ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ ဘက်က ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းများဖြင့် လက်နက်အင်အားအပြင် လူအင်အားများပါ တိုးချဲ့ဖြည့်တင်းမှု ရှိနေကြောင်း သိရသည်။
ထိုကဲ့သို့ အင်အားဖြည့်တင်းနေမှုသည် တိုက်ပွဲ ပြင်းထန်နေသည့် ချင်းတွင်းမြစ် အနောက်ဘက်ဒေသများ ဖြစ်သည့် မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ မြိုင် စသည့် ဒေသများကို စစ်ကောင်စီ အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြင် ဆင်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ချက်များလည်း ရှိနေသည်။
စက်တင်ဘာ ၁၂ ရက်နေ့မှ စတင်ကာ အင်အားအများအပြားဖြင့် စစ်ရေယာဉ်များသည် ချင်းတွင်း မြစ်ရိုးတလျှောက် အစုန် အဆန် ပြုလုပ်လျက်ရှိကြောင်း၊ လက်နက်ခဲယမ်းများသာမက သံချပ်ကာ ကားပါ သယ်ဆောင်လာပြီး ကနီမြို့နယ်ထဲတွင် အထိုင်ချနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
အလားတူပင် စစ်ကောင်စီ တပ်သားအင်အား အများအပြားကိုလည်း ကုန်းကြောင်းမှသော်လည်းကောင်း ရဟတ်ယာဉ်များ ဖြင့်သော်လည်းကောင်း ကနီ၊ မုံရွာ၊ မင်းကင်းဘက်များသို့ ဖြည့်တင်းပို့ဆောင်မှုများ ရှိနေသည်ဟုလည်း သိရသည်။
မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “အခုအင်အား ဖြည့်တာကြီးက တအားများလွန်းနေပြီ။ အလွန် အကျွံပဲ။ သူတို့ အဓိက ဖြည့်တာတော့ လူရော၊ လက်နက်ရောပေါ့။ မင်းကင်းမှာကတော့ အင်အားအလုံးအရင်း ဖြစ်နေပြီ။ ကနီမှာလည်း အများကြီးပဲ” ဟု ဧရာဝတီကို ပြောသည်။
လက်နက်ကိုင် တော်လှန်ရေးနှင့် အလှမ်းဝေးလွန်းသည့် စစ်ကိုင်းတိုင်းသည် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် ရရာလက်နက်စွဲကိုင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် ပြန်လည်ခုခံစစ်များ အားကောင်းသော ဒေသ တခု ဖြစ်လာသည်။
စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသည့် မကွေးတိုင်း အထက်ပိုင်းနှင့် ချင်းပြည်နယ်များတွင်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ပြင်းထန်နေသည်။
လက်ရှိတွင် ကလေး၊ မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ မြိုင်၊ ဂန့်ဂေါ၊ မင်းတပ်၊ ကန်ပက်လက်၊ ပေါက်၊ ဟားခါး၊ ထန်တ လန် စသည့် ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အချိတ်အဆက်မိမိဖြင့် အားကောင်းနေသည့် မြေပြန့်ဒေသဖြစ်သော စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က နေ့စဉ်ဆိုသလို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ် မီးရှို့မှုများ စသည်ဖြင့်လည်း အကြမ်းနည်းသုံးပြီး တိုက်ခိုက်လျက် ရှိသည်။
အဆိုပါ ဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်စဉ်များကို ကြည့်လျှင် ကျေးရွာတခု၊ တစုလိုက် တော်လှန်နေကြသည့် တိုက်ပွဲသဏ္ဍန်မှသည် အစုအဖွဲ့ဖြင့် တော်လှန်သော အသွင်သဏ္ဍာန်သို့ ကူးပြောင်းလာပြီး စစ်ရှိန်မြင့်လာကြောင်း စစ်ရေး လေ့လာသုံးသပ်သူ တဦးက သုံးသပ်သည်။
ထို့ကြောင့် စစ်ကောင်စီ အနေဖြင့် တရွာချင်း၊ တစုချင်းကို နယ်မြေရှင်း ရင်ဆိုင်နေရသည့် တိုက်ပွဲပုံသဏ္ဍာန် ဖြေရှင်းမှုမှ ဗျူဟာမြောက်တိုက်ပွဲများကို ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်း အတွင်းရှိ ချင်းတွင်းမြစ် အရှေ့ခြမ်းဒေသများဖြစ်သော တန့်ဆည်၊ ဒီပဲယင်းနှင့် မြောင်တို့တွင်လည်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူ သောင်းနှင့်ချီမှာ ဘေးလွတ်ရာ သို့ ထွက်ပြေး တိမ်းရှောင်နေရသည်။
တိုက်ပွဲအရှိန်မြင့်နေသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ အနေဖြင့် အထူးစစ်ဆင်ရေး လုပ်ဆောင်လာနိုင်ကြောင်း၊ လက်နက် အင်အားချင်း မယှဉ်နိုင်သော်လည်း စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေအုံးမည် ဖြစ်ကြောင်း ပုလဲမြို့နယ် PDF ခေါင်းဆောင်က ပြောသည်။
၎င်းက “တိုင်းရင်းသား လက်နက်ကိုင်တွေက လွဲပြီးတော့ ပြည်မထဲမှာ အာဏာရူးတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်တာက ဒီမြို့ နယ်တွေပေါ့။ မင်းကင်း၊ ပုလဲ ၊ ယင်းမာပင်၊ ကနီ အခုနောက်ပိုင်းမှာ မြိုင်တို့၊ ယောတို့ အာဏာရူးကောင်တွေကို ပြင်းပြင်း ထန်ထန် တကယ်ကို တိုက်ခိုက်လာတာ။ အထူးအကဲ ဖြစ်နေတဲ့ ဒီနေရာတွေကို သူတို့ ဖိအားပေးလိမ့်မယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဖိအားပေးပေး ကျနော်တို့ ဒေသ၊ ကျနော်တို့ ကျွမ်းကျင်တဲ့ နည်းဗျူဟာနဲ့ ရှိတဲ့လက်နက်နဲ့ ဆက်ပြီး တိုက် သွားမယ်” ဟု ဆိုသည်။
စစ်ကိုင်းတိုင်းတွင် သြဂုတ်လအတွင်းကပင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး စီမံချက်ကို လုပ်ဆောင်နေခြင်း ဖြစ် ပြီး တရွာဝင်တရွာထွက် ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေသလို ယခုအပတ်မှ စတင်ကာ အင်တာနက်လိုင်းများကိုလည်း 2G ဖြင့်သာ အသုံးပြု၍ရနေပြီး တချို့ဒေသများ၌ အင်တာနက် ပြတ်တောက်သည့် အခြေအနေများ ဖြစ်ပေါ်နေသည်။
ယခုအခါ စစ်ကောင်စီ တပ်သားများသည် မုံရွာနှင့် ကလေးမြို့တို့ဘက်မှ ရေကြောင်း၊ ကုန်းကြောင်းများဖြင့် အင်အားဖြည့် တင်းမှုများ ပြုလုပ်လာပြီး အင်အား ၅၀၀ နှင့် ၆၀၀ ကြားတွင်ရှိကာ အင်အားအများစုသည် ကနီနှင့် ယင်းမာပင် ဒေသ၌ ရှိနေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ချင်းတွင်းမြစ်တလျှောက်မှ ရေကြောင်း၊ ချင်းတွင်းမြစ် အရှေ့ဘက်ဒေသ ကုန်း လမ်းမှ လမ်းကြောင်းတခုနှင့် ချင်းတွင်းမြစ် အနောက်ဘက်ဒေသမှ လမ်းကြောင်းတခု စသည်ဖြင့် အလုံးအရင်း ဝင်ရောက်လာနေခြင်း ဖြစ်သည်။
မင်းကင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော် ထပ်မံရောက်ရှိလာပြီး ပျူစောထီး ဟုဆိုသော စစ်ကောင်စီကို ထောက်ခံသည့် အရပ်သားလက်နက်ကိုင် အင်အားသည်လည်း အများအပြား ရှိနေကြောင်း မင်းကင်းမြို့ နယ် PDF အဖွဲ့ထံမှ သိရသည်။
ထိုသို့ စစ်ကောင်စီဘက်က အင်အား အလုံးအရင်း ဖြည့်တင်းလာမှုကြောင့် ဒေသခံ ပြည်သူများက စိုးရိမ်ပြီး ရပ်ရွာများကို စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြပြီ ဖြစ်သလို တချို့ကလည်း ရှောင်တိမ်းရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြပြီ ဖြစ်ကြောင်း သိရသည်။
ပုလဲ PDF ခေါင်းဆောင် တဦးက “တောတွေမှာ ရှောင်နေကြပြီ။ တချို့ဆို အိမ်တွေ ပိတ်ထားတယ်။ အဲဒီလို ပိတ်ထားတဲ့ အိမ်တွေထဲက စစ်ကောင်စီတပ်က စားနပ်ရိက္ခာတွေ ခိုးယူတယ်။ ရောင်းလို့ရတဲ့ ပစ္စည်းတွေဘာတွေရှိရင် ယူပြီးတော့ မြို့ ပေါ်မှာ သူတို့ အသိုင်းအဝိုင်းတွေနဲ့ သူခိုးဈေးနဲ့ ရောင်းတယ်။ သူတို့ကို ထောက်ခံတဲ့ အဖွဲ့တွေက ဒါကို ဝယ်ကြတယ်” ဟု ပြောသည်။
ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ကလည်း စစ်ကောင်စီဘက်မှ ကနီမြို့နယ်အတွင်းသို့ စစ်အင်အား အလုံး အရင်းဖြင့် နယ်မြေရှင်းလင်းလျက်ရှိပြီး ယခုတွင်လည်း ကြည်း၊ ရေ၊ လေ အင်အား ထပ်မံဖြည့်တင်းလျက်ရှိခြင်း၊ မိုဘိုင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်နိုင်ခြေ ရှိခြင်းတို့ကြောင့် ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ဘေးလွတ် ရာ စိတ်ချလုံခြုံရသော နေရာများတွင် ရှောင်ရှားပေးကြရန် စက်တင်ဘာ ၁၇ ရက်နေ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။
You may also like these stories:
တနိုင်း- ရှင်ဗွေယန်လမ်းတွင် KIA နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာနေ
နိုင်ငံတော်ကို ခေတ္တတာဝန်ယူခြင်းသာ ဖြစ်ကြောင်း စစ်ခေါင်းဆောင် တပ်အတွင်းရှင်းပြနေရ
တောင်ကုတ် NLD ခေါင်းဆောင်နှစ်ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံရ
ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာ တိုက်ပွဲအတွင်း ဒေသခံ ၁၇ ဦး သေဆုံး