ဖြစ်ပြီး ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် မကွေးတိုင်းတွင် ကူးစက်မှုများ မြင့်တက်နေသေးကြောင်း သိရသည်။
အဆိုပါ တိုင်းနှင့် ပြည်နယ်များရှိ လူမှုကယ်ဆယ်ရေးအသင်းများကလည်း ကိုဗစ်ကူးစက်မှုမှာ ယခုအခါ မြို့ကြီးများ ထက် ကျေးလက်ဒေသတွင် ပိုများနေကြောင်း ဆိုသည်။
ပဲခူးတိုင်း ပြည်မြို့ရှိ ပရဟိတ အဖွဲ့ဝင်တဦးက “မြို့ပေါ်မှာ ဖြစ်တာနည်းသွားပြီးတော့ နယ်တွေမှာ ဖြစ်နေတာ။ သေဆုံးနှုန်း တွေလည်း အဲဒီလိုပဲ။ ရွာဘက်ပိုင်းတွေမှာ ပိုးတွေ့များနေတာ။ မြို့ပေါ်မှာ အသွားအလာ ကန့်သတ်ထားတဲ့ လူတွေကို စစ် တာတောင် ပိုးတွေ့နှုန်းက မရှိသလောက် ဖြစ်သွားပြီ” ဟု ပြောသည်။
ကိုဗစ်ဖြစ်ပွားမှုနှင့် သေဆုံးမှု မြင့်မားခဲ့သည့် ရန်ကုန်တိုင်းတွင် သြဂုတ်လ ပထမအပတ်တွင်း ၂၀၀ နှင့် ၅၀၀ ကြားတွင် နေ့စဉ်ကူးစက်မှု ရှိနေသော်လည်း စက်တင်ဘာ ပထမပတ်တွင် ၉၀ ကျော်အထိ သိသိသာသာ ကျဆင်းသွားခြင်း ဖြစ် ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းက ဆိုသည်။
ရန်ကုန်တိုင်းတွင် ကိုဗစ်လူနာသစ် ထပ်မံတွေ့ရှိမှုမှာ သိသာစွာ ကျဆင်းလာသည့် အတွက် ယခင် ဝယ်ယူရခက်ခဲသည့် အောက်စီဂျင်သည်လည်း ဈေးအနည်ငယ်ပိုပေးရသည့်တိုင် ဝယ်ယူ၍ ရရှိနေပြီဖြစ်ကြောင်း ရန်ကုန်မြို့ အခြေစိုက် ပရဟိတ အဖွဲ့ဝင် တဦးက ပြောသည်။
“လက်ရှိမှာ လူနာတွေက တော်တော်လေးကိုပါးသွားပြီ။ တော်တော်များများ ကူးစက်ခံရတယ်။ ရောဂါအခံရှိတဲ့လူ တော် တော်များများက သေဆုံးသွားပြီ ဖြစ်တဲ့ အတွက် ထပ်သေစရာလည်း သိပ်မရှိတော့ဘူး။ ကိုဗစ်က လူတိုင်းနီးပါးလည်း ကူးပြီးသွားပြီကိုး” ၎င်းကဆိုသည်။
မြို့ကြီးများတွင် တတိယလှိုင်းအတွင်း ကူးစက်မှုနှုန်း တရှိန်ထိုးတက်လာပြီး အသေအပျောက်များခဲ့ပြီးနောက် ပြည်သူများ အနေဖြင့် ကိုဗစ်စည်းကမ်းများကို လိုက်နာလာသည့်အပြင် အမြင့်ဆုံးသို့တက်ပြီးနောက် ပြန်ကျတတ်သည့် ရောဂါပိုး၏ သဘာဝအရ ကူးစက်မှုနှုန်းများ ကျဆင်သွားခြင်း ဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်များက သုံးသပ်ပြောဆိုသည်။
သို့ရာတွင် ကျေးလက်ဒေသများတွင်မူ ကျန်းမာရေး အသိပညာ နည်းပါးခြင်း၊ ကိုဗစ်စည်းမျဉ်း စည်းကမ်းများကို ကောင်း မွန်စွာ မသိရှိ / မလိုက်နာခြင်းများ အပြင် ကုသစစ်ဆေးမှုအပိုင်းများတွင်လည်း လိုအပ်ချက်များစွာ ရှိနေသည့်အတွက် လူဦးရေနည်းပါးသော်လည်း ကူးစက်မှု မြင့်တက်လာခြင်း ဖြစ်ကြောင်း ကိုဗစ်ကုသရေးတွင် ပါဝင်နေသည့် ဆရာဝန်တဦး က သုံးသပ်သည်။
“နယ်ဘက်တွေမှာက Health Education မရှိတာနဲ့ ကိုဗစ်ကို သေချာမသိတဲ့လူတွေ များတယ်။ နောက် စစ်ဆေးတဲ့ အပိုင်းရော၊ ဖြစ်တာနဲ့ ချက်ချင်းပြစရာ ဆေးခန်းမရှိတာရော နောက်ဘယ်သွားလို့ ဘာလုပ်ရမယ် မသိတဲ့ အပေါ်မှာ ဘာဖြစ်လို့ ဖြစ်တယ် မသိတာတွေကြောင့် တယောက်ကိုတယောက် ကူးစက်မှုတွေ မြင့်တက်သွားတာ” ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး ၎င်းက “ရန်ကုန်မှာကျ နှာစေး၊ ချောင်းဆိုးတယ်ဆိုတာနဲ့ ကိုဗစ်လား ရိုးရိုးရာသီ တုပ်ကွေးလား ဆိုပြီး ဆေး ခန်းလာတာ၊ နယ်ဘက်မှာကျတော့ ရိုးရိုးစပ်ဆေး သောက်မယ်ဆိုပြီး နေတာကနေ တယောက်ကနေ တအိမ်လုံးဖြစ် တအိမ်လုံးကနေ တရွာလုံးဖြစ် အဲဒီလို ပွားပွားလာတာပေါ့။ အဲဒီဘက်မှာ ဆေးခန်းတွေကလည်း မရှိဘူးလေ” ဟု ဆိုသည်။
ကူးစက်မှုနှုန်းများ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည့် မကွေးတိုင်းတွင် သြဂုတ်လ ပထမအပတ်တွင်း ၂၀၀ နှင့် ၄၀၀ ကြားတွင် နေ့စဉ်ကူးစက်မှုရှိနေကာ စက်တင်ဘာ ပထမ အပတ်တွင် ၂၀၀ နှင့် ၇၀၀ ကြား၊ ပဲခူးတိုင်းတွင်လည်း နေ့စဉ် ကူးစက်မှုသည် စက်တင်ဘာ ပထမအပတ်တွင် ၃၀၀ နှင့် ၅၀၀ ကြားတွင် ရှိနေသည်။
ထို့ပြင် ကချင်ပြည်နယ်တွင် သြဂုတ်ပထမ အပတ်တွင် ၁၀၀ ကျော် ကူးစက်နေရာမှ မြင့်တက်လာပြီး စက်တင်ဘာ ပထမအပတ်တွင် ကူးစက်မှုသည် ၂၀၀ နှင့် ၃၀၀ ကြားတွင် ရှိနေခြင်းဖြစ်ကာ ရှမ်းပြည်နယ်တွင်လည်း ကူးစက်သူဦးရေ သည် ၄၀၀ နှင့် ၉၀၀ ကြားတွင် ကူးစက်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်မှ စတင်ကာ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေပြီး ဗီဇပြောင်းပိုးဖြစ်သည့် Alpha, Beta, Delta နှင့် Kappa စသည့် ဗီဇပြောင်းပိုး ၄ မျိုးအထိ တွေ့ရှိထားပြီး ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ ကိုဗစ်တတိယလှိုင်းတွင် စက်တင်ဘာလ ၉ ရက်ထိ ပိုးကူး စက်သူ ၂၇၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၁၃,၀၄၉ ဦး အထိ ရှိပြီ ဖြစ်သည်။
ကျန်းမာရေးပညာရှင်များနှင့် ပရဟိတအသင်းများကမူ အဆိုပါ စာရင်းများသည် စစ်ကောင်စီက ထုတ်ပြန်နေသည့် ဖြစ်ပွား မှုနှင့် သေဆုံးမှုနှုန်းများသာ ဖြစ်ပြီး မြေပြင်တွင် ကိုဗစ်ဖြစ်ပွားမှုနှင့် သေဆုံးမှုများသည် အဆိုပါ ကိန်းဂဏန်းများ ထက် ပိုနိုင်ကြောင်း ဆိုကြသည်။
You may also like these stories:
ဦးဝီရသူအား အမှုရုတ်သိမ်းကာ လွှတ်ပေး
မြောင်မြို့နယ်ရှိ ချောင်းဇင်းရွာကို စစ်တပ် ပစ်ခတ် စီးနင်းပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီး
ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား