အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲမည်ဟု ပြောပြီးများမကြာမီ ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲမည်ဟု ထပ်မံပြောပြန်ပြီ ဖြစ်သည်။
အဆိုပါ လျှပ်စစ် ရထားလမ်းဖြစ်သည်အထိ အဆင့်မြှင့်တင်ရေး အတွက်မူ လက်တွေ့တွင် ဖြစ်နိုင်ခြေ နည်းကြောင်း ပြည်သူ့ရေးရာ မူဝါဒ ကျွမ်းကျင်သူအချို့နှင့် လူထု အာဏာဖီဆန်ရေး (CDM) တွင် ပါဝင်သည့် မြန်မာ့မီးရထား ဝန်ထမ်းအချို့က ဆိုသည်။
စစ်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ် အင်ဂျင်နီ ယာဌာန စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့ သွားရောက်ခဲ့စဉ် စက်တင်ဘာလ ၁၀ ရက်တွင် လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ၎င်း၏ စိတ်ကူးအား လူသိရှင်ကြား ပြောခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်- ပြည် မီးရထားလမ်းသည် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် မီးရထားလမ်းဖြစ်ပြီး အဆင့်မြှင့်တင်ကာ လျှပ်စစ်ရထားလမ်းများအထိ မျှော်မှန်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောသည်။ သို့သော် သူ့စိတ်ကူးစီမံကိန်း သူ အကောင်အထည် ဖော်နိုင်မည် မဟုတ်သည်ကို သူသိသည်။ ထို့ကြောင့် ချက်ခြင်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်မည် မဟုတ်သော်လည်း ရေရှည်အတွက် စီမံချက်ချ လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
CDM တွင် ပါဝင်သည့် မြန်မာ့ မီးရထားတွဲ ထုတ်လုပ်ရေးဌာနမှ ဝန်ထမ်းတဦးက ပုံမှန် ရထားများပင် ကျွမ်းကျင်ဝန်ထမ်းများ မရှိသဖြင့် ထိထိရောက်ရောက် အဆင့်မြှင့်တင်ခြင်း မပြုလုပ်နိုင်သည့်အခြေအနေတွင် လျှပ်စစ်ရထားလမ်း တည်ဆောက်မည်ဆိုခြင်းသည် အတော်ပင် လက်တွေ့နှင့် ဝေးကွာနေကြောင်း ပြောဆိုသည်။

“မလွယ်ပါဘူးဗျာ။ အခုက သူက ခေါင်းစဉ်တပ်လို့ ရအောင် ပါးစပ်ထဲရှိတာ လျှောက်ပြောနေတာ။ နိုင်ငံတကာမှာ သူ ဒီလိုတွေ လုပ်တော့မှာပါဆိုပြီး ချပြချင်လို့ လျှောက်ပြောနေတာ” ဟု ပြောဆိုသည်။
ပြည်သူ့ရေးရာ မူဝါဒ ကျွမ်းကျင်သူ တဦးကလည်း ရန်ကုန်- ပြည်ရထားလမ်း အဆင့်မြှင့်တင်ရန် ကိစ္စသည် အရပ်သား အစိုးရဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဦးဆောင်သည့် အစိုးရလက်ထက်၂၀၁၉ – ၂၀၂၀ ကတည်းက စဉ်းစားနေသည့် ကိစ္စဖြစ်သော်လည်း လျှပ်စစ်ရထားလမ်းဖောက်ရန်အထိ မဟုတ်ကြောင်း ဆိုသည်။
“NLD ဆက်ရှိနေရင်တော့ ADB (အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ်) က ချေးငွေတွေ ဘာတွေ ဆက်ပြီး ပေးမလား မသိဘူး။ စာရင်းထဲမှာ ပါတယ်။ သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက်မှာ ချေးငွေက ပေးတော့မှာ မဟုတ်ဘူး ထင်တယ်။ အခုက အဆင့်မြှင့်တင်ရုံတင် မဟုတ်ဘူး လျှပ်စစ်ရထားလမ်း ပါလုပ်ဖို့ ဆိုတော့ အဲဒါက မဖြစ်နိုင်ဘူး ထင်တယ်” ဟု မှတ်ချက် ပေးသည်။
ဗိုလ်ချုပ်မှူးကြီး ပြောသော လျှပ်စစ်ရထားမှာ မည်သို့မည်ပုံ ဖြစ်သည်ကို အများပြည်သူက မရှင်းလင်းသော်လည်း ရန်ကုန်မြို့နေ ပြည်သူများကမူ သမ္မတ ဦးသိန်းစိန် အစိုးရ ဆင်းခါနီး ကမ်းနားလမ်းတွင် ပြေးဆွဲခဲ့ဖူးသော လျှပ်စစ်ရထားကို ပြေးသတိရကြသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလက စတင်ပြီး ရန်ကုန်တွင် လမ်းမတော်မြို့နယ် ဝါးတန်းလမ်းမှ ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းကမ်းနားအထိ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် အပေါ့စား လျှပ်စစ်ရထား တစီး ပြေးဆွဲခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုနှင့် ခရီးသည် လိုက်ပါစီးနင်းမှု နည်းပါးသဖြင့် နောက်ဆုံးတွင် ရထားပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်ရဖူးသည်။
မကြာသေးမီကလည်း နေပြည်တော်စည်ပင်သာယာရေးကော်မီတီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြေအောက်ရထားစနစ်၊ လျှပ်စစ်ဘတ်စကားစနစ်များ အပြင် စံမီ တက္ကသိုလ်များပါဝင်သည့် လူသန်း ၂၀ နေထိုင်မည့် အနာဂတ် နေပြည်တော် စီမံကိန်းအကြောင်းကို ပြောဆိုရာ လူအများဝိုင်းလှောင်ပြောင် ရယ်မောစရာ ဖြစ်ခဲ့သည်။
You may also like these stories:
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဂယောင်ချောက်ခြား မိန့်ခွန်းများ
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ
စစ်အာဏာရှင်တဦး၏ ရူးသွပ်မှုကြေညာစာတမ်း
စစ်ကောင်စီ၏ တစ်ရှူးငှက်ပျော စီမံကိန်း စတင်