ကယားတွင် ဒေသခံ ၂၆ ဦးကို စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီး
ကယားပြည်နယ်အတွင်း ယခုရက်ပိုင်းအတွင်း အရပ်သား ၂၆ ဦးကို စစ်ကောင်စီက မသင်္ကာမှုဖြင့် ထပ်မံဖမ်းဆီးခြင်း ခံထားရသည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဧရာဝတီကို ပြောသည်။
ဖမ်းဆီးခံရသူများသည် သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၁၂ ရက်အတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး တပ်များကြား စစ်ရေး တင်းမာနေသည့် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ ကိုဗညားက “ဒီရက်ပိုင်းထဲမှာ ဖမ်းခံရတာ လွိုင်ကော်မြို့၊ တီးလုံ အုပ်စုထဲမှာ ၁၂ ယောက်၊ ဒီးမော့ဆိုမှာ ၅ ယောက်၊ လွိုင်ကော်၊ ရွာတန်းရှည်မှာ ၅ ယောက်၊ တနိုင်တပိုင် သစ်တင်တဲ့ ကား ဖမ်းခံရတာ ၄ ယောက်၊ စုစုပေါင်း ၂၀ ကျော် ရှိပါတယ်” ဟု ပြောသည်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့သည် ကယားပြည်နယ်တွင်း လူ့အခွင့်အရေး ပညာပေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လူထု၏ လူ့အခွင့်အရေး အခြေအနေ၊ စစ်ရေးပဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို စောင့်ကြည့် မှတ်တမ်းတင်ကာ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများထံသို့ ကယားပြည်နယ်၏ လူ့အခွင့်အရေး အခြေအနေများကို ပေးပို့ခြင်းများ ပြုလုပ်နေသည့် လွတ်လပ်သည့် အရပ်ဘက် အဖွဲ့အစည်း ဖြစ် သည်။
၎င်းတို့အဖွဲ့မှ အတည်ပြုထားချက်အရ လွိုင်ကော်မြို့၊ တီးလုံကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခံရသည့် ၁၂ ဦးအနက် ၈ ဦးသည် မည်သူမည်ဝါများ ဖြစ်သည်ကို အတည်ပြုထားနိုင်ပြီး ဖမ်းဆီးခံရသူများ အားလုံးသည် ယာခင်းသွားသည့် လယ်သမားများ ဖြစ်သည်ဟု ကိုဗညားက ပြောသည်။
ဒီးမော့ဆိုမြို့နယ်တွင်း ဖမ်းဆီးခံရသည့် ၅ ဦး အနက် ၁ ဦးသည် ဒေါပိုးစီကျေးရွာမှ ဒေသခံဖြစ်ကာ ကျန် ၄ ဦးသည် စံပြ ၆ မိုင်ကျေးရွာမှ ဒေသခံများ ဖြစ်သည်ဟု ဆိုသည်။
စံပြ ၆ မိုင် ကျေးရွာမှ ဖမ်းဆီးခံရသည့် ၄ ဦးထဲမှ ၂ ဦးသည် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် မောင်ဖီဒေးလယ်နှင့် မောင်ပါစကွားလယ်တို့ ဖြစ်ပြီး လူမှုကွန်ရက်၌ ပျံ့နှံ့လာသည့် ဓာတ်ပုံထဲမှ လူငယ်နှစ်ဦး ဖြစ်သည်။
၎င်းတို့အား ကြိုးတုပ်၍ ရိုက်နှက်ထားကာ စစ်အာဏာရှင်စနစ်အား ကန့်ကွက်သည့် သင်္ကေတ လက်သုံးချောင်း ထောင်ထားသည့် ပုံကို စစ်ကောင်စီတပ်သားများဘက်မှ လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။
စစ်ကောင်စီတပ်သားများသည် ဓာတ်ပုံထဲပါဝင်သည့် လူငယ်နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခြင်း မပြုလုပ်မီ နောက်ဆုံး ဆန္ဒပြောရန် မေးရာ လက်သုံးချောင်းထောင်၍ အရေးတော်ပုံ အောင်ရမည်ဟု ပြောဆိုသွားကြောင်း စာများ ရေးသား ကာ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ပုံသည် လူမှုကွန်ရက်အသုံးပြုသည့် လူထုကြား ပျံ့နှံ့သွားပြီး ဒီးမော့ဆိုမြို့နယ်မှ ဒေသခံများ၊ အရပ် ဘက် အဖွဲ့အစည်းများက စုံစမ်းရာတွင် စံပြ ၆ မိုင်ကျေးရွာမှ လူငယ်နှစ်ဦး ဖြစ်နေသည်ကို အတည်ပြုနိုင်ခဲ့ပြီး ဆက်လက် စုံစမ်းရာတွင် စစ်ကောင်စီ၏ စစ်ကြောရေး စခန်းသို့ ပို့ခံလိုက်ရပြီဖြစ်ကြောင်း သိရှိရခြင်း ဖြစ်သည်။
လွိုင်ကော်မြို့နယ်၊ ရွာတန်းရှည်အနီးရှိ လမ်းဆုံတွင် ဖမ်းဆီးခံရသည့် အမျိုးသား ၅ ဦးသည် စစ်ကောင်စီတပ်များက ဖုန်းများ စစ်ဆေးရာတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် ဓာတ်ပုံများ ပါရှိနေခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။
နောက်ဆုံးဖမ်းဆီးခံရသည့် အမျိုးသား ၄ ဦးသည် ဒီးမော့ဆိုမြို့နယ်တွင်း သစ်တင်ကားများ မောင်းနှင်ကြသူများ ဖြစ်ပြီး စက်တင်ဘာ ၉ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။
ကိုဗညားက “လွိုင်လင်အုပ်စုက အားလုံး အရပ်သားတွေပါ။ ကျနော်တို့ စုံစမ်းထားတာ အားလုံး အရပ်သားတွေပါ။ တပ်မ ၆၆ က ဖမ်းတာပါ။ ဒေါပိုးစီမှာ ပျောက်သွားတဲ့တယောက်က ဘယ်သူဖမ်းသွားလဲ မသိဘူး။ ၆ မိုင်က ၄ ယောက်က ခမရ ၄၂၇ ထဲမှာ ဖြစ်ဖို့ များတယ်။ သူတို့ကိုလည်း တပ်မ ၆၆ က ဖမ်းတာ။ စီးပွားရေးအုပ်စု ၄ ယောက် ကတော့ လွိုင်ကော်ရဲစခန်းကို ပို့လိုက်တယ်။ဒါလည်း တပ်မ ၆၆ က မိတာပဲ။ လွိုင်ကော် GTC နားမိတဲ့ ၅ ဦးကလည်း ဂိတ်မှာ ဖုန်းစစ်ပြီး ဖမ်းတာ။ သူတို့ကိုတော့ ဘယ်ကို ပို့လဲ မသိရပါဘူး” ဟု ပြောသည်။
စစ်ကောင်စီ တပ်များသည် သြဂုတ်အတွင်းကလည်း ၎င်းတို့နှင့် ကရင်နီ တော်လှန်ရေးတပ်များကြား တိုက်ပွဲပြင်းထန် နေချိန်တွင် နေရပ်စွန့်ခွာထွက်ပြေးသည့် စစ်ဘေးရှောင်ဒုက္ခသည်များ၊ ထွက်ပြေးရာမှ နေအိမ်သို့ ပြန်၍ စားနပ်ရိက္ခာ ဆန်များ ပြန်သယ်သူများထဲမှ အချို့ကို ဖမ်းဆီးခဲ့ဖူးသည်။
သြဂုတ်လအတွင်း ဒီးမော့ဆိုမြို့နယ်မှ အသက် ၁၅ နှစ်အရွယ် ကလေး အပါအဝင် အမျိုးသား ၇ ဦးကို ဖမ်းဆီးခဲ့ သည်။
ဖရူဆိုမြို့နယ်တွင်လည်း အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၇ ဦးကို ဖမ်းဆီးကာ ခြေမြန်တပ်ရင်း ခမရ ၅၃၁ ဝင်းထဲ၌ ချုပ်နှောင် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။

သြဂုတ်လအတွင်း ဖမ်းဆီးမှုများထဲတွင် ဒီးမော့ဆိုမြို့နယ်တွင်း ဖမ်းဆီးသည့် အသက် ၁၅ နှစ်အရွယ် ကလေးနှင့် အမျိုးသား ၃ ဦး၊ စုစုပေါင်း ၄ ဦး ကိုသာ စက်တင်ဘာ ပထမပတ်တွင် ပြန်လွှတ်ပေးခဲ့ပြီး ကျန်ဖမ်းဆီးခံရသူများ၏ သတင်းများမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ကရင်နီလူ့အခွင့်အရေး အဖွဲ့မှ စုံစမ်း အတည်ပြုထားချက်အရ စစ်ရေးပဋိပက္ခဖြစ်နေစဉ် ကာလအတွင်း စစ်ကောင်စီ က အရပ်သားများကို မသင်္ကာမှုဖြင့် ဖမ်းဆီးရာတွင် ရဲစခန်းသို့ ပို့ဆောင်ခြင်း မပြုလုပ်ဘဲ တိုက်ပွဲပြင်းထန်နေသည့် ရှေ့တန်းနယ်မြေသို့ ကြိုးဖြင့် တုပ်နှောင်ခေါ်ဆောင်သွားကာ လမ်းပြခိုင်းခြင်း၊ လူသားဒိုင်း လုပ်ဆောင်ခြင်း၊ ရိုက်နှက်၍ ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်သည်ကို တွေ့ရသည်ဟု သိရသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ၊ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကယားပြည်နယ်တွင်း တိုက်ပွဲများတွင် ၎င်းတို့၏ တပ်ဖွဲ့ များအနေဖြင့် အရပ်သားများကို ဖမ်းဆီးခြင်း မရှိဘဲ လက်နက်ခဲယမ်းဖြင့် ဖမ်းမိသူများ၊ ၎င်းတို့ကို တိုက်ခိုက်နေသူများ ကိုသာ ဖမ်းဆီးခြင်း ရှိသည်ဟု ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “PDF မဟုတ်ဘဲနဲ့တော့ ဖမ်းတဲ့လူတယောက်မှ မရှိဘူး။ တိုက်ပွဲထဲမှာပါတဲ့သူတို့၊ တိုက်ပွဲ ထဲမှာ ဖမ်းမိတဲ့သူတွေတို့ ဒါတွေပဲ ရှိပါတယ်။ ဘာအထောက်အထားမှ မရှိဘဲနဲ့တော့ ဖမ်းစရာလည်း အကြောင်း မရှိဘူး။ ဖမ်းမိတဲ့ သူတွေမှန်သမျှ လက်နက်နဲ့ ခဲယမ်းနဲ့မိတဲ့သူတွေချည်းပဲ။ စစ်ဆေးတာတော့ ရှိကောင်းရှိလိမ့်မယ်။ ဒါကလည်း လုံခြုံရေးအတွက် စစ်ဆေးနေတာ။ ဒါပဲ” ဟု ပြောသည်။
စစ်ကောင်စီတပ်များက ကယားပြည်နယ်တွင်း၌ တိုက်ပွဲတွင်း တွေ့သည့် အရပ်သားများကို ဖမ်းဆီးခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခြင်းများ ရှိနေသဖြင့် စစ်ကောင်စီတပ်များအပေါ် ကြောက်လန့်မှုများ ရှိနေသည်ဟု ဒေသခံများ ပြောဆိုနေသည်များနှင့် ပတ်သတ်၍ မေးမြန်းရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကယားပြည်နယ်တွင်း ပုန်ကန်ထကြွမှု လုပ် သည့်ရွာများမှအပ ကျန်နေရာများ အားလုံးတွင် အေးဆေးတည်ငြိမ်ပါသည်ဟု ပြန်လည် တုံ့ပြန်ဖြေဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်၊ မနက်ပိုင်းမှစ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီး ယာယီသမ္မတ ဒူဝါလရှီးလကလည်း PDF တပ်များအားလုံး စစ်ကောင်စီ၏ ယန္တရားများကို ဖြိုဖျက်ပြီး ထိန်း ချုပ်ရန်၊ တိုက်ခိုက်ကြရန်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံးကလည်း မိမိတို့ နယ်မြေများကို ထိန်းချုပ်ထား ရန် ပြောဆိုထားသည်။

ထိုသို့ ကြေညာပြီးနောက်တွင် ဒီးမော့ဆိုမြို့နယ်၏ အဆုံး၊ လွိုင်ကော်မြို့နယ်အစပ်၌ တည်ရှိသည့် ဒေါပိုးစီကျေးရွာ တွင် စစ်ကောင်စီတပ်များက ဝင်ရောက် စခန်းချထားပြီး လှည့်လည်သွားရာနေရာ ကရင်နီတော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီး ညနေ ၆ နာရီဝန်းကျင်တွင် ဒေါ့ပိုးစီကျေးရွာတွင် စခန်းချထားသည့် စစ်ကောင်စီတပ်များက လက် နက်ကြီး ကျည်များဖြင့် ပစ်ခတ်ရာ ပြည်ထောင်စုလမ်းမကြီး တလျှောက်ရှိ ၅ မိုင်ကျေးရွာနှင့် စံပြ ၆ မိုင်ကျေးရွာ အတွင်းမှ အရပ်သားနေအိမ် ၆ လုံး မီးလောင် ပျက်စီးခဲ့သည်။
ဒေါ့ပိုးစီကျေးရွာအပါအဝင် ၅ မိုင်ကျေးရွာ၊ စံပြ ၆မိုင်ကျေးရွာ၊ ဝမ့်လထွား၊ ဒေါခလိုက်လင်း၊ ထေးထူဗျနှင့် ငွေတောင် ကျေးရွာတို့မှ ဒေသခံများ အားလုံးနီးပါး ထွက်ပြေးကြရသည်။
စက်တင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေး တပ်များကြား တိုက်ပွဲများ ဖြစ်ပွား ထားပြီး လက်ရှိအချိန်ထိလည်း စစ်ရေး တင်းမာနေကြဆဲ ဖြစ်သည်။
စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်နေသည့် ကရင်နီ တော်လှန်ရေးတပ်များသည် ကရင်နီ တပ်မတော် (KA)၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ဖြစ်သည်။
KNDF တပ်ဖွဲ့ဝင်တဦးက ဒေါပိုးစီကျေးရွာမှ ငွေတောင်ကျေးရွာ တလျှောက် လုံးရှိ ပြည်ထောင်စုလမ်းမကြီးနှင့် ကျေး ရွာများကို စက်တင်ဘာ ၁၂ ရက်မှစ၍ ယနေ့ထိ ကရင်နီတော်လှန်ရေးတပ်များ က ဝင်ရောက်လှုပ်ရှားကာ ထိန်းချုပ် ထားသည်ဟု ပြောသည်။
KNDF တပ်ဖွဲ့ဝင် က “စစ်ကောင်စီက ရက်တိုင်း၊ နာရီတိုင်း လှုပ်ရှားနေတယ်။ ကျနော်တို့ကလည်း သူတို့ လှုပ်ရှားတဲ့ နေရာတွေကို လိုက်ပိတ်နေတယ်။ အဲဒါကြောင့် သူတို့ သိပ်မလှုပ်ရှားတာ တရက်နှစ်ရက်ရှိပြီ။ ဒေါပိုးစီဘုန်းကြီး ကျောင်းမှာနေတဲ့ စစ်ကောင်စီအဖွဲ့ကလည်း ပြန်ဆုတ်သွားပြီ။ သူတို့စခန်းမှာ သူတို့နေရင် ကျနော်တို့ ဘာမှ မလုပ် ဘူး။ ကျေးရွာမှာ လာနေရင်တော့ ခုခံ တော်လှန်ရမယ်” ဟု ပြောသည်။
စက်တင်ဘာ ၁၂ ရက်မှ ယနေ့ထိ စစ်ရေးအခြေအနေ တည်ငြိမ်နေသော်လည်း အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်သဖြင့် ဒေသခံများမှာ ကျေးရွာများသို့ ပြန်လာနိုင်မည့် အခြေအနေရှိမည် မဟုတ်ဟုလည်း အဆိုပါ KNDF တပ်ဖွဲ့ဝင်က ပြော သည်။
ငွေတောင်ကျေးရွာမှ စစ်ဘေးရှောင်နေသည့် ဒေသခံ အမျိုးသမီးတဦးကလည်း တိုက်ခိုက်မှုများ ငြိမ်နေသည်မှာ ၂ ရက်ခန့် ရှိပြီဖြစ်သော်လည်း လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များက လမ်းတလျှောက် ကင်း ပုန်းများ ဝပ်ကာ ဖြတ်သန်းသွားလာသည့် အရပ်သားများကို စစ်ဆေးခြင်း၊ မသင်္ကာပါက ဖမ်းဆီး ရိုက်နှက်ခြင်းများ ပြုလုပ်နေသဖြင့် နေရပ်ရင်းရွာသို့ ပြန်ရန် အစီအစဉ် မရှိသေးကြောင်း ပြောသည်။

၎င်းက “အစစ်ဆေး များတယ်။ အထူးသဖြင့် ယောက်ျားလေးတွေဆို ပိုစစ်တယ်။ အရင်က ဘယ်သွားမှာလဲ။ ဘာလုပ် မှာလဲ ဒီလောက်ပဲ။ အခု စစ်ရင် နာမည်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ ဘယ်သွားမှာလဲ။ ဘယ်သူပါလဲ။ ဆိုင်ကယ်နံပါတ်၊ ကားနံပါတ် အကုန်စစ်တယ်။ ဖုန်းဆိုရင် Galleryတွေ Contact တွေ အကုန်စစ်တယ်။ အခန့်မသင့်ရင် ပုံတချို့တွေ့ရင် မသင်္ကာရင် ဖမ်းတော့ တော်တော်များများက မပြန်ကြတာပါ။ အစစ်အဆေးက တော်တော်ကျပ်ပါတယ်” ဟု ပြော သည်။
ငွေတောင်ကျေးရွာသည် ဇွန်လအတွင်း စစ်ရေးပဋိပက္ခ တင်းမာချိန်ကလည်း ရွာလုံးကျွတ် ထွက်ပြေးရချိန်၊ ရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့များက စခန်းချကာ အိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းခံခဲ့ရသည့် ရွာဖြစ်သဖြင့် ယခုအကြိမ်တွင် လည်း နေအိမ်များ ထပ်မံ ဖောက်ထွင်းခံရမည်ကို စိုးရိမ်သည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ဆက်လက်ပြီး ၎င်းက “အခြေအနေက ဆိုးသထက်ဆိုးနေတယ်။ ဒီလိုအခြေအနေတွေကို ကျမတို့ ခါးစည်းရင်ဆိုင် ထားရလို့ ဒီတော်လှန်ရေးကို ကျမတို့ အမြန်ဆုံး အောင်မြင်ချင်တယ်။ အရေးတော်ပုံလည်း အောင်ရမယ်။ အာဏာရှင် ကျဆုံးရင် ကျမတို့ ကျေနပ်တယ်။ ကျမတို့ စွန့်စားခဲ့ရတာခံစားရတဲ့ ဒုက္ခတွေအတွက် ကျေနပ်မယ်” ဟုလည်း ပြော သည်။
ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်သည် NUG က အရေးပေါ် အခြေအနေ ကြေညာပြီးသည့်နောက်မှ တိုက်ပွဲ ဖြစ်ပွားခြင်း မဟုတ်ဘဲ မေ၂၁ ရက်မှစ၍ စစ်ကောင်စီကို ကရင်နီ တော်လှန်ရေးတပ်များက တိုက်ခိုက်နေကြခြင်း ဖြစ် သည်။
မေလမှ စက်တင်ဘာ ၁၂ ရက်အတွင်း ကရင်နီ တော်လှန်ရေး တပ်များနှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာနေချိန် တွင်လည်း ဒီးမော့ဆိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ၊ လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘော်လခဲမြို့နယ် များမှ ကျေးရွာများ အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းမှ ကျေးရွာများ စုစုပေါင်း ရွာ ၁၀၀ ကျော် သည် ရွာလုံးကျွတ် ထွက်ပြေးကာ စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ စာရင်းအရ ကရင်နီပြည်ဟု ကရင်နီလူမျိုးများ ခေါ်ဆိုသည့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့တွင် ဒေသခံဦးရေ တသိန်းခွဲသည် စစ်ရေးပဋိပက္ခ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သိရသည်။
၂၀၁၉ ခုနှစ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းအရ ကယားပြည်နယ်သည် လူဦးရေ ၂ သိန်း ၈ သောင်း ကျော် ရှိသည့် ပြည်နယ်တခုဖြစ်ရာ လက်ရှိတွင် ပြည်နယ်၏ လူဦးရေ တဝက်သည် စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ် နေသည်ဟု KSCC က ဧရာဝတီကို အတည်ပြုပြောဆိုထားသည်။
You may also like these stories:
ဖယ်ခုံတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အရပ်သား ၂ ဦးကို စစ်ကောင်စီ ပစ်ခတ်၍ ခေါ်ဆောင်သွား
လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး
လူမှုကွန်ရက်တွင်ပြန့်နေသည့် ဓာတ်ပုံထဲက ကလေး ၂ ဦးမှာ ဒီးမော့ဆိုကဖြစ်