တနင်္သာရီတိုင်း လောင်းလုံမြို့နယ် သောကြာပြင်ကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကာ အဆိုပါ အုပ်ချုပ်ရေးမှူး၏ တူမဖြစ်သူ သေဆုံး၍ ဇနီးဖြစ်သူ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက် မနက် ၆ နာရီခွဲအချိန်တွင် သောကြာပြင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏ နေအိမ်သို့ အမည်မသိ လူတယောက်မှ အထုပ် ၁ ထုတ် လာရောက်ပေးခဲ့ပြီး ၇ နာရီခန့်တွင် အဆိုပါ အထုပ်မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လောင်းလုံ ဒေသခံ တဦးက “အုပ်ချုပ်ရေးမှူးရဲ့အမျိုးသမီးက ဆေးကုနေရတယ်။ အရေးပေါ် အခြေအနေပေါ့။ သေသွား တာကအသက် ၁၀ နှစ် ဝန်းကျင်လောက်ရှိတဲ့ မအိ လို့ ခေါ်တဲ့ ငယ်ငယ်ကတည်းက အတူနေ သူ့တူမပါ။ သမီးက CDM လုပ်ထားတဲ့ ကျောင်းဆရာမ။ သူတို့ သားအဖက ခံယူချက်ခြင်း မတူကြ ဘူး။ သူ့သမီးက တခြားမှာ သပ်သပ်ခွဲနေတယ်။ သူ့ အဖေ အုပ်ချုပ်ရေးမှူး ဒလန်လို့လည်း ပြောကြတယ်” ဟု ပြောသည်။
သောကြာပြင်ကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှာ ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်၌ နေအိမ်၌ ရှိမနေဘဲ ဇနီး ဖြစ်သူနှင့် တူမဖြစ်သူတို့သာ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
စက်တက်ဘာ၂၀ ရက် ညနေပိုင်းကလည်း ထားဝယ်မြို့လယ် ဘုမ္မော်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၏ စာရေးမ ဖြစ်သူ ဒေါ်စန်းဝေ သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
ထားဝယ်မြို့ ဒေသခံတဦးက “ထားဝယ်မြို့လယ်က ဘုရားကြီးရဲ့ လက်ဆောင်ရောင်းတဲ့ ဆိုင်နားမှာ ဖြစ်သွားတာပေါ့။ သူကဖြတ်သွားတဲ့အချိန်မှာ ဘေးကနေ ပစ်လိုက်တယ်လို့ သိရတယ်။ လူနာတင်ယာဉ်နဲ့ လာခေါ်သွားပေမယ့် ညကျတော့ သူ့အိမ်ကို အလောင်း လာပို့တယ်။ သူက ဒလန်လို့ နာမည် ကျော်တယ်။ ဘုမ္မော်မြို့ရပ်ကွက်အုပ်ချုပ်ရေးရုံး ထွေအုပ်စာ ရေးမ တယောက်ပေါ့” ဟုပြောသည်။
အဆိုပါ စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းမှာပင် ထားဝယ်မြို့ တပ်ပေါင်းစုသပိတ် ကော်မတီတွင် ပါဝင်သည့် တက္ကသိုလ် ကျောင်းသားများဖြစ်ကြသည့် ကိုစိုးပြည့်အောင်၊ မစိုးမီမီကျော်နှင့် မသျှားပြည့်ခင်တို့ ၃ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ အင်အားသုံး၍ ပစ်ခတ်ခြောက်လှန့်ကာ ဖမ်းဆီးခဲ့သည်။
ထို့ပြင် စက်တင်ဘာလ ၁၉ ရက်တွင်လည်း နည်းပညာတက္ကသိုလ် အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ CDM ဆရာမ တဦးဖြစ်သည့် ဒေါ်နှင်းနန္ဒာအောင်ကိုလည်း ဘုမ္မော်ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် နေ့စဉ်နှင့်အမျှ လိုက်လံ ရှာဖွေ ဖမ်းဆီးမှုများ ဆက်တိုက်ဆိုသလို ရှိနေသော်လည်း စစ်အာဏာရှင် ဆန့်ကျင်နေသည့် သပိတ်စစ်ကြောင်းများမှာ နေ့စဉ်ထွက်လာ၍ ချီတက် ဆန္ဒနေကြလျက်ရှိသည်။
You may also like these stories:
ပုလောမြို့နယ်တွင် PDF နှင့် ပတ်သက်သည်ဆိုကာ လူ၃ ဦးအား စစ်ကောင်စီ ဖမ်းဆီး
စစ်ဆန့်ကျင်ရေး ဆန္ဒပြ ရခိုင်ကျောင်းသား ၄ ဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရ