တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဆက်လက် အခြေခံနေသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး လူအများကြား ပြစ်တင်ဝေဖန်မှုများ ရှိလာသည်။
အပစ်ရပ်ဆယ်ဖွ့ဲဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပုံမှန် အစည်းအဝေးကို စက်တင်ဘာ ၇ ရက်မှ ၉ ရက်နေ့အထိ အွန်လိုင်းမှတဆင့် ကျင်းပခဲ့သည်။
ထိုအစည်းအဝေးအပြီးထုတ်ပြန် လိုက်သည့် အဖွဲ့ခေါင်းဆောင်ကိုယ်စား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းငင်း ပြောကြားသော မိန့်ခွန်းတွင် NCA ၏ အနှစ်သာရဖြစ်သည့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်းရေးကို ဆက်လက် အခြေခံထားသည့်အပေါ် ဝေဖန်ကြခြင်း ဖြစ်သည်။
စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူလိုက်ပြီးနောက် NCA စာချုပ်သည်လည်း ပျက်ပြယ်သွားပြီ ဟု ယူဆထားသည့် ပြည်သူများအတွက် PPST ၏ ရပ်တည်ချက်မှာ မဖြစ်သင့်ကြောင်း ပြောဆိုနေကြခြင်းဖြစ်သည်။
PPST က ထုတ်ပြန်သည့် အဆိုပါ မိန့်ခွန်းတွင် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေး အပါအဝင် တိုင်းပြည်အာဏာကို အရပ်သားအုပ်ချုပ်မှုနှင့် ဒီမိုကရေစီမူဘောင်အတွင်း ဆောလျင်စွာ လွှဲပြောင်းရေး ဝိုင်းဝန်းဖြေရှာရန်၊ လူထုကို အကာအကွယ်ပေးသော လုံခြုံရေးစနစ် တည်ဆောက်ရန် စသည့် နိုင်ငံရေး ရည်မှန်းချက် ၇ ချက် ချမှတ်ထားကြောင်း ပါရှိသည်။
PPST အဖွဲ့ဝင် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထိုသို့ ဝေဖန်နေ ခြင်းများသည် ဥပဒေကြောင်း နားမလည်သဖြင့် ပြောနေကြခြင်းသာ ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုသည်။
၎င်းက “NCA ပျက်တယ်လို့ ပြောတာက NCA နဲ့ မသက်ဆိုင်တဲ့ သူတွေက ပြောတာပါ။ NCA ပျက်တယ်။ ရှိတယ်ဆို တာက NCA မှာပါတဲ့ Partner တွေကပဲ ဆုံးဖြတ်ရမှာပါ။ လင်မယားကွဲပြီလို့ ပြောတာက သက်ဆိုင်တဲ့သူပဲ ပြောရမှာ ဘေးလူတွေက ပြောနေတာက ဥပဒေကြောင်း နားမလည်လို့ပါ” ဟု ပြောသည်။
ဥပဒေ အထောက်အကူပြုအဖွဲ့ တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ တဦးဖြစ်သူ ဦးအောင်ထူးကမူ လက်ရှိ နိုင်ငံရေး အခြေအနေအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် မဖြစ်နိုင်သဖြင့် NCA အနှစ်သာရကို ဆက်လက် အခြေခံနေခြင်းသည် လွဲမှားနေကြောင်း သုံးသပ်သည်။
၎င်းက “နိုင်ငံရေး ပြဿနာကို ဥပဒေစိုးမိုးရေး အခြေခံကရှင်းဖို့ လိုအပ်လာတယ်။ အဲဒါက အရင်းခံပြဿနာ။ ဥပမာ ဖမ်းဆီးခံ ထားရသူတွေ လွှတ်ပေးတယ်ဆိုတာက ဘာကိုပြောသလဲဆိုတော့ ဖမ်းထားတဲ့သူတွေကို လွှတ်ပေးရုံနဲ့ ဖမ်းဆီးသူကို ခွင့်လွှတ်ပေးရမယ် ဆိုတဲ့သဘော ဖြစ်နေတယ်။ ဘာဖြစ်လာသလဲဆို ပြစ်မှုကျူးလွန်တာတွေက ထပ်ခါထပ်ခါ ဖြစ်နေ တယ်” ဟု ဆိုသည်။
ထို့ပြင် ဥပဒေစိုးမိုးရေး တည်ဆောက်သွားမည်ဆိုသည့် လမ်းကြောင်းမှ မချဉ်းကပ်ပါက မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေးရရန် မဖြစ်နိုင်ကြောင်း ဦးအောင်ထူးက သုံးသပ်သည်။
လူထုက စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်နေချိန်တွင် တော်လှန်ရေး အဖွဲ့များဟု အမည်ခံထားသည့် PPST သည် လူထု၏ ဆန္ဒနှင့် မကိုက်ညီသော လမ်းစဉ်များကိုသာ ဆက်လက် ကိုင်စွဲနေသည်ဟု လည်း ၎င်းက ဝေဖန်သည်။
ဦးအောင်ထူးက “တကယ်တော့ တော်လှန်ရေး အဖွဲ့အစည်း အမည်ခံထားသော်လည်း တော်လှန်ရေးအပေါ် မယုံကြည်ဘူး။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ် တိုက်ရမယ်ဆိုတာကို မယုံကြည်ဘူး။ အာဏာရှင်တွေနဲ့ပဲ ရသမျှလေး မျှဝေပြီး နှစ်ဖက်လှုပ်ရှားသာတဲ့ အခြေအနေလေးကိုပဲ မြွေမသေတုတ်မကျိုး ဆက်သွားပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် ဗမာ ပြည်ကြီး အခုလိုပဲ နစ်သထက်နစ်နေတဲ့ အခြေအနေကိုပဲ ကြည့်နေချင်တာက ပိုများတယ်။ စွန့်စွန့်စားစား တိုက်ပွဲဝင် ပြီးတော့မှ စနစ်တခုလုံး ပြောင်းဖို့အတွက်ကို အားမသန်ဘူး” ဟု မှတ်ချက်ပြုသည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း PPST ၏ နိုင်ငံရေး ရည်မှန်းချက်များသည် အပေါ် ယံကြည့်ပါက ကောင်းမွန်သော်လည်း လက်တွေ့ အကောင်ထည်ဖော်ရန် ဆိုပါက ဖြစ်နိုင်ခြေနည်းကြောင်း သုံးသပ် သည်။
၎င်းက “ပြည်တွင်း အခြေအနေကလည်း နိုင်ငံရေးအခြေအနေအရရော၊ စစ်ရေးအခြေအနေအရရော အရမ်းတင်းမာတယ်။ တဖက်နဲ့ တဖက်က အပြုတ်တိုက်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ရင်ဆိုင်နေတာပေါ့။ အဲဒီ အခြေအနေမျိုးမှာ စေ့ စပ်ဆွေးနွေးရေး ဆိုတာက အချိန်အခါမသင့်ဘူး။ PPST ရဲ့ ဆုံးဖြတ်ချက်တွေက အပေါ်ယံကြည့်ရင်တော့ ကောင်း တယ်။ လက်တွေ့ ပြည်တွင်းမှာတော့ အဲဒါကို အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ခြေနည်းတယ်” ဟု ဆိုသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက မြန်မာ့နိုင်ငံရေး ပြဿနာများ ဖြေရှင်းရန် နည်းလမ်းပေါင်းများစွာရှိပြီး ယင်းနည်းလမ်းများ အနက် စေ့စပ်ဆွေးနွေးရေးသည်လည်း နည်းလမ်းတခုဖြစ်ကာ တတ်နိုင်သမျှ နည်းလမ်းအားလုံး ထုတ်သုံး၍ လိုချင် သည့် ပန်းတိုင်ရရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောသည်။
၎င်းက “ဒီအတိုင်း ထိုင်ကြည့်နေလို့တော့ မရဘူး။ NUG ကြေညာတာကလည်း နည်းတနည်းပေါ့။ နိုင်ငံတကာ ဖိအား လည်း နည်းတနည်းပေါ့။ အာဆီယံလည်း နည်းတနည်းပေါ့။ နည်းတွေက အများကြီး ရှိပါတယ်။ နည်းတွေအားလုံး အကုန် ထုတ်သုံးရမယ်” ဟု ဆိုသည်။
PPST ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် နိုင်ငံရေး ညှိနှိုင်းမှုများ ပြုလုပ်ရန် NCA လက်မှတ် ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြသည်။
အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် PPST တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်သည်။
အဆိုပါ ၁၀ ဖွဲ့အနက် CNF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းသည့် ပထမဆုံးသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး KNU လက်အောက်ခံ တပ်မဟာအချို့သည်လည်း NUG နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသည်။
You may also like these stories:
NCA စာချုပ် ပျက်ပြီဟု KNU Concerned Group ကြေညာ
အဓမ္မ အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်သည်ဟု KNU Concerned ပြော
အရေးပေါ်ကာလပြီးပါက ရွေးကောက်ပွဲ ပြန်ကျင်းပ၍ အာဏာပြန်လွှဲပေးမည် ဟုဆို
နိုင်ငံရေး ထောင်ချောက်ထဲ မဝင်ရန် NLD ထောက်ခံသူများပြော