သတင်း

ဧရာဝတီဘဏ် ငွေသယ်ကား ဓားပြတိုက်မှု PDF လက်ချက်ဟု စစ်ကောင်စီစွပ်စွဲ

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်အတွင်း ဧရာဝတီဘဏ်၏ ငွေသယ်ကားမှ ဓားပြတိုက်ခံလိုက်ရသည့် ကျပ်ငွေသိန်း ၄ သောင်းကျော်နှင့် ကျူးလွန်သူတချို့ကို ဖမ်းဆီးရမိထားပြီး၊ PDF များ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စစ်ကောင်စီဘက်က စွပ်စွဲထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသား ၃ ဦးနှင့် သီလရှင်၂ ပါး အပါအဝင် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၇ ဦးကို ဖမ်း ဆီးရမိခဲ့ပြီး M 79 ဗုံးပစ်လောင်ချာ ၁ လက်၊ AK 47 သေနတ် ၂ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်တောင့် ၂၂၀၊ MK 12 သေ နတ် ၆ လက်၊ ၎င်းကျည်အိမ်မျိုးစုံ ၁၂ခု၊ အခြားဆက် စပ်ပစ္စည်းများနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကိုပါ သိမ်းဆည်းရမိကြောင်း ယနေ့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အဆိုပါ ဓားပြတိုက်ခံရမှုကို စစ်ကောင်စီကဘက်မူ ပဲခူးတိုင်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သော သပိတ် ခေါင်းဆောင်တဦးဖြစ်သည့် ကိုမျိုးကိုနှင့် ပဲခူးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF) များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲ ထားသည်။

ယင်းပြင် ဖမ်းဆီးရမိသူများထဲတွင် ပဲခူးမြို့မှ ဧရာဝတီဘဏ်မှ CDM ပြုလုပ်ထားသော ရုံးအကူတဦးလည်း ပါဝင်ကြောင်း ဆိုထားသည်။

ကိုမျိုးကို က “စကစကို တော်လှန်နေတဲ့ လူတွေ အကုန်လုံးက အခုချိန်မှာ ပုန်းလျှိုးဝှက်လျှိုးနဲ့ နေနေ ကြရတာလေ။ ပဲခူးက တော်လှန်ရေး အင်အားစု တော်တော်များများက မြို့ထဲပြန်ဝင်ဖို့တောင် အခက်အခဲများစွာနဲ့ နေနေရတဲ့အချိန်မှာ ဒီလို သာမန်အချိန်လိုမျိုး လူရှေ့ထွက်ပြီး လုပ်ပြဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြော သည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး သီးခြား မှတ်ချက်ပေးရန် မရှိသလို ယခုလို လုပ်ရပ်မျိုးကိုလည်း PDF များက လုပ်ဆောင်မည် မဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီက ထုတ်ပြန်သည့် ဖမ်းမိသူများနှင့် ငွေများ

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းတွင် ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲ (၁) မှ ငွေကျပ် ၄ ဘီလီယံခန့်အား တို ယိုတာ Hiace အမျိုးအစား ယာဉ်နှစ်စီးဖြင့် ခွဲဝေတင်ဆောင်ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာတွင် ပဲခူး မြို့နယ် ဘူးလယ်အင်း ကျေးရွာအုပ်စု၊ ရန်ကုန်- မန္တလေး ကားလမ်းအဟောင်း မိုင်တိုင်အမှတ် (၂၅၊၅) နေရာ၌ ယာဉ်ထိန်းရဲ ဝတ်စုံ ဝတ်ဆင်ထားသူ ၁ ဦးနှင့် ရဲတပ်ဖွဲ့ ဝတ်စုံ ဝတ်ဆင်ထားပြီး လက်နက် ၂ လက်ကိုင်ဆောင်ထားသူ ၂ ဦး နှင့် အရပ် ဝတ် ၄ ဦး တို့က ငွေသယ်ကားများကို တားဆီးကာ ဘဏ်ဝန်ထမ်း ၅ ဦး၏ ပါးစပ်၊ မျက်စိနှင့် လက်တို့အား တိတ်အမဲဖြင့် ချည်နှောင်ပြီး ဓားပြတိုက်သွားခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် ယာဉ်ပေါ်ရှိ ပါလာသော ငွေများနှင့် ဝန်ထမ်းများ၏ ဖုန်း ၃ လုံးတို့အား တရားခံများ စီးနင်းလာသည့် Hijet ယာဉ်ပေါ်သို့ ရွှေ့ပြောင်း တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် ရိုးမကျား (ပဲခူး PDF ရိုးမတိုင်း) ကလည်း ယခုလိုကိစ္စရပ်မျိုးအတွက် ၎င်းတို့အဖွဲ့အနေဖြင့် မူဝါဒ မရှိသလို အများပြည်သူများနှင့် အနီးစပ်ဆုံး ရှိနေသည့် နေရာများနှင့် အများပြည်သူပိုင်နေရာ မျိုးများကိုလည်း အကြမ်းဖက်ဖျက်ဆီးခြင်းမျိုး မည့်သည်အခါမှ လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း အဆိုပါ အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံတဦးက ဧရာဝတီ သို့ ပြောသည်။

၎င်းက “အခု ထုတ်ပြန်ချက်တွေက စစ်အာဏာရှင်တွေ အဆက်ဆက်က ထုတ်ပြန်သလို ထုတ်ပြန်ချက်တွေသာ ဖြစ်တယ်။ သူတို့ဘက်က ဆိုက်ဝါး ပုံစံသွင်းနေတာပဲ။ MyTel တာဝါတိုင်တွေကို ခွဲတာ PDF တွေပဲ တကယ်ခွဲတယ်၊ တကယ်တာ ဝန်ခံတယ်။ ဈေး၊ ကျောင်းတွေ၊ ဆေးရုံတွေနားမှာ ခွဲတာတွေလည်း PDF တွေ မဟုတ်ဘူး၊ ဘဏ်တွေကို ဓားပြတိုက်တဲ့ သူခိုး၊ ဓားပြ ပုံစံလုပ်တာတွေက PDF တွေ လုံးဝ မဟုတ်ဘူး” ဟု ပြောဆိုသည်။

ယခုလုပ်ရပ်မျိုးသည် စစ်ကောင်စီအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လူထုအကြား ယုံကြည်အားပေးနေမှု လျော့ကျသွားစေရန် အတွက် ရည်ရွယ်ပြီး ပုံဖျက်ခြင်းသာဖြစ်ကြောင်း PDF အဖွဲ့များနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ရှားနေကြသည့် လူငယ်များက ထောက်ပြပြောဆိုနေကြသည်။

ယခု ဓားပြတိုက်ခံရသည့် ပဲခူးတိုင်း အင်းတကော် မြို့နယ်သည် စစ်ကောင်စီ၏ တပ်မ ၇၇ လက်အောက်ခံ ခြေမြန် တပ်ရင်းများဖြစ်သည့် ၁၀၁၊ ၁၀၅ ၊ ၁၀၇ တပ်ရင်းများ နှင့် ထောက်ပို့တပ်ရင်း ၁ ရင်း အထိုင်ချထားသည် စစ်တပ်နယ် မြေတခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်တွင်လည်း ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်ကို ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁ ထောင် ပါသွားကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၇ ရက်တွင်လည်း ကျောက်မဲမြို့ရှိ KBZ ဘဏ် ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့သေးသည်။

You may also like these stories:

ကျွန်းသစ်လုံး အပါအဝင် သစ်တန် ၁ သောင်းကျော် စစ်ကောင်စီ ရောင်းချဦးမည်

စစ်ကောင်စီက စီးပွားရေး နာလန် ပြန်ထူစေမယ်တဲ့လား

ဝင်ငွေနည်း၍ စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ ကိုဗစ်ချေးငွေ အတင်းအကျပ်ပြန်တောင်းနေ

ငွေစက္ကူ အသစ်ရိုက်ထုတ်ပြီး စစ်ကောင်စီ ဘဏ္ဍာငွေ ဖြည့်တင်းနေ

Did you find apk for android? You can find new Free Android Games and apps.
Loading