သတင်း

ဦးကျော်မိုးထွန်းကို ယာယီဆက်ခန့်ထားရေး တရုတ်ဘာကြောင့် သဘောတူသလဲ

Want create site? Find Free WordPress Themes and plugins.

အာဏာသိမ်း စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် အသိအမှတ်မပြုဘဲ မြန်မာသံအမတ် ကြီး ဦးကျော်မိုးထွန်းကို ယာယီ ဆက်လက်အသိအမှတ်ပြုရန် အမေရိကန်နှင့် တရုတ်တို့အကြား သဘောတူညီမှု ရထား ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

စက်တင်ဘာ ၁၄ ရက်တွင် စတင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကုလသမဂ္ဂကိုယ်စားလှယ် စိစစ်လက် ခံရေးကော်မတီ (UN Credential Committee) က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံတမန်နေရာကို ရွေးချယ်ဆုံးဖြတ်နိုင်ဖွယ် ရှိနေစဉ် ဦးကျော်မိုးထွန်းကို ယာယီဆက်ထားရန် တရုတ် အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား သဘောတူညီမှု ရထားသည့် သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကမာ္ဘ့အင်အားကြီး နှစ်နိုင်ငံကြား သီတင်းပတ်အတော်ကြာ အချိန်ယူ၍ ကြိတ်ပုန်းခုတ် ဆွေး နွေးနေခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်အခြေစိုက် နိုင်ငံခြားရေးရာ မူဝါဒစာစောင် Foreign Policy ၏ စက်တင်ဘာ ၁၃ ရက်ထုတ် သတင်းတွင် ယုံကြည်ရသည့် သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားဖော်ပြထားသည်။

Foreign Policy သတင်းအရ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ယခုနှစ် နိုဝင်ဘာလအထိ ယာယီဆက်ထားရန် သဘောတူ ခြင်းဖြစ်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ် ဆုံးဖြတ်ရေးကော်မတီ၏ မြန်မာကိုယ်စားလှယ် နေရာ ဆုံးဖြတ်ချက်ကို နိုဝင်ဘာလ အလွန်တွင် ပြန်လည်စဉ်းစားဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ရုရှားနိုင်ငံတို့မှ အလွတ်သဘော ထောက်ခံခဲ့သည်ဟုလည်း Foreign Policy က ဆိုသည်။

ယင်းဆုံးဖြတ်ချက် အတည်ဖြစ်ပါက ကုလသမဂ္ဂ ကိုယ်စားလှယ် ဆုံးဖြတ်ရေးကော်မတီပါ တရုတ်နိုင်ငံ၏ ရပ်တည်ချက် သည် လုံခြုံရေးကောင်စီတွင် ၎င်းအစဉ်တစိုက် ကျင့်သုံးနေသည့် စစ်ကောင်စီအား အခိုင်အမာ ထောက်ခံသည့်နည်းကို မကျင့်သုံးတော့ဘဲ ကြားနေသဘောဆောင်လာမည့် အခြေအနေ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

ဦးကျော်မိုးထွန်းကို လက်ရှိနေရာတွင် နိုဝင်ဘာလအထိ ယာယီဆက်ထားခြင်းသည် ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကိုယ်စားလှယ်ကို လက်ခံလိုက်သည့်သဘော မဟုတ်ဟုလည်း သုံးသပ်မှုများ ရှိသည်။

တနင်္ဂနွေနေ့က နယူးရောက်ခ်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်သည့် ဦးကျော်မိုးထွန်းအား ထောက်ခံပွဲ (ဓာတ်ပုံ-KyawSoe Latt)

“ကော်မတီ အနေနဲ့ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းပြီး ဦးကျော်မိုးထွန်းကို အရင်အတိုင်း သူ့နေရာမှာ ဆက်ထားသွားမှာ ဖြစ် တယ်။ ဒါပေမယ့် ဦးကျော်မိုးထွန်းအနေနဲ့ ကုလသမဂ္ဂညီလာခံမှာ တိုင်းပြည်ကိုယ်စားပြု မိန့်ခွန်း မပြောရဖို့ များတယ်” ဟု တကောင်း နိုင်ငံရေးလေ့လာမှု အင်စတီကျုမှ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် သုံးသပ်ရေးသားထားသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် နေထိုင်သည့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကမူ ဦးကျော်မိုးထွန်း ကို လက်ရှိနေရာတွင် ဆက်ထားပြီး စကားပြောခွင့်မပေးရန် တရုတ်က အမေရိကန်နှင့် သဘောတူခြင်းသည် စစ်ကောင်စီ နှင့် NUG ကို မထောက်ခံဘဲ ကြားနေသည့် သဘောဖြစ်နိုင်သည်ဟု ဆိုသည်။

၎င်းက “NUG ကျတော့ လူစုံဖြစ်သွားတာကိုး။ NLD ကျ‌တော့ ၂၀၂၀ ရွေးကောက်ပွဲအရ Mandate ရထားတဲ့ ပါတီ ဖြစ်တာ ကိုး။ ဗမာပြည်ရဲ့ ရှေ့ရေးမှာ NLD ပါဖို့ လိုတယ်လို့လည်း ပြောထားတာကိုး။ ဗမာပြည်သူလူထုကလည်း ၂၀၂၀ မှာ ပုံအော ပြီး ပေးထားတာ ဖြစ်တယ်။ အဲဒီအတွက် NUG ထက်စာရင် NLD ကို ထောက်ခံပေးတာက ပိုပြီးတော့ တရားဝင်တဲ့ ပုံစံလို့ တရုတ်ဘက်က သုံးသပ်ပုံရပါတယ်။ မြန်မာပြည်မှာလည်း တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ကြီးထွားလာတဲ့ အခါ ကျတော့ အမြင်တွေကောင်းလာအောင် ကြိုးပမ်းပုံရပါတယ်” ဟု ပြောသည်။

တရုတ်ဘက်က ယခုကဲ့သို့ သဘောတူလိုက်ခြင်းသည် စစ်ကောင်စီအတွက် အရှိုက်ထိစေမည့် သတင်းဆိုးလည်း ဖြစ် ကြောင်း ဒေါက်တာလှကျော်ဇောက မှတ်ချက်ပြုသည်။

“ကုလသမဂ္ဂမှာ‌ နေရာမရဘူး ဆိုတာက သူ့ကို လူရာမသွင်းဘူးလို့ သဘောထားတာပဲ။ ဟိုတလောက ဆွန်ကော့ရှန် မြန်မာပြည် လာတဲ့ကိစ္စ ရှိတယ်။ အဲဒါကလည်း စစ်ကောင်စီကို လာပြီး အေးအေးဆေးဆေး စေ့စပ်ဆွေးနွေးဖို့ နားချတာ ထင်တယ်။ နားချလို့ မရခဲ့ဘူး။ စစ်ကောင်စီကို နည်းနည်းတော့ ဖိအားပေးမှ ဖြစ်မယ်လို့ တွက်ပုံရတယ်။ အဲဒါကြောင့် ဒီကိစ္စ ဖြစ်လာတယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားအရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း တရုတ်နိုင်ငံသည် မြန်မာ့ အရေးတွင် အုပ်စုအားလုံး ပါဝင်သည့် တွေ့ဆုံညှိနှိုင်းရေးဖြင့် ပြဿနာဖြေရှင်းရန် အဆိုပြုထားသော်လည်း မြန်မာတနိုင်ငံလုံးတွင် ပဋိပ က္ခများ တနေ့တခြား ဖြစ်ပွားလာပြီး တင်းမာမှုများ မြင့်တက်နေကြောင်း၊ ခုခံဆန့်ကျင်ရေး လုပ်ဆောင် နေသည့် အင်အားစု များကို အမေရိကန်နှင့် အနောက်အုပ်စုက သာ လက်နက် ထောက်ပံ့လိုက်ပါက မြန်မာနိုင်ငံ၏ အခြေအနေသည် ထိန်းမ နိုင်သိမ်းမရ ဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံ အတွင်းရှိ တရုတ်၏ အကျိုးစီးပွားများပါ ထိခိုက်လာနိုင်သဖြင့် အမေရိကန်နှင့် ဆွေးနွေးခဲ့ခြင်း ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။

၎င်းက “ပိုပြီး ထိန်းရသိမ်းရခက်တဲ့ အခြေအနေရောက်မှာ စိုးရိမ်ပုံရတယ်။ အဲဒီအခါကျရင် သူ့ရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နဲ့ မြန်မာပြည်မှာရှိတဲ့ သေနင်္ဂဗျူဟာကျတဲ့ အစီအစဉ် အားလုံးဟာ အချိန် အကန့်အသတ်မရှိ နောက်ရွှေ့ဆိုင်း ရနိုင်တယ်။ ဒါကြောင့် သူကိုယ်တိုင် အမေရိကန်နဲ့ ညှိနှိုင်းဖို့ လိုလာတယ်လို့ ယူဆပုံရတယ်” ဟု သုံးသပ်ပြောဆိုသည်။

ဧရာဝတီက စုံစမ်းသိရသည့် အချက်များအရ တရုတ်နိုင်ငံသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်နေရာနှင့် ပတ်သက် ၍ အခြေအနေ ၃ မျိုး စဉ်းစားထားပြီး ယင်းတို့ထဲမှ တခုကို ရွေးချယ်နိုင်ဖွယ် ရှိကြောင်း သိရသည်။

ယင်းအခြေအနေ ၃ မျိုးမှာ (၁) ဦးကျော်မိုးထွန်းကို ဆက်ထားသော်လည်း စကားပြောခွင့် မပေးသည့် အခြေအနေ၊ (၂) NUG ကိုယ်စားလှယ်နှင့် စစ်ကောင်စီ ကိုယ်စားလှယ်ကိုပါ ကုလသမဂ္ဂတွင် ထားရှိရန်နှင့် (၃) မည်သူ့ကိုမျှ ကုလသမဂ္ဂ တွင် မထားဘဲ ကိုယ်စားလှယ်ရွေးချယ်ရေးကိစ္စကို ရွှေ့ဆိုင်းထားရန်တို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာအတွက် NUG ကို ထောက်ခံသည့် သံအမတ်ကြီး ဦးကျော်မိုး ထွန်းနှင့် စစ်ကောင်စီ ကိုယ်စားလှယ်ဖြစ်သူ ဗိုလ်မှူးကြီးအောင်သူရိန်တို့ အားပြိုင်နေရသည့် အခြေအနေတွင် ဦးကျော်မိုး ထွန်းအား စကားပြောခွင့်မပေးဘဲ ယာယီဆက်ထားမည်ဆိုသည့် သတင်းများ ကျယ်ပြန့်လာခြင်း ဖြစ်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် မြန်မာနိုင်ငံမှ ပြည်သူ့ကိုယ်စားပြု သံအမတ်နေရာ ဆက်လက် ရရှိ နိုင်ရေးနှင့် ပတ်သက်၍ ၎င်းက “ပြည်သူ့အင်အားနဲ့ အောင်မြင်ရပါမယ်။ သေချာတာတခု ပြောနိုင်တာက ဒီလိုမျိုး မျက်နှာ စာမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် မရှိရဘူးဆိုတာ ပြတ်ပြတ်သားသား ပြောလိုပါတယ်” ဟု တနင်္ဂနွေနေ့က နယူးယောခ် မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်သည့် ၎င်းအား ထောက်ခံပွဲ၌ ပြောဆိုခဲ့သည်။

You may also like these stories:

အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး

Did you find apk for android? You can find new Free Android Games and apps.
Loading