ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးနေသည့် လူမှုအရပ်ဘက် လုပ်ငန်းများ လုပ်ဆောင်သူ ၂ ဦးနှင့် ဒေသခံ ၂ ဦး ထပ်မံ ဖမ်းဆီးခံရသည်ဟု သတင်းရရှိသည်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက “Humanitarian နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ ၂ ဦး က အမျိုးသမီးတဦးနဲ့ ဈေးဝယ်ပေးရာမှာ ကူညီပေးတဲ့သူ ၁ ဦးပါ။ သူတို့က အရပ်သားစစ်စစ်၊ အရပ်ဘက်လုပ်ငန်း လုပ်နေသူတွေဆိုတာ ကျနော်တို့ အာမခံနိုင်ပါတယ်။ နောက်ထပ် ဖမ်းဆီးခံရသူ၂ ဦးက အဘွားတယောက်နဲ့ သူ့မြေးနဲ့ တောင်ယာလုပ်ငန်းကနေ ပြန်လာရင်းနဲ့ ဖမ်းဆီးခံရတာပါ” ဟု ပြောသည်။
၎င်းတို့မှာ စက်တင်ဘာ ၁၂ ရက်နောက်ပိုင်း တပတ်အတွင်း ဖမ်းခံလိုက်ရခြင်း ဖြစ်ပြီး ယခုတိုင် စစ်ကောင်စီ လက်ထဲ၌ ထိန်း သိမ်းခံထားရဆဲ ဖြစ်သည်ဟု ကိုဗညားက ပြောသည်။
အလားတူ ထိုရက်ပိုင်းက လွိုင်ကော်မြို့၌ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ကြောင်း စွပ်စွဲက ဖမ်းဆီးထားသူ အမျိုးသား ၂ဦး လည်း ရှိကြောင်း သိရသည်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက စစ်ကောင်စီအနေဖြင့် လူမှုကူညီရေးတွင် လုပ်ကိုင်နေ သူများ၊ အရပ်သားများကို ဖမ်းဆီးပြီးနောက်တွင် မိသားစုများကို အကြောင်းကြားခြင်း၊ တရားရေးအရ ဆောင်ရွက်ခြင်း မပြုဘဲ ပြန်ပေးဆွဲသည့် ပုံစံဖြင့် ဖမ်းဆီးခြင်းများ ကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြောသည်။
“အကျိုးအကြောင်းတခုကြောင့် လိုအပ်လို့ စစ်ဆေးမေးမြန်းဖို့ကို နိုင်ငံတော် အစိုးရက ဖြစ်စေ သက်ဆိုင်ရာက ဖြစ်စေ စနစ်တကျ လုပ်ပိုင်ခွင့်ကို ကျနော်တို့ သိပ်စောဒက မတတ်ဘူး။ အခုက ဖမ်းဆီးတာမှာ လူသားချင်း စာနာထောက် ထားမှုကို လုပ်နေတဲ့သူတွေဖြစ်လို့ ကျနော်တို့ ပြင်းပြင်းထန်ထန် တောင်းဆိုလိုတာက သူ တို့ ဘယ်မှာ ဖမ်းထားလဲ။ သူတို့ လိုအပ်တဲ့ မိသားစုနဲ့ တွေ့ခွင့်၊ ဥပဒေကြောင်းအရ မြန်မာနိုင်ငံရဲ့ ဥပဒေ၊ နိုင်ငံတကာ ဥပဒေအရ သူတို့ကို အကာအကွယ် ပေးခွင့် ရှိရပါမယ်။ အခုက လူပျောက်မှု၊ ပြန်ပေးဆွဲမှု ဖြစ်နေပါတယ်။ လူ့အခွင့် အရေးမှာ ပြန်ပေးဆွဲမှု တခုက အဆိုးဝါးဆုံးလို့ ပြောလို့ ရပါတယ်” ဟု ၎င်းကဆိုသည်။
ကယားပြည်နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များကြား စစ်ရေးတင်းမာနေသည့် သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၁၂ ရက်အတွင်း၌လည်း အရပ်သားများ ၃၀ ကျော် ဖမ်းဆီးခံရပြီး၂၃ ဦးမှာ ယနေ့ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပါ။
သြဂုတ် ၁၇ ရက်မှ စက်တင်ဘာ ၁၂ ရက်အတွင်း ဖမ်းဆီးခံရသည့်သူများ၏ ဖြစ်စဉ်များမှာ အောက်ပါအတိုင်းဖြစ် သည်။
သြဂုတ်လ ၂၇ ရက်မှ ၂၉ ရက်အတွင်း လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ တီးလုံကျေးရွာအုပ်စုအတွင်း စစ် ကောင်စီနှင့် ကရင်နီ တော်လှန်ရေး တပ်များကြား တိုက်ပွဲဖြစ်ပွားရာတွင် အရပ်သား ၁၃ ဦးကို စစ်ကောင်စီ၏ တပ်မ ၆၆ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသည့် ၁၃ ဦးမှာ ကွန်နားကျေးရွာအုပ်စုမှ ၇ ဦး၊ ကုန်းပေါင်းကျေးရွာမှ အမျိုးသမီး ၁ ဦး၊ ဝမ်ခိုင်ကျေးရွာမှ အမျိုးသား၂ ဦး၊ ကုန်းပေါကျေးရွာမှ အမျိုးသား၂ ဦး၊ ကုန်းဆွတ်ကျေးရွာမှ အမျိုးသား ၁ ဦးတို့ ဖြစ်သည်။
အဆိုပါ ၁၃ ဦးထဲတွင် ကုန်းပေါင်းကျေးရွာမှ အမျိုးသမီးသည် လယ်တောမှ ပြန်လာစဉ် ဖမ်းခံရခြင်း ဖြစ်ပြီး ကျေးရွာမှ ရပ်မိရပ်ဖများက ပြန်လွှတ်ပေးရန် တပ်မ ၆၆ အား သွားရောက် တောင်းဆိုရာမှ ပြန်လွတ်လာခဲ့ကာ အခြားအမျိုးသား၂ ဦးသည်လည်း စစ်ကောင်စီလက်ထဲမှ ထွက်ပြေး လွတ်မြောက်သွားသည်ဟု သိရသည်။
ထို့ကြောင့် တီးလုံကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခံထားရသူများထဲတွင် အမျိုးသား ၉ ဦးသည် လွတ်မြောက်ခြင်း မရှိသေးဘဲ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
လွိုင်ကော်မြို့နယ်တွင်း နောက်ဖြစ်စဉ်တခုမှာ သြဂုတ် ၂၉ ရက်တွင် နွားလဘို့ကျေးရွာအုပ်စု၊ ကယန်းသာယာ ကျေးရွာအနီး၌ လူငယ် ၅ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးထားသည်ကို ဒေသခံတဦးက တွေ့မြင်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။
အဆိုပါ လူငယ် ၅ ဦးသည် မည်သည့်ကျေးရွာမှ လူငယ်များ ဖြစ်သည်ကို မည်သူကမှ အတည်ပြုနိုင်ခြင်း မရှိပါ။
သြဂုတ်၂၉ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်း၊ ဆင်ဖြူကျေးရွာမှ နာရေးကူညီမှု အသင်း၌ အလုပ် လုပ်ကိုင်နေသည့် ပရဟိတသမား လူငယ် ၂ ဦးသည် လွိုင်ကော်ဆေးရုံကြီးသို့ လူနာသွား ပို့ ဆောင်ရာ လမ်းတွင် ပျောက်ဆုံးသွားခဲ့သည်။
ကယန်းသာယာကျေးရွာအနီး စစ်ကောင်စီက ဖမ်းဆီးထားသည့် လူငယ် ၅ဦးထဲတွင် ဖယ်ခုံမှ ပရဟိတသမား လူငယ် ၂ ဦး ပါဝင်နိုင်သည်ဟု ဒေသခံများက ယူဆကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိပါ။
စက်တင်ဘာ ၆ ရက်တွင် လွိုင်ကော်မြို့နယ်၏ အစပ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း တည်ရှိသည့် ဒေါပိုးစီကျေးရွာတွင် စစ် ကောင်စီ၏ တပ်မ ၆၆ တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်သည် ဝင်ရောက် စခန်းချကာ စစ်အာဏာရှင် လက်အောက် အလုပ်မလုပ်ရေး၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်နေသည့် ကျောင်းဆရာ ၁ ဦးနှင့် လူငယ် ၂ ဦးကို ဖမ်းဆီး ခဲ့သည်။
ဖမ်းဆီးခံရသည့် ကျောင်းဆရာသည် စစ်ဘေးရှောင်ကလေးငယ်များကို စာသင်ကြားပေးသူ တဦး ဖြစ်သည်။
စက်တင်ဘာ ၇ ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များ အနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား အဆောက်အအုံများကို ဝင်ရောက် ထိန်းချုပ်ရန်နှင့် စစ်ကောင်စီ၏ ဒေါက်တိုင်များအားလုံးကို ဖြုတ်ချရန် ပြောဆိုခဲ့ပြီး ထိုနေ့လယ်ပိုင်းတွင် ဒေါပိုးစီကျေးရွာအတွင်း တိုက်ပွဲများ စတင်တော့သည်။
စက်တင်ဘာ ၇ ရက်၊ နေ့လယ် ၃ နာရီမှ ၆ နာရီအထိ စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်များကြား တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ခြေလျင်တပ်ဖြင့်လည်း တိုက်ခိုက်သည့်အပြင် အခြေစိုက်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ စံပြ ၆ မိုင်ကျေးရွာနှင့် ၅ မိုင်ကျေးရွာအတွင်း ကျည်များ ကျပေါက်ကွဲကာ အရပ်သား အိမ် ၆လုံး ပျက်စီး မီးလောင်ခဲ့သည်။
စစ်ရေးအခြေအနေ တင်းမာလာသဖြင့် ဒေါပိုးစီ၊ စံပြ ၆မိုင်၊ ၅ မိုင်၊ ထေးထူဗျ၊ ဒေါခလိုက်လင်း၊ ဝမ့်လထွား၊ ငွေတောင် စသည့် ကျေးရွာများမှ ဒေသခံများ ရာနှင့်ချီ ထွက်ပြေးကြရသည်။
အရပ်သားအချို့က စံပြ ၆ မိုင် ကျေးရွာသို့ ပြန်ကြည့်ရာတွင် အမျိုးသား ၁ ဦး၏ အလောင်းကို စစ်ကောင်စီဘက်က မီးရှို့ထားသည်ကို မြင်တွေ့ခဲ့ရသည်။
စက်တင်ဘာ ၁၀ ရက်တွင် ထွက်ပြေးသွားသူများထဲမှ လူငယ် ၁ ဦးသည် နေရပ်ရင်း ဒေါပိုးစီကျေးရွာသို့ ပြန်လာပြီး နေအိမ်မှ ပစ္စည်းများ ပြန်လာသယ်ရာတွင် ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေရာ ၎င်းတို့ နေ အိမ်တွင်း အိမ်တွင်းပစ္စည်းများ ဖျက်ဆီးခံထားရခြင်းနှင့် ကြမ်းပြင်တွင် သွေးကွက်များကိုသာ တွေ့ရှိခဲ့ကြသည်။
ထိုနေ့တွင် ဘတ်တလင်ကျေးရွာမှ လူငယ် ၁ ဦးကိုလည်း တပ်မ ၆၆ က ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာသို့ ခေါ်ဆောင် သွားသည်ကို မသိရှိရပါ။
စက်တင်ဘာ ၁၀ ရက်တွင် အခြားဖြစ်စဉ်တခုမှာ လူငယ် ၄ ဦးသည် ၎င်းတို့၏ နေရပ်ရင်း စံပြ ၆ မိုင်ကျေးရွာသို့ ပြန်လာပြီး စားနပ်ရိက္ခာနှင့် ပစ္စည်းများ ပြန်လာသယ်ရာတွင် တပ်မ ၆၆ ၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။
စက်တင်ဘာ ၁၁ ရက်တွင် စစ်ကောင်စီဘက်က လူငယ်၂ ဦးအား ရိုက်နှက်ကြိုးတုပ်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတ လက်သုံးချောင်းထောင်ခိုင်းထားသည့် အနေအထားဖြင့် ရိုက်ယူထားသည့် ဓာတ်ပုံမှတ်တမ်းများကို လူမှု ကွန်ရက်ပေါ်တွင် ဖြန့်ဝေခဲ့ရာ စံပြ ၆မိုင်ကျေးရွာမှ ဖမ်းဆီးခံရသူ ၄ ဦးအနက် ၂ ဦးဖြစ်နေသည်ကို ဒေသခံများက အတည်ပြုနိုင်ခဲ့သည်။
အဆိုပါ လူငယ် ၂ ဦးသည် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် မောင်ဖီဒေးလယ်နှင့် မောင်ပါစကွားလယ်တို့ ဖြစ်သည်။
မောင်ဖီးဒေးလယ်နှင့် မောင်ပါစကွားလယ်တို့အပါအဝင် လူငယ် ၄ ဦးကို ဒီးမော့ဆိုမြို့နယ်၊ ခြေမြန်တပ်ရင်း ခမရ ၄၂၇ တပ်ဝင်းအတွင်း ချုပ်နှောင်ထားခဲ့သည်။
စက်တင်ဘာ ၁၂ရက်တွင် လွိုင်ကော်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုအနီး၌ လူငယ် ၇ ဦး ထပ်မံ ဖမ်းဆီးခံရသည်။
ဖမ်းဆီးခံရသူ အားလုံးသည် အရပ်သားများဖြစ်ပြီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်၌ လက်ကိုင်ဖုန်းများ စစ်ဆေးရာ တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
သို့သော် ဖမ်းဆီးခံရသူ ၇ ဦးထဲမှ ၄ ဦး ပြန်လွတ်လာပြီး ကျန် ၃ ဦးသည် ဖမ်းဆီးခံထားရပြီးနောက် သတင်းများ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
စက်တင်ဘာ ၁၈ ရက်တွင် မောင်ဖီးဒေးလယ်နှင့် မောင်ပါစွားလယ်တို့အား စစ်ကောင်စီတပ်သားများ ဝိုင်းဖွဲ့ထိုင်နေ သည့် ကြားတွင် ချုပ်နှောင်ထားပြီး လက်သုံးချောင်းကို ကြိုးဖြင့် ပူးချည်ကာ လက်ထောင်ခိုင်းထားသည့် အနေအထား၊ ရိုက်နှက်ခံထားရသဖြင့် မျက်နှာများ၌ ဒဏ်ရာများ ရရှိထားသည့် အနေအထားကို ရိုက်ယူထားသည့် ဓာတ်ပုံများအား စစ်ကောင်စီဘက်မှ လူမှုကွန်ရက်ပေါ်တွင် ထပ်မံဖြန့်ဝေခဲ့သည်။
အထက်ပါ အချက်အလက်များအရ ကယားပြည်နယ်တွင်း သြဂုတ် ၂၇ ရက်မှ ၁၉ ရက်အတွင်း ဖမ်းဆီးခံရထားသည့် အရပ်သားဦးရေမှာ ၂၇ ဦးရှိပြီဖြစ်သည်။
စစ်ကောင်စီသည် ကယားပြည်နယ်တွင်း စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန်၌ ၎င်းတို့၏ မြေပြင်ရှေ့တန်းတပ်ဖွဲ့များက ဖမ်းဆီးထားသည့် အရပ်သားများ၏ စာရင်း၊ အခြေအနေများကို ထုတ်ဖော်ပြောဆိုခြင်း တစုံတရာ မရှိပါ။
ဧရာဝတီမှ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို စက်တင်ဘာ ပထမပတ်နှင့် ဒုတိယပတ် အတွင်း မေးမြန်းထားရာတွင် ၎င်းတို့အနေဖြင့် အရပ်သားများကို ဖမ်းဆီးခြင်း မရှိဘဲ တိုက်ပွဲတွင်း လက်နက် ခဲ ယမ်းဖြင့် ဖမ်းမိသူများကိုသာ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေဆိုထားသည်။
ကယားပြည်နယ်တွင်း စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသူတဦးက “စစ်ကောင်စီဘက်ကတော့ အမြဲ တမ်း ငြင်းနေတာပါ။ ကျမတို့ ဒေသမှာ မပြောနဲ့ ချင်းပြည်နယ်ဘက်မှာလည်း အိမ်တွေ မီးရှို့တာ၊ အရပ်သားတွေ ကို သတ်ဖြတ်တာ သူလုပ်တယ် ဝန်မခံပါဘူး။ ကျမတို့ ကရင်နီဒေသမှာလည်း ထိုနည်းတူပါပဲ။ သူတို့က ဖမ်းပြီးရင် သတ် ပြီးရင် မတရားနှိပ်စက်တယ်။ PDF လို့ အတင်း ဝန်ခံခိုင်းနေတာတွေ လုပ်နေတာပါ” ဟု ပြောသည်။
စစ်ကောင်စီတပ်များသည် ဇွန်နှင့် ဇူလိုင်လအတွင်းကလည်း ကယားပြည်နယ်တွင်း အရပ်သားများကို ဖမ်းဆီးချုပ် နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။
ဇွန်နှင့် ဇူလိုင်လအတွင်း ဖမ်းဆီးခံရသည့် အရပ်သားဦးရေ ၂၀ ကျော်ထဲတွင်လည်း အသက် ၁၃ နှစ်အရွယ် စစ် ဘေးရှောင် ကလေးငယ်တဦး ပါဝင်ခဲ့ပြီး ရှေ့တန်းစစ်ရေးတင်းမာနေသည့် နယ်မြေများသို့ လမ်းပြအဖြစ် ခေါ် ဆောင်သွားခြင်း ခံရပြီး ရက်ပေါင်း ၂၀ကျော်ကြာမှသာ ပြန်လွှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံသည် ဂျီနီဗာကွန်ဗန်းရှင်းကို သဘောတူ လက်ခံကျင့်သုံးပါမည်ဟု ဆိုကာ ၁၉၉၂ ခုနှစ်တွင် လက်မှတ် ရေးထိုးထားသည့် နိုင်ငံတနိုင်ငံဖြစ်သဖြင့် န်ိုင်ငံတွင်းမှ လက်နက်က်ိုင်ထားသည့် တပ်ဖွဲ့အားလုံးသည် ပဋိပက္ခများ ဖြစ်ပွားရာတွင် ဂျီနီဗာကွန်ဗန်းရှင်းပါ အချက်များကို လိုက်နာကျင့်သုံးရမည်ဖြစ်သည်။
ဂျီနီဗာကွန်ဗန်းရှင်း၏ ပြဋ္ဌာန်းချက် အမှတ် ၁၃ နှင့် ၃၂ တွင် စစ်ရေး ပဋိပက္ခဖြစ်နေချိန်တွင်း အရပ်သားများကို ဘာ သာရေး၊ နိုင်ငံရေး အယူအဆ ကွဲပြားမှု၊ နိုင်ငံသား၊ လူမျိုးတို့ အပေါ်တွင် ခွဲခြားဆက်ဆံ၍ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ် ဖြတ်ခြင်းများ ပြုလုပ်ခြင်းမှ ကာကွယ်ပေးရမည်ဟု ဆိုထားသည်။
ပြဌာန်းချက် အမှတ် ၄၀ တွင်လည်း အရပ်သားများကို စစ်ဘက်ဆိုင်ရာလုပ်ငန်းများ၌ ဖိအားပေး၍ ခိုင်းစေခြင်း မလုပ် ဆောင်ရကြောင်း ဆိုထားသည်။
ထို့ပြင် နှစ်ဖက်တိုက်ပွဲအတွင်း တိုက်ခိုက်နေစဉ် ဖမ်းမိသည့် သုံ့ပန်းများ ဖြစ်ပါကလည်း လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နှင့် အညီ ထိန်းသိမ်းထားရမည်ဟုလည်း ဂျနီဗာကွန်ဗန်းရှင်းတွင် ပြဋ္ဌာန်းထားသည်။
ရန်သူပင် ဖြစ်လင့်ကစား ဆက်လက်မတိုက်ခိုက်နိုင်တော့၍ လက်နက်ချ အဖမ်းခံခြင်း၊ ဒဏ်ရာပြင်းထန်စွာ ရထားခြင်း စသဖြင့် ဖမ်းမိသည့် သုံ့ပန်းများကို ညှင်းပန်းနှိပ်စက်ခြင်း မပြုဘဲ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့်အညီ အစား အသောက်၊ အဝတ်အထည်နှင့် နေရာထိုင်ခင်းပေးကာ ထိန်းသိမ်းထားရမည်ဖြစ်သည်။
သုံ့ပန်းများကို မိမိသဘောဖြင့် အပြစ်ပေးခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း ပြုလုပ်ခွင့်မရှိဘဲ ဥပဒေနှင့် အညီ တရားရုံးတွင်သာ တရားစွဲဆိုခွင့် ပြုရမည်ဟု ဂျီနီဗာကွန်ဗန်းရှင်း၏ သုံ့ပန်းဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် ပြဋ္ဌာန်းထားသည်။
ဂျနီဗာကွန်ဗန်းရှင်းပါ ပြဌာန်းချက်များသည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၏ အခြေခံ အချက်များလည်း ဖြစ်သည်။
You may also like these stories:
ကယားတွင် ဒေသခံ ၂၆ ဦးကို စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီး
ဖယ်ခုံတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အရပ်သား ၂ ဦးကို စစ်ကောင်စီ ပစ်ခတ်၍ ခေါ်ဆောင်သွား
လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး