သတင်း

ည ၆ နာရီကျော်ပါက အပြင်မထွက်ရန် KNDF သတိပေး

Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ်တွင်း စစ်ကောင်စီက အရပ်သားကားများ၊ အရပ်ဝတ်များ အသုံးပြုပြီး အရပ်သားအသွင်သဏ္ဍာန်ဖြင့် လှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် မှားယွင်းပစ်ခတ်မှု မဖြစ်စေရန် ညနေ ၆ နာရီကျော်ပါက အပြင်ထွက်ခြင်းနှင့် ခရီးသွားလာခြင်းများ မပြုကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတိပေး ထုတ်ပြန်သည်။

KNDF ၏ စက်တင်ဘာ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ညနေ ၆ နာရီကျော်မှ နံနက် ၆ နာရီ အတွင်း လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို လမ်းတလျှောက်ကို အသုံးပြုခြင်း၊ သွားလာခြင်းများ မပြုကြရန် ထည့်သွင်း ဖော်ပြထားသည်။

KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “စစ်ရေးအခြေအနေက လမ်းတကြောလုံးမှာ တင်းမာနေတဲ့ အခြေ အနေ ရှိပါတယ်။ စစ်ကောင်စီတွေက လူထုအသွင်သဏ္ဍာန်ကိုယူပြီး စားနပ်ရိက္ခာတွေ အရပ်သားကားလို ဟန်ဆောင် ပြီး ပို့နေတာတွေ အများကြီး ရှိပါတယ်။ မနေ့ညကလည်း တိုက်ပွဲ ဖြစ်တယ်။ ဒီနေ့မနက်လည်း တိုက်ပွဲ ဖြစ်ပါတယ်။ အခြေအနေက တော်တော်ကို တင်းမာနေတာပါ။ အဲဒါကြောင့် လူထုကို အသွားအလာတွေ ဂရုစိုက်ဖို့ ပြောတာပါ” ဟု ပြောသည်။

လူထုအနေဖြင့် KNDF ကြေညာထားသည်ကို သတိမမူဘဲ သွားလာမိပါက စစ်ကောင်စီ၏ အရပ်သားအသွင် ဟန်ဆောင်သည့် လှုပ်ရှားမှုဖြင့် မှားယွင်း၍ ပစ်ခတ်မှုများ ဖြစ်နိုင်ကြောင်း KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ က ပြောသည်။

ဆက်လက်၍ ၎င်းက “လမ်းမကြီး တကြောလုံးက စစ်ရေးတင်းမာနေတယ်။ အတတ်နိုင်ဆုံး လူထုက မသွားတာ အကောင်းဆုံးလို့ ကျနော် အကြံပေးချင်ပါတယ်” ဟုလည်း ထပ်မံ ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်များကြား စစ်ရေးတင်းမာမှု အမြင့်ဆုံး ဖြစ်နေသည့် နေရာမှာ ဒီးမော့ဆိုမြို့နယ်တွင်း၌ ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီး စစ်ကောင်စီကို ဖြုတ်ချ နိုင်ရေးအတွက် စစ်ကောင်စီ၏ ဒေါက်တိုင်များ၊ အုပ်ချုပ်ရေး အဆောက်အအုံများအား ဝိုင်းဝန်းတိုက်ခိုက် ထိန်းချုပ်ရန် စက်တင်ဘာ ၇ ရက်က ကြေညာထားသည်။

ထိုသို့ ကြေညာပြီး ယင်းနေ့ ညနေ ၃ နာရီတွင် ကရင်နီတော်လှန်ရေးတပ်များက ဒီးမော့ဆိုမြို့နယ်၊ ဒေါ့ပိုးစီကျေးရွာ အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။

ကရင်နီတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီကြား စက်တင်ဘာ ၇ ရက်၊ ညနေ ၃ နာရီမှ ၆ နာရီအထိ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဒီးမော့ဆိုမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီး တလျှောက်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ရာ အရပ်သားနေအိမ် ၆ လုံး မီးလောင် ပျက်စီးခဲ့သည်။

စက်တင်ဘာ ၈ ရက်တွင် ပြည်ထောင်စုလမ်းမကြီး တလျှောက်ရှိ ငွေတောင်ကျေးရွာ၊ ထေးထူဗျ၊ စံပြ ၆ မိုင်၊ ၅ မိုင်၊ ဒေါ့ပိုးစီ ကျေးရွာများ အားလုံး ရွာလုံးကျွတ် ထွက်ပြေးရပြီး ယနေ့ အချိန်ထိ အရပ်သားများ နေရပ်ပြန်လာနိုင်ခြင်း မရှိသေးပါ။

ငွေတောင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံတဦးက “ရွာကို ခဏလေး ပြန်ကြည့်တဲ့ လူတွေကိုလည်း စစ်ကောင်စီက အကုန်ဖမ်းတယ်။ ရိုက်တယ်။ PDF တွေလို့ စွပ်စွဲတယ်ဆိုတော့ ကျမတို့ အကုန်လုံး ဘယ်သူမှ မပြန်ရဲ ဘူး။ ဒီကြားတဲ့ ပြန်တဲ့လူမှန်သမျှ ရိုက်ခံရတယ်။ ဖမ်းခံရတယ်။ သတ်ခံရတယ်။ အခုထိတော့ ပြေးနေရ၊ ရှောင်နေရ တုန်းပါပဲ” ဟု ပြောသည်။

သြဂုတ် ၁၀ ရက်အတွင်းက ဒေါ့ပိုးစီကျေးရွာသို့ ပြန်၍ စားနပ်ရိက္ခာများ သယ်ယူသည့် လူငယ် ၁ ဦး ပျောက်ဆုံးသွား ပြီး စံပြ ၆ မိုင်ကျေးရွာသို့ ပြန်သည့် လူငယ် ၄ ဦးမှာလည်း ဖမ်းဆီးခံရကာ စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် စစ်ဆေးခံနေရသည်။

စံပြ ၆ မိုင်ကျေးရွာမှ ဖမ်းဆီးခံရသည့် လူငယ် ၄ ဦးအနက် ၂ ဦးမှာ ကြိုးတုပ်ပြီး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ဒူးထောက်လျက် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကြောင်း လက်သုံးချောင်း ထောင်ထားသည့်ပုံစံဖြင့် လူမှုကွန်ရက် စာမျက်နှာပေါ် ဓာတ်ပုံမှတ်တမ်း ပြန့်လာသည့် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် လူငယ်နှစ်ဦး ဖြစ်သည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းပြုစုထားချက်အရ သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ဒုတိယပတ်အတွင်း စစ်ရေးပဋိပက္ခကြား စစ်ကောင်စီက အရပ်သား ၂၆ ဦးကို မသင်္ကာမှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

လက်ရှိတွင် ကယားပြည်နယ်တွင်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် ကရင်နီတော်လှန်ရေးတပ်များသည် ဝါရင့်တိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည့် ကရင်နီတပ်မတော် (KA)၊ KNDF နှင့် မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ကရင်နီ GZ လူငယ်များ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ဖြစ်သည်။

You may also like these stories:

ဖယ်ခုံတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အရပ်သား ၂ ဦးကို စစ်ကောင်စီ ပစ်ခတ်၍ ခေါ်ဆောင်သွား

တိုက်ပွဲကြောင့် ဒီးမော့ဆိုမှ အရပ်သားနေအိမ် ၆ လုံး ပျက်စီး

Did you find apk for android? You can find new Free Android Games and apps.
Loading