တပ်မတော်၏ အဓိကတာဝန်သည် “နိုင်ငံတော်ကာကွယ်ရေး” ဖြစ်သော်လည်း လိုအပ်ချက်အရ နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူထမ်းဆောင်နေရခြင်းဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်နှင့် တပ်မိသားစုဝင်များကို ရှင်းပြနေရသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်တပ်နယ်ရှိ စစ်သည်၊ မိသားစုများနှင့် စက်တင်ဘာ ၁၄ ရက်နေ့က သွားရောက်တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ထိုသို့ တွေ့ဆုံရာတွင် “၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု ဖြစ်ပွားနိုင်သော မဲစာရင်းကြီးမားစွာ မှားယွင်းမှုများ စိစစ်တွေ့ရှိရသဖြင့် တာဝန်ရှိသူအဖွဲ့အစည်း အဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး တင်ပြဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သည့် အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့် ရယူရန် ကြံစည် ကြိုးပမ်းမှု များကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း” ရှင်းပြခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းစဉ်ကတည်းက မဲမသမာမှုကြောင့် ယင်းသို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာက ယုံကြည်လာစေရန် ဆက်တိုက်ပြောဆိုလာခဲ့သည်မှာ ၇ လပင် ကျော်လာခဲ့ပြီဖြစ်သည်။
သို့သော်လည်း ၎င်း၏ ပြောဆိုချက်၊ လုပ်ဆောင်ချက်များကို မြန်မာပြည်သူများက လက်မခံသလို နိုင်ငံတကာ အသိုင်းအဝိုင်းတွင်လည်း ထောက်ခံမှုမရဘဲ စစ်ခေါင်းဆောင်၏ မိုက်မဲလွန်းလှသည့် လုပ်ရပ်တခု အဖြစ်ဖြင့်သာ ရှုမြင်ကြသည်။
လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်လာသည့် ဗိုလ်ကြီးလင်းထက်အောင်ကမူ တပ်ချုပ်သည် စစ်တပ်အပေါ် ထောက်ခံမှု လျော့ကျနေခြင်းအား ကာကွယ်ရန် စစ်တပ်အမာခံနေရာဖြစ်သည့် ဗိုလ်လောင်း သင်တန်းကျောင်းတွင် စည်းရုံးရေးဆင်းနေခြင်းဖြစ်ကြောင်း သုံးသပ်သည်။
“သူ့ဘက်ကို အဲဒီနေရာတွေက မထောက်ခံတော့ဘူး ဆိုတာ နဲ့ သူမထင်ထားတာတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ သူထင်လို့ သွားစည်းရုံးတယ်လို့ မြင်တယ်။ NLD က မဲခိုးတယ်ဆိုတာ ဒီအချိန်မှာ ဘယ်သူမှ မယုံကြဘူး၊ တပ်တွင်းမှာလည်း ဒါကို ရင်ထဲက လက်မခံတဲ့ သူက ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါကြောင့် သူ့ကိုထောက်ခံမှု လျော့ကျသွားမှာစိုးလို့ သူကိုယ်တိုင် သွားပြောတယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

CDM ဗိုလ်ကြီး တဦးဖြစ်သူ Captain Zero ကလည်း စစ်ကောင်စီဥက္ကဌ၏ ရှင်းပြသည့် လုပ်ရပ်နှင့်ပတ်သက်၍ “ဒီအချိန်မှာသူတို့ကို ယုံကြည်နေတာက ဒီ တပ်အသိုင်းဝိုင်း သေးသေးလေးပဲ ရှိတော့တာ၊ အပြင်က သူတို့ကို မယုံကြည်တော့ဘူး။ သူတို့အပေါ် ယုံကြည်မှု ရှိနေသေးတဲ့ တပ်တွင်းအသိုင်းဝိုင်းကို လိုက်စည်းရုံး နေတာပဲ ဖြစ်ပါတယ်။ သူတို့ကလည်း ပြင်ပနဲ့ အဆက်သွယ်ဖြတ်ခံထားရတော့ ဆက်ယုံကြည်နေကြ တာ ဖြစ်ပါတယ်။ ဒါကိုလည်း သိတဲ့အတွက် နီးစပ်ရာ အသိုင်းသိုင်းကို လိုက်ရှင်းပြနေတာပဲ ဖြစ်ပါ တယ်” ဟု သုံးသပ်သည်။
ထို့အပြင် စစ်ကောင်စီဥက္ကဌသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီမှုများ အတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်နေပြီး ပြည်သူတရပ်လုံး လိုလားတောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ပြောဆိုသေးသည်။
သို့သော်လက်တွေ့ မြေပြင်အခြေအနေတွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့် လုပ်ငန်းစဉ်တခုလုံး ရပ်တန့်နေသလို ကရင်အမျိုးသားအစည်းအရုံး (KNU) ကဲ့သို့ သော လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်နေသည့်အပြင် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် ကချင်လွတ်လပ်ရေး တပ် (KIA) ကဲ့သို့အဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်နေသည်။
ပို၍ဆိုးသည်က မြန်မာတနိုင်ငံလုံးတွင် အာဏာသိမ်းမှုနှင့်အတူ ယင်းလုပ်ရပ်ကိုဆန့်ကျင်သည့် ရာနှင့်ချီသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနိုင်ငံတဝန်း ပေါ်လာပြီး ယင်းအဖွဲ့များနှင့်လည်း တနိုင်ငံလုံးနီးပါး တိုက်ပွဲဖြစ်နေသည်။
သို့ဖြစ်ရာ ၎င်းပြောသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းလုပ်ဆောင်နေသည်ဆိုသည့် အချက်သည် လက်တွေ့ဖြစ်နိုင်ချေနည်းသည့် အခြေအနေပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ စစ်တပ်၏ ပစ်ခတ်နှိပ်စက်မှုကြောင့် လူ ၁၀၈၉ ဦးသေဆုံးပြီး လူ ၆၄၀၀ ကျော်အဖမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရသိရသည်။