စစ်ကောင်စီနှင့် ဖမ်းဆီးခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကြား လွန်ခဲ့သော ၂ လအတွင်းက ဆွေးနွေးခဲ့သည်ဟူသော သတင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုလိုက်သည်။
“ဘယ်သူမှ ကျမကို လာရောက် ဆွေးနွေးတာ မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ရှေ့နေအဖွဲ့နှင့် တွေ့ဆုံစဉ် တနင်္လာနေ့တွင် ပြောကြားကြောင်း ရှေ့နေတဦးက ပြောသည်။
“သူ့ကို ဘယ်သူလာတွေ့တယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိတယ်။ ဒါပေမယ့် ခုအချိန်ထိ စစ်ကောင်စီဘက်က ဘယ်သူမှ သူ့ ကို လာမတွေ့သေးဘူး” ဟု အဆိုပါ ရှေ့နေက ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည် နေ့ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ကြောင်း၊ နောက်ဆက်တွဲအဖြစ် ပြီးခဲ့သည့် လကလည်း စစ်ကောင်စီ အဖွဲ့ ဝင် ၂ ဦးနှင့် တွေ့ဆုံခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ ဖြစ်သော ဦးချစ်နိုင်နှင့် ဦးဝင်းရှိန်တို့ သည် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ် ၆ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ပြည်တွင်းသတဌာန တခုက ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကြောင့် တရားရုံးကြားနာမှုများ ၈ ပတ်ကြာ နှောင့်နှေးပြီးနောက် တနင်္လာနေ့ (စက်တင်ဘာ ၁၃ ရက်) က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အထူးတရားရုံး၌ ကြားနာစစ်ဆေးမှု ပြန်လည်စတင်ခဲ့ချိန် ဒေါ်အောင်ဆန်းစုကြည် သည် ကားမူးနေသည့်အတွက် တရားရုံး၌ ပျက်ကွက်ခွင့် တောင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် အခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်တန်းခေါင်းဆောင်များ ကို ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာမသိမ်းမီ နာရီအတန်ကြာကပင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကိုဗစ်-၁၉ စည်းမျဉ်းချိုးဖောက်ခြင်း၊ တရားမဝင် လမ်းလျှောက်စကားပြောစက် ပိုင်ဆိုင်ခြင်း၊ ပုန်ကန်မှုနှင့် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်ခြင်း အပါအဝင် စွဲချက် ၆ ခုဖြင့် ရင်ဆိုင်နေရပြီး ၎င်းသည် ထောင် ၇၅ နှစ်အထိ ချမှတ်ခံရမည့် အလားအလာ ရှိနေသည်။
ဇွန်လ အစောပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည်၏ ကြားနာစစ်ဆေးမှုများကို ဗီဒီယိုဖြင့်သာ ပြုလုပ်ခဲ့ရာ ၎င်း၏ ဥပဒေ အကျိုးဆောင်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်အား ဇွန်လ ၇ ရက်နေ့ တရားရုံးကြားနာမှုသို့ လူကိုယ်တိုင် လာရောက် သည့် အခါမှသာ ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် တွေ့ခွင့်ရသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲမှု ၅ ခုကို ဒီဇင်ဘာလ မတိုင်မီ ကြားနာစစ်ဆေးပြီးမည်ဟု မျှော်လင့်ရပြီး ထိုအမှုများ အတွက် သက်သေကြားနာစစ်ဆေးမှု ထက်ဝက် ပြီးစီးနေပြီးနောက် ဇူလိုင် ၁၉ ရက်နေ့တွင် ကြားနာမှုများကို ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။
ယနေ့ ရုံးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ပြန်လည်သက်သာလာပြီ ဖြစ်သည့်အတွက် တရားခွင် ကြားနာမှု ပြုလုပ်နိုင်ခဲ့ပြီး ၎င်းအပေါ် စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ အမှုနှင့်ပတ်သက်၍ စွဲချက်တင် သင့်၊ မတင်သင့်ကို လာမည့် စက်တင်ဘာ ၂၁ ရက်နေ့ ရုံးချိန်းတွင် အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်သက်သာလာ၊ အမှု စွဲချက်တင်/မတင် ရှေ့တပတ်အမိန့်ချမည်
တရုတ်ကွန်မြူနစ်ပါတီ တွေ့ဆုံပွဲ NLD တက်ရောက်မည်
အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး