နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါင်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါက်တာ မျိုးအောင်တို့အား ရာဇသတ် ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် ယနေ့ စွဲချက်တင်လိုက်ပြီ ဖြစ်သည်။
ယနေ့ ရုံးချိန်းတရားခွင်တွင် ဇဗ္ဗူသီရိမြို့နယ်အတွင်းက အထူးသီးသန့် တရားရုံးမှ စွဲချက်တင်အမိန့်နှင့် ပတ်သက်ပြီး ၎င်းတို့ သုံးဦးစလုံးက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြပြီး ဒက္ခိဏသီရိခရိုင် တရားရုံးသို့ အယူခံဝင်သွားမည် ဖြစ်ကြောင်းလည်း ရှေ့ နေများက ပြောသည်။
ယင်းပြင် စွဲချက်တင်ခံရသည့်အမှုနှင့် ပတ်သက်ပြီး ပြန်ခေါ်သက်သေများအဖြစ် တရားလိုဖြစ်သူ ဥတ္တရသီရီမြို့နယ် ဒုတိ ယ အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေနှင့် အမှုစစ် ဒုရဲမှူးကြီးသန်းအေး ခေါ်ယူထားကြောင်းလည်း သိရသည်။
အဆိုပါ အမှုသည် စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ အမည်ဖြင့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှစ်စောင်နှင့် ပတ်သက်ပြီး ၎င်းတို့ အနေဖြင့်လည်း တာဝန်ရှိသည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားခြင်းဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာ မျိုးအောင်တို့သည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးချုပ်နှောင်ခံရကာ ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ခံရပြီး ယင်း NLD ဗဟို အလုပ် အမှုဆောင်အဖွဲ့ဆိုသည့် ကြေညာချက်များနှင့် ပတ်သက်၍ သိရှိခြင်းပင် မရှိကြောင်း ရှေ့နေတဦးက ပြောသည်။
ရှေ့နေတဦးက “သူတို့ကို ဖေဖော်ဝါရီ ၁ ရက်က ဖမ်းထားတာ၊ သူတို့ ဒီစာတွေ ဘယ်လိုထုတ်မလဲ၊ သိတောင်မသိဘူး၊ မသိတဲ့ဟာကို သူတို့က ဘယ်လိုကျူးလွန်မလဲ” ဟု ပြောသည်။
အမှုစစ်ဆေးစဉ်အတွင်း တရားလိုဘက်က တင်ပြခဲ့သည့် ကြေညာချက် စာရွက်စာတမ်းများနှင့် ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့သော်လည်း သက်သေခံအဖြစ် တရားရုံးက လက်ခံခဲ့သည့်အပြင် အယူခံတင်ခဲ့ သည့် ဒက္ခိဏခရိုင် တရားရုံးကလည်း အကျဉ်းနည်းဖြင့်သာ အယူခံမှုအား ပယ်ချခဲ့သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ သည် “ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှု ကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြား လူထုကိုသော်လည်းကောင်း ထိတ်လန့်ခြင်းတခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အ ကြောင်းရှိလျှင်” နှစ်နှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည် ဟုပြဋ္ဌာန်း ထားသည်။
ယင်းပုဒ်မနှင့် ပတ်သက်ပြီး မူလပြဋ္ဌာန်းချက်မှာပင် ကင်းလွတ်ချက်များ ရှိနေပြီး “တစုံတယောက်သောသူသည် ဖော်ပြ ချက်ကိုဖြစ်စေ၊ ကောလဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်း မဟုတ် ဖြန့်ချိရာတွင် ထိုဖော်ပြချက်ကိုသော်လည်းကောင်း၊ ထိုကောလဟလကိုသော်လည်းကောင်း၊ ထိုသတင်းကိုသော် လည်းကောင်း မှန်ကန်သည်ဟုအကြောင်းရှိသည့်ပြင် အထက်ကဆိုခဲ့သော အကြံမရှိဘဲ ပြုလျှင်၊ သို့တည်းမဟုတ် ထုတ် ပြန်ကြေညာလျှင်၊ သို့တည်းမဟုတ် ဖြန့်ချိလျှင် ဤပုဒ်မ၏ အဓိပ္ပာယ်အရ ပြစ်မှု မမြောက်” ကြောင်း ဥပဒေပညာရှင် ဦးကျော်ဇေယျ၏ ရာဇသတ်ကြီးဥပဒေ အဘိဓာန်တွင် ဆိုထားသည်။
ရှေ့နေတဦးက “လူတယောက်က နူနေရင် နူတယ်လို့ ပြောတာ အသရေဖျက်တာမှ မဟုတ်တာ၊ ခိုးတဲ့သူကို ခိုးတယ် ပြော တာ အသရေဖျက်မှု မဟုတ်ဘူးလေ။ ဥပဒေက ပြဋ္ဌာန်းထားတာ ကောင်းတယ်၊ မဆိုင်တဲ့လူကို စွဲလို့မရအောင်။ တရား မျှတ အောင် ဆွဲထားတာ” ဟု ပြောသည်။
အဆိုပါ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟုဆိုကာ ကြေညာချက်များနှင့် ပတ်သက်ပြီး အခြားသော ဝန်ကြီးချုပ်များလည်း တရားစွဲဆိုခံထားရကြောင်း ရှေ့နေများထံက သိရသည်။
ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်တဦးတည်းအား ဦးညီညီဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပ ဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုတွင်လည်း တရားလိုပြ သက်သေတဦးအား စစ်ဆေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့အပေါ် စွဲဆိုထားသည့် အမှုများအား ရှေ့တပတ် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။
You may also like these stories:
ပြည်သူ့ဆန္ဒကို ဘယ်တော့မှမဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ချုပ်ထားခြင်းက လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်