ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကာလအတွင်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ဆန္ဒပြ ခဲ့သော ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၄ ဦးကို ယနေ့ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ ကျောင်းသား ၄ ဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက “ဒီနေ့ တရားရုံးမှာ Video Conferencing စနစ်နဲ့ ရုံးထုတ်ပြီး စွဲချအမိန့် ချမှတ်ပါတယ်။ တရားသူကြီးက စွဲချအမိန့် ချမှတ်ပြီးတော့ ကျောင်း သားတွေကို အပြစ်ရှိလားမေးတော့ အပြစ်ရှိကြောင်း ဝန်ခံတယ်။ အဲဒီအတွက်နဲ့ ပုဒ်မ ၅၀၅ (ခ) အမှုကို ထောင်ဒဏ် ၂ နှစ်ချပါတယ်။ ဘေး/စီမံအမှုမှာ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ယင်း ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဒဂုံ တက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်သည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ နိုင်ငံရေးဗျူရို တာဝန်ခံ ကိုတိုးတိုးအောင်က ထိုသို့ ပြည်သူလူထုဘက်က ရပ်တည်ပြီး ဆန္ဒဖော်ထုတ်သည့် ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်ခြင်းမှာ တရားမျှတမှု မရှိကြောင်း ပြောဆိုသည်။
၎င်းက “ဒီလိုမျိုး ကျနော်တို့ ကျောင်းသားတွေကို ထောင်ဒဏ် ချမှတ်လိုက်တာကတော့ တရားမျှတမှု ရှိတယ်လို့ ကျနော် တို့ မခံယူဘူး။ ထောင်ဒဏ် ချမှတ်လိုက်တဲ့ အပေါ်မှာလည်း ကျနော်တို့ ဂရုမစိုက်ဘူး။ သူတို့က ဒီလို လုပ်တယ်ဆိုတော့ ကျနော်တို့ကလည်း လုပ်စရာရှိတာတွေကို ဆက်လုပ်ဖို့ပဲ ရှိတယ်” ဟု ပြောသည်။
အဆိုပါ ကျောင်းသား ၄ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ အောက်တိုဘာ ၁၉ ရက်က စစ်တွေမြို့ပေါ်တွင် ကိုလိုနီအစိုးရ အလို မရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြမှုကြောင့် ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုခံရကာ ၁၁ လခန့် ထောင်ချုပ်ဖြင့် အမှုရင်ဆိုင်ပြီးနောက် ယနေ့တွင် တရားရုံးက ထိုသို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီဟာ လုံခြုံရေးအတွက် အကြီးအကျယ် စိန်ခေါ်မှုကို ခံနေရပြီ
လေကြောင်း တိုက်ခိုက်မှုကြားက လုံလဲရ် စစ်စခန်းကို CDF များ သိမ်းပိုက်နိုင်
ရန်ကုန်မြေပြင် လုံခြုံရေးအရာရှိ ဗိုလ်မှူး သန်းကျော်ခိုင် အနီးကပ် ပစ်သတ်ခံရ
ကျယ်ပြန့်လာနေသော မြန်မာပြည်တွင်းစစ်ရဲ့ ဟိုချီမင်းလမ်းကြောင်းများ
မြန်မာစစ်တပ် သေဆုံးမှုနှုန်း တိုးနေသော်လည်း