သတင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်

Want create site? Find Free WordPress Themes and plugins.

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းလာသည့်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည် ဖွင့်လှစ်ရန် ပြည်နယ်စီမံခန့်ခွဲမှုကောင်စီက ပြင်ဆင်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကုန်စည်များတင်ပို့ရာ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းတို့ကို ပြန်လည် ဖွင့်လှစ်နိုင်ရေး ပြည်နယ်ကောင်စီအနေဖြင့် ပြည်ထောင်စုအဆင့်ကို စက်တင်ဘာ ဒုတိယပတ်က တင်ပြထားကြောင်း ရခိုင်ပြည်နယ် စီမံခန့်ခွဲမှုကောင်စီအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

၎င်းက “နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်ဖွင့်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းပြီးတော့ ပြည်ထောင်စု ကို တင်ထားတယ်။ ကိုဗစ်-၁၉ လျော့ကျနေတဲ့ အခြေအနေ၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ရှေ့အလားအလာ သုံးသပ်ချက်တွေကို ပြည်နယ်ကျန်းမာရေးရဲ့ သဘောထား၊ ပြည်နယ်အစိုးရရဲ့ သဘောထား အဲဒါတွေကို တင်ပြပြီးတော့ ညွန်ကြားချက် ကျလာမှာကို စောင့်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေချိန် ဘင်္ဂလားဒေ့ရှ်သို့ ကုန်စည်တင်ပို့သည့် စစ်တွေ ရွှေ မင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တော ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေး စခန်းများကို ရပ်နားထားခဲ့ရာမှ ယခုအခါ ကိုဗစ်ကူးစက်မှု လျော့နည်းလာသည့်အတွက် ပြန်ဖွင့်ရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တဖက်နိုင်ငံသို့ ပို့မည့် ကုန်စည်များအား တင်ဆောင်နေ/ဧရာဝတီ

ရခိုင်မျိုးနွယ်စုများ အစည်းအရုံး (REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “နယ်စပ်ကုန်သွယ်မှုက တာရှည် ပိတ်ထား မယ် ဆိုရင်လည်း စီးပွားရေးက အကျပ်အတည်းဖြစ်မယ်။ တကယ်လို့ ပြန်လည် ဖွင့်လှစ်မယ် ဆိုရင်တော့ စည်မျဉ်းစည်း ကမ်းတကျ ဖွင့်လှစ်ဖို့ လိုတယ်။ နောက်တခါ အိမ်နီးချင်း နိုင်ငံတွေရဲ့ ကိုဗစ်ပိုးကူးစက်မှု အခြေအနေနဲ့ သူတို့ဘက်က ကိုဗစ် စည်းကမ်း ထုတ်ပြန်ထားတဲ့ အခြေအနေကိုလည်း သေချာလေ့လာဖို့တော့ လိုအပ်တယ်” ဟု ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကိုဗစ် ကူးစက်မှုမှာ ယခုနှစ် ဇွန်လက စတင်၍ တရှိန်ထိုး မြင့်တက်ခဲ့ပြီး သြဂုတ် လကုန်ပိုင်းမှစတင်ကာ လျော့ကျလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းပေါ် အချက်အခြာကျသော စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့ပေါ်များတွင် လူသွားလာမှုများသည့် နေရာများ၌ မိုဘိုင်းစနစ်ဖြင့် ကိုဗစ်ပိုးကူးစက်မှု အခြေအနေများကို စစ်ဆေးခဲ့ရာ ပိုးတွေ့သူ မရှိသလောက် နည်းပါးသည်ကို တွေ့ရှိရသည်ဟုလည်း ပြည်နယ် စီမံခန့်ခွဲ မှုကောင်စီဝင်များက ပြောသည်။

ပြည်နယ်စီမံခန့်ခွဲမှုကောင်စီ အနေဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်နေသော်လည်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို ထိထိ ရောက်ရောက် ကိုယ်တွယ်ဖြေရှင်းနိုင်မှုကိုမေတွ့ရဘဲ ပြည်သူလူထုအား Mask တပ်ပြီး သွားလာကြရန်နှင့် ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့် အခြေအနေလောက်သာ တွေ့မြင်ရသည်။

NLD အစိုးရလက်ထက် ကိုဗစ်ဒုတိယလိုင်းတွင် ပိုးကူးစက်မှုမြင့်မားခဲ့သည့် အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ်ကို ပိတ်ထား ပိတ်ထားခဲ့ရာမှ စစ်တပ်က အာဏာသိမ်းယူပြီး နောက်ပိုင်း ဧပြီလ အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တဖက်နိုင်ငံသို့ ပို့မည့် ကုန်စည်များအား တင်ဆောင်နေ/ဧရာဝတီ

သို့သော်လည်း ကိုဗစ်တိယလိုင်းတွင် ပိုးကူးစက်မှုအဆ မတန်များပြားခဲ့ရာ ပြည်နယ် စီမံခန့်ခွဲမှု ကောင်စီသည် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ကာ အဆိုပါ နယ်စပ်ကုန်သွယ် ရေးစခန်းကို ယာယီရပ်နားရန် ဆုံးဖြတ်ခဲ့ရသည်။

စစ်ကောင်စီလက်ထက် ထိုသို့ နယ်စပ်ကုန်သွယ်ရေးကို ဖွင့်လှစ်ခဲ့ရာတွင် ဧပြီလနှင့် မေလ နှစ်လတာ ကာလ အတွင်း နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပမာဏ မှာ ၂ လ အ တွင်း အမေရိကန်ဒေါ်လာ ၄၃၈၃၀၅၇ ဒသမ ၇၉ အထိ ကုန်စည် ကူးသန်းရောင်းဝယ် နိုင်ခဲ့ကြောင်း ရခိုင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ထံမှ သိရသည်။

အဆိုပါ နယ်စပ်ကုန်သွယ်မှုစခန်းများမှ ပို့ကုန်အနေဖြင့် ကုလားပဲ၊ ကွမ်းသီး၊ ကြက် သွန်နီ၊ သရက်သီး၊ ငါးနီတူခြောက်၊ ငါးမြစ်ချင်း၊ ကော်ဖိမစ်၊ အုံးသီး၊ ဒညှင်းသီး၊ ဇီးယိုထုပ်၊ ထွန်းရွှေဝါ၊ နနွင်းတက်၊ ကြိမ် စသည့် ကုန်ပစ္စည်းတို့ ဖြစ်သည်။

သွင်းကုန်အနေဖြင့် T –Shirt၊ Plastic Water Tank၊ Metal Water Pot၊ PVC Tank၊ Iron Road ဂျုံစေ့၊ ထီး စသည့် ကုန်စည်တို့ ဖြစ်ကာ ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၄၃၄၄၁၂၄ ဒသမ ၁၉ ဖိုးတင်ပို့နိုင်ပြီး သွင်းကုန်အနေဖြင့် ဧပြီလနှင့် မေလ အတွင်း အမေရိကန် ဒေါ်လာ ၃၈၉၃၃ ဒသမ ၆၀ ဖိုးတင်သွင်းနိုင်ခဲ့ကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ကုန်းလမ်း၊ ရေလမ်း နယ်စပ်ချင်း ထိစပ်နေသော ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းရှိ မောင်တော မြို့နယ်တွင်လည်း လက်ရှိ အခြေအနေတွင် ကိုဗစ်ကူးစက်မှု မရှိသလောက် နည်းပါးနေပြီဖြစ်ပြီး ကိုဗစ်ရောဂါပိုး ကူးစက်ခံရ ၍ ဆေးရုံတက် ကုသမှုခံယူနေသူမှာလည်း လက်ရှိအချိန်တွင် ၂ ဦးသာ ရှိတော့ကြောင်း ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ နု ကေသီစံက ပြောသည်။

ကိုဗစ် တတိယလှိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ပိုးကူစက်ခံရသူ ၄,၇၀၀ ကျော်၊ သေဆုံးသူ ၄၅၆ ဦး ရှိပြီး လက်ရှိ တွင် ဆေးရုံတက် ကုသမှုခံယူနေရသူ ၁၈၁ ဦး ရှိကြောင်း ပြည်နယ်စီမံခန့်ခွဲမှုကောင်စီ၏ စာရင်းများအရ သိရသည်။

You may also like these stories:

မြန်မာ – ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု ၂ လတာအတွင်း ကန်ဒေါ်လာ ၄ သန်းကျော် ရှိ

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရက်အကန့်သတ်မရှိ ရပ်နား

Did you find apk for android? You can find new Free Android Games and apps.
Loading