ထိုင်းနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ မတ်လမှ ယခုနှစ် သြဂုတ်လအထိ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား လေးသောင်းကျော်ကို ဖမ်းဆီးမိကြောင်း ထိုင်းနိုင်ငံ အရေးပေါ်ကာလ ထိန်းချုပ်ရေး ကော်မတီက ထုတ်ပြန်ကြေညာသည်။
ယင်းကော်မတီ၏ ထုတ်ပြန်ချက်အရ လူ လေးသောင်းကျော် တရားမဝင် ဝင်ရောက်သည်ဟု သိရပြီး ၎င်းတို့အနက် သုံးသောင်းကျော်မှာ ထိုင်း-မြန်မာ နယ်စပ် ဒေသများတွင် ဖမ်းဆီးမိခဲ့ပြီး ကျန် တသောင်းခန့်မှာ ထိုင်းနိုင်ငံအတွင်း၌ ဖမ်း ဆီးရမိခြင်း ဖြစ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများသည် ကြားခံပွဲစားများအား ဘတ်ငွေ နှစ်သောင်းမှ ငါးသောင်းကြား ပေးကြ ရကြောင်း၊ ထိုကဲ့သို့ အဖမ်းခံရသည့်အခါ အများစုကို ပြည်တော်ပြန်ဟုဆိုကာ မြန်မာနိုင်ငံသို့ ပြန်လွှတ်ခံရကြောင်း အလုပ် သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
၎င်းတို့သည် မြန်မာနိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ၊ စီးပွားရေး မပြေလည်မှုများ ရှိလာသည့်အခါ အနီးစပ်ဆုံး ထိုင်း နိုင်ငံသို့ လာရောက်ကာ အလုပ်လုပ်ကြခြင်း ဖြစ်ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက ပြောသည်။
၎င်းက “မြန်မာပြည်ထဲမှာ လက်ရှိ နိုင်ငံရေး အခြေအနေအရရော ဟိုးတုန်းကတည်းကလည်း စီးပွားရေး အခြေအနေ အရရော မိသားစုဝင်ငွေ မလောက်တဲ့ အခါကျတော့ လူတွေက ထွက်ပေါက်အနေနဲ့ ထိုင်းကအနီးစပ်ဆုံး အဲဒါကြောင့် တရားမဝင်နည်းနဲ့ ပိုပြီးတော့ များတာပေါ့။ နောက်တခုက တရားဝင် အလုပ်သမားတွေပေါ်မှာ အကျိုးအမြတ်နဲ့ လုပ်နေတဲ့ ပွဲစားတွေပေါ့။ လိုင်းပေါ်မှာတွေလည်း တွေ့ရမှာပေါ့။ သွားလို့ရတယ်။ လုပ်လို့ရတယ်။ အလုပ်ရမယ်။ အထောက်အထား ရှိရှိ၊ မရှိရှိ ဆိုတာမျိုးတွေ ကြေညာနေတာမျိုးတွေလည်း တွေ့မှာပေါ့။ ဒါတွေက ဆွဲဆောင်မှုတွေလို ဖြစ်နေတာပေါ့” ဟု ဆိုသည်။
ထို့ကြောင့် ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ပွဲစားများ၏ စကားကို မယုံ ကြည်ကြရန် အရေးကြီးသည်ဟုလည်း ၎င်းက သတိပေးပြောဆိုသည်။
ဦးမိုးကြိုးကလည်း “ကိုဗစ်ကာလမှာ မြန်မာနိုင်ငံထဲမှာရော၊ ထိုင်းနိုင်ငံမှာ ရှိတဲ့ထဲမှာရော အခက်အခဲ ကိုယ်စီရှိ တာပဲ။ စားရေးသောက်ရေးဖြစ်ဖြစ် အိမ်လခပေးဖို့တောင် မရှိဘူး။ ဟန်လုပ်ပြီးနေတာ အပူရုပ်ကို ဟန်လုပ်ပြီးနေတဲ့ထဲမှာ ကိုယ်မှ သောကကြီးတယ်၊ အကျပ်အတည်းကြီးတယ်လို့ ပြောလို့မရဘူးလေ။ အခုလာကြတဲ့သူတွေက ဆန္ဒဇောကြီးတယ်။ အတ္တဇောကြီးတယ်။ အဲဒါမျိုး မလုပ်ပါနဲ့။ သူ့ကျောင်းနေရင် သူ့စာအံရမယ်။ သူ့နိုင်ငံမှာနေရင် သူ့နိုင်ငံရဲ့ဥပဒေအရ အရေး ယူခံရတော့မှ ဟိုလူကယ်ပါ၊ ဒီလူကယ်ပါ လုပ်လို့မရဘူး။ အရေးယူခံရမှာပဲ” ဟု ပြောသည်။
ထိုင်းအစိုးရက လုပ်ငန်းလိုအပ်ချက်အရ မြန်မာအပါအဝင် ကမ္ဘောဒီယား၊ လာအို အိမ်နီးချင်း ၃ နိုင်ငံမှ အလုပ်သမား လေး သိန်းကျော်အား MOU စနစ်ဖြင့် ခေါ်ယူမည်ဖြစ်ရာ ထိုထဲတွင် မြန်မာလုပ်သား နှစ်သိန်းကျော်ခေါ်မည့် အစီအစဉ် ရှိသည့် အတွက် စောင့်စားစေချင်သည်ဟုလည်း ၎င်းက ဆိုသည်။
“မကြာခင်မှာလည်း ထိုင်းနိုင်ငံက ကိုဗစ်လျော့ကျတာနဲ့အမျှ သူ့ရဲ့လမ်းပန်းဆက်သွယ်ရေး ဝင်ပေါက်တွေ၊ ဂိတ်တွေကို ဖွင့်ပေးမှာပဲ။ အဲဒီတော့ မိမိတို့ရဲ့ ဆန္ဒဇောနဲ့ လောကြီးပြီးတော့ ပွဲစားနဲ့လုပ်ရင် စိတ်လောကြီးရင် ကြီးတာနဲ့အမျှ ကိုယ်ပဲခံ ရမှာပဲ။ စိတ်အေးအေး ထားပြီးတောာ့ ရရာအလုပ်လေးနဲ့ ခဏလေး ရောင့်ရဲတင်းတိမ်ပြီးတော့ စောင့်စားပါ” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၁၅ သန်း ရှိပြီး တရားမဝင် ဝင်ရောက် နေထိုင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာလည်း ၁ သန်းကျော် ရှိနေကြောင်း သိရသည်။
You may also like these stories:
မြန်မာလုပ်သား ၆ ဦးကို ပွဲစားများက ငွေလိမ်ပြီး လမ်းခုလတ်တွင် ထားပစ်ခဲ့
ထိုင်းဆန္ဒပြပွဲတွင် နိုင်ငံခြားသားများပါဝင်လျှင် ပြည်နှင်ဒဏ်နှင့် အမည်ပျက်စာရင်းသွင်းမည်
တရားဝင်မှု ရရှိရေး စစ်ကောင်စီက အိမ်နီးချင်းများကို သယံဇာတ ထုတ်ရောင်းနေသည်
အမေရိကန်က မြန်မာကို ပိတ်ဆို့အရေးယူမှု နိုင်ငံတကာဘဏ်များအပေါ်လည်း အာရုံစိုက်