ပြည်သူလူထု၏ ဆန္ဒနှင့်ပတ်သက်ပြီး ဘယ်တော့မှ မဆန့်ကျင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တရားရုံးထုတ်တွင် ရှေ့နေအဖွဲ့အားပြောခဲ့သည်။
လတ်တတော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ခုခံတော်လှန်စစ်ကြေညာပြီးနောက် နေရာအနှံ့ ခုခံတိုက်ခိုက်မှုများ မြှင့်တက်လာ သည့်အခြေအနေတွင် ပြည်သူများ၏လုပ်ဆောင်မှုများအား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘောမတူကြောင်း ကောလဟလများနှင့် ပတ်သက်ပြီး ရှေ့နေအဖွဲ့က ပြောကြားခဲ့သည့် အပေါ် ၎င်းကငြင်းဆိုကာ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦး က “သဘောကတော့ အခုဖြစ်နေတဲ့ တော်လှန်ရေးက အရှိန်ပျက်သွားအောင်လို့ ကြားထဲကနေ ဒေါ်အောင်ဆန်းစုကြည်က သဘောမတူပါဘူး ဆိုပြီးဖြစ်နေတာ။ ပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ကွဲအောင်၊ အဓိပ္ပါယ်တွေလွဲမှားအောင် လုပ်နေကြတာပါပဲ၊ အားလုံးက သူ့လမ်း ကြောင်းနဲ့ သူသွားနေကြပါပြီ” ဟု ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီအား ဖျက်သိမ်းသည်အထိ အရေးယူရန် အရိပ်အမြွက်ပြောကြားကာ ကြိုးပမ်းနေသည့်အခြေအနေတွင် ပြည်သူများရှိနေသ၍ NLD ပါတီတည်ရှိနေမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူထံသတင်းစကားပေးထားဖူးသည်။
ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ တရားစွဲဆိုထားသည့်အမှု တွင် တရားလိုဘက်ကသက်သေလာရောက်ခြင်းမရှိသည့်အတွက် စစ်ဆေးနိုင်ခြင်းမရှိခဲ့ပေ။
ယင်းနောက် ဒေါ်အောင်စုကြည်အပေါ် ထပ်မံစွဲဆိုထားသည့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် သမ္မတဦး ဝင်းမြင့်အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်ပြီး အမှုစစ်အ ရာရှိဖြစ်သူ ဇဗ္ဗူသီရီမြို့မရဲစခန်းမှူး ဒုရဲမှူးကြီးသန်းအေးအား ယနေ့စစ်ဆေးခဲ့ကြသည်။
တရားခွင်အတွင်းစစ်ဆေးစဉ် အမှုစစ်ရဲအရာရှိက ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးခဲ့ကြောင်း ထွက်ဆို ချက်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တရားခွင်အတွင်းမှာပင် ရှေ့နေကတဆင့်ပြန်လည် ငြင်းဆိုခဲ့ပြီး စစ်ဆေးခဲ့ခြင်းမရှိ ကြောင်း ပြန်လှန်မေးမြန်းစေခဲ့သည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ထိန်းသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်နေ့ရက်စွဲပါ ဝရမ်းဖြင့် ၎င်း၏နေအိမ်ခြံအမှတ် ၃၃ (A) အား ထပ်မံ၍ သွားရောက်ရှာဖွေခဲ့သော်လည်း ဆက်သွယ်ရေးပစ္စည်းများနှင့် ပတ်သက်ပြီး ဘာမှတွေ့ရှိခဲ့ခြင်းမရှိသည့်အကြောင်း ထွက်ဆိုချက်များအရ သိရသည်။
ရှေ့နေ တဦးက “သွားထပ်ရှာတာလည်း ဘာတွေ့လဲဆိုတော့ ဘာမှမရဘူး၊ ဘာမှမတွေ့ဘူးလို့ပြောတယ်၊ စဖမ်းတုန်းက တရားဝင်ရှာဖွေပုံစံမှာကိုက ဆက်သွယ်ရေးပစ္စည်းတွေက လုံခြုံရေးအဖွဲ့တွေထံက ဖမ်းမိတာဖြစ်တယ်လို့ ဖော်ပြထားပြီးသားပဲ၊ ဒါတွေဟာ ပြည်ထဲရေးလက်အောက်က လုံခြုံရေးအဖွဲ့တွေကိုင်တာပဲ၊ ဒေါ်အောင်ဆန်းစုကြည်လဲ မကိုင်ဘူး။ အမှုထပ်မံစစ်ဆေးချက်တွေအရ ပိုပြီးပေါ်လွင်လာပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖမ်းဆီးခံရပြီးနောက် အာဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံရမှုအပါအဝင် အမှုပေါင်း ၁၀ မှုကျော်ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားပြီး ယင်းသို့စွဲဆိုချက်များမှာ တရားမျှတမှုမရှိသည့်အတွက် လုပ်ထုံးလုပ်နည်းနှင့် မညီ သည့်အချက်များအား ပေါ်လွင်အောင်စစ်ဆေးမေးမြန်ကြရန်လည်း ရှေ့နေများအား ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားမှုများနှင့် ပတ်သက်ပြီး မနက်ဖြန် (စက်တင်ဘာ ၂၁) ရက်နေ့တွင် ဇဗ္ဗူသီရိမြို့နယ်ရှိ အထူးသီးသန့်တရားရုံး၌ ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့အပေါ် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုထားမှုအား စွဲချက်တင်သင့်/မတင်သင့် အမိန့်ချမည်ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ချုပ်ထားခြင်းက လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်
စစ်ကောင်စီက ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား
တင်းမရွာသား ၁၈ ဦးအမှု အမြန်ဆုံးဖြေရှင်းပေးရန် မိသားစုဝင်များ တောင်းဆို