ကချင်ပြည်နယ်တွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဗဟိုဌာနချုပ်နယ်မြေ ဖြစ်သည့် လိုင်ဇာမြို့အနီးသို့ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး ကျည်များဖြင့် စစ်ကောင်စီဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်း ရရှိသည်။
စစ်ကောင်စီသည် စက်တင်ဘာ ၁၅ ရက်၊ ည ၁၀ နာရီကျော်တွင် လိုင်ဇာမြို့ပတ်ဝန်းကျင်သို့ လက်နက်ကြီးကျည်များ ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
လိုင်ဇာမြို့တွင် နေထိုင်သည့် ဒေသခံတဦးက “ညက တော်တော် ကျယ်ကျယ်ကြားရတယ်။ အေးအေးဆေးဆေး နေ နေရာကနေ အသံကြားရတော့ နည်းနည်းတော့ လန့်သွားတာပေါ့။ အရင်လည်း ပစ်နေကြပဲ ဆိုပေမယ့် နည်းနည်း တော့ နားစွင့်နေရတာပေါ့။ စစ်ရေး ဆိုတာက ပြောမရဘူးလေ။ ၅ ချက်လောက် ကြားပြီးတော့ ငြိမ်သွားတယ်။ ဘာသံ မှ မကြားရတော့ဘူး” ဟု ဆိုသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီဘက်မှ တဖက်သတ် ပစ်ခတ်ခြင်းဖြစ် ပြီး KIA ဘက်မှ စက်တင်ဘာ ၁၅ ရက်၊ ညပိုင်းတွင် စစ်ကောင်စီ စခန်းများကို ဝင်တိုက်ခိုက်ခြင်း၊ စစ်ရေး လှုပ်ရှား မှုများ ပြုလုပ်ခြင်းများ မရှိခဲ့ပါဟု ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ မိုင်ဆတ်ပါ Quaratine စင်တာနားမှာ ကျတာတွေလည်း ပါပါတယ်။ ပြည်သူ လူထု ရှိတဲ့ နေရာတွေကို သိလျက်နဲ့ ဘာဖြစ်လို့ အဲဒီဘက်မှာ ပစ်တာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ တပ်စခန်းတွေ ကျနော်တို့ ရှေ့တန်းစခန်းတွေလည်း မရှိပါဘူး။ ရွာ ဖြစ်ပါတယ်။ သူတို့ အဲဒီဘက်ကို ပစ်မှတ်ထား ပစ်တာဘာကြောင့် လဲလို့တော့ မေးခွန်းထုတ်စရာပါ။ မနေ့ကလည်း ၂ လုံး ကျပြီး ပေါက်ကွဲတာ ရှိပါတယ်” ဟု ပြောသည်။
KIA၏ ဗဟိုဌာနချုပ် နယ်မြေ လိုင်ဇာမြို့အနီးတွင် စစ်ကောင်စီနှင့်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။
သို့သော် စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များ အားလုံးနီးပါးတွင် စစ်အင်အားများနှင့် လက်နက်ခဲယမ်းများကို တိုးချဲ့တပ်ဆင်ခြင်းများ ပြုလုပ်ထားပြီး လိုင်ဇာမြို့ပတ်ဝန်းကျင်အနီးရှိ စစ်ကောင်စီ၏ တပ် စခန်းများတွင်လည်း အင်အားတိုးချဲ့ထားခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ရကြောင်း KIA ဘက်က ပြောဆိုထား သည်။
သြဂုတ် ၃ ရက်၊ ညပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လိုင်ဇာမြို့ ပတ်ဝန်းကျင် မိုင်ဆတ်ပါကျေးရွာအနီးသို့ လက်နက်ကြီးကျည် ၆ လုံးထက် မနည်း ပစ်ခတ်ရာ KIA ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာများနှင့် Quarantine စင်တာများ အနီးသို့ ကျပေါက်ကွဲသဖြင့် လူထုက အထိတ်တလန့် ဖြစ်ခဲ့ရသည်။
KIAသည် စစ်တပ်က အာဏာ မသိမ်းခင်ကာလတွင် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေသဖြင့် ကချင်ပြည်နယ်တွင်း ပစ်ခတ်မှုများ မဖြစ်စေရန် ၂ နှစ်ကြာ စစ်ဆင်ရေးများကို ရပ်ဆိုင်းခဲ့သည့် တိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ကချင်ပြည်နယ်တွင်း ဆန္ဒပြနေသည့် လူထုကို ပစ်ခတ်ဖြိုခွင်းခြင်း၊ သေဆုံးမှု များ ဖြစ်လာပြီးနောက်တွင် စစ်ကောင်စီကို KIA ကို ပြန်လည်တိုက်ခ်ိုက်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
စစ်ကောင်စီနှင့် KIAသည် တနိုင်းမြို့နယ်အတွင်း၌ စစ်ရေး တင်းမာမှုများ ရှိနေပြီး စက်တင်ဘာ ၁၅ ရက်၊ မနက်ပိုင်း တွင် စစ်ကောင်စီ၏ စစ်ကြောင်းကို KIA က မိုင်းခွဲတိုက်ခိုက်ထားသည်။
You may also like these stories:
တနိုင်း- ရှင်ဗွေယန်လမ်းတွင် KIA နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာနေ
မြန်မာ့တပ်မတော်တွင် စွမ်းရည်သုံးရပ် ကင်းမဲ့သွားပြီ
ဝိုင်းမော်က အရပ်သား နေအိမ်များကို စစ်ကောင်စီ ထပ်မံ ပစ်ခတ်တိုက်ခိုက်