ထိုင်းအစိုးရက လုပ်ငန်းလိုအပ်ချက်အရ နိုင်ငံခြားသား လုပ်သားများအား MOU စနစ်ဖြင့် ခေါ်ယူရာတွင် အုပ်စု ၃ စုခွဲပြီး ခေါ်ယူသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် နိုင်ငံခြားသားစီမံခန့် ခွဲရေးဌာနက ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အုပ်စု ၃ စုတွင် ပထမအဆင့် အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီး ၁ လကျော် ကြာမြင့်ပြီး ဖြစ်သည့် အစိမ်းရောင်အဆင့်၊ ဒုတိယအဆင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး ၁ လ မပြည့်သေးသည့် အဝါရောင်အဆင့်နှင့် တတိ ယအဆင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသေးသည့် အနီရောင်အဆင့်ဟူ၍ သတ်မှတ်ထားခြင်း ဖြစ်သည်။
ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “ဒီလို အဆင့်ဆင့်ခေါ်ယူရင်းနဲ့ အဆင့် ၃ ပုဂ္ဂိုလ်၊ ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ပုဂ္ဂိုလ်တွေကိုကျတော့ တရားဝင် ဆေးတွေစစ် မယ်။ ၇၂ နာရီအတွင်း အဖြေထွက်အောင် ကြိုးစားမယ်။ အကယ်၍ ဆေးစစ်တဲ့အခါမှာ တစုံတရာ ရောဂါပိုး ရှိနေတယ်ဆို ရင် သက်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုနဲ့ ဆေးဝါးကုသမှုတွေ အားလုံးကို ထိုင်းဘက်ခြမ်းက ခေါ်ယူတဲ့ လုပ်ငန်းရှင်က ကုန်ကျငွေ ကျခံရမယ်လို့ ဖော်ပြထားပါတယ်” ဟု ရှင်းပြသည်။
အဆိုပါ ထုတ်ပြန်ချက်အရ အလုပ်ခေါ်ယူရာတွင် မြန်မာနိုင်ငံဘက်မှ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူများကို ဦးစားပေး အဆင့်အနေဖြင့် သတ်မှတ်ထားခြင်းမှာ လက်ရှိ နိုင်ငံ၏ပြည်တွင်းရေး အခြေအနေကြောင့် အခက်အခဲများ ရှိနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
ဦးအောင်ကျော်က “ကြေညာချက် ထွက်ပေါ်လာတဲ့အခါမှာ ကျနော်တို့ကတော့ ကိုယ့်ဘာသာကိုယ် မြင်ပြီးသားပေါ့။ ကိုယ့်နိုင်ငံရဲ့ လက်ရှိ ပကတိ အခြေအနေက ဘာတွေလဲဆိုတာ သိထားတဲ့အတွက်ကြောင့် အင်မတန် လွယ်ကူချောမွေ့ မယ့် လုပ်ငန်းစဉ် မဟုတ်ဘူးလို့ ယူဆတယ်။ အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ် အောက်တွေပဲ အလုပ်သမား ခေါ်ယူတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံမှာ အဲဒီအရွယ်တွေ ဆေးဘယ်လောက်ထိ ထိုးထားပြီးပြီလဲဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်” ဟု ဆိုသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်မှုများ စတင်ဖြစ်ပွားသည့် အချိန်ကာလမှ စတင်၍ အလုပ်အကိုင်များ မရှိတော့သဖြင့် ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီပြီး နေရပ်သို့ ပြန်သွားကြရာ လုပ်ငန်းအတွက် လိုအပ်ချက်များ ဖြစ်ပေါ်နေပြီး တတိယ လှိုင်းတွင် ပိုမို ဆိုးရွားလာသည့်အတွက် ထိုင်းအစိုးရ အနေဖြင့် ယခုကဲ့သို့ အလုပ်သမားများကို ပြန်လည် ခေါ်ယူရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ခေါ်ယူသည့်အခါ မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို အိမ်နီးချင်း ၃ နိုင်ငံမှ အလုပ်သမား ၄ သိန်းကျော်ကို MOU စနစ်ဖြင့် ခေါ်ယူမည်ဖြစ်ပြီး ထိုထဲတွင် မြန်မာလုပ်သား ၂ သိန်းကျော် ခေါ်မည်ဖြစ်ကြောင်း သြဂုတ်လအတွင်း ထိုင်းအစိုးရက ကြေညာခဲ့သည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၁၅ သန်း ရှိပြီး တရားမဝင် ဝင်ရောက် နေထိုင်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၁ သန်းကျော် ရှိနေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ မတ်လမှ ယခုနှစ် သြဂုတ်လအထိ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သောင်းကျော်ကို ဖမ်းဆီးမိကြောင်း ထိုင်းနိုင်ငံ အရေးပေါ်ကာလ ထိန်းချုပ်ရေး ကော်မတီက ထုတ်ပြန် ကြေညာထားသည်။
You may also like these stories:
ထိုင်းက မြန်မာလုပ်သား ၂ သိန်းကျော် MoU ဖြင့် ခေါ်ယူမည်
တနှစ်ခွဲအတွင်း ထိုင်းကို ခိုးဝင်သည့် မြန်မာလုပ်သား ၄ သောင်းကျော်ဖမ်းမိ