မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ လျှော်ဖြူ (အလယ်) ရွာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ပြီး မိသားစုဝင် ၄ ဦး သေဆုံးကာ ၂ နှစ်အရွယ်ကလေး အပါအဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း နီးစပ် ရာ ဆွေမျိုးများနှင့် ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက “အိမ်ခေါင်မိုးကနေ ဖောက်ပြီးတော့ လက်နက်ကြီး ကျတာ။ သူတို့က သေနတ်သံကြားလို့ အတွင်းထဲမှာ ဝိုင်းဖွဲ့ထိုင်နေတဲ့အချိန် ကျတာ။ ကျနော်တို့က အရပ်သားဆိုတော့ ဘာလက်နက်လဲတော့ မသိဘူး။ မြေကြီးတောင် တုန် တယ်” ဟု ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ရွာအစွန်ရှိ နေအိမ်တအိမ်၏ ခေါင်းမိုးပေါ်သို့ လက်နက်ကြီး ကျခဲ့သည့်အတွက် ၇၆ နှစ်အရွယ် ဦးဘိုခင်၊ ဒေါ်သန်း (၇၅ နှစ်)၊ ဦးမောင်ထွန်း (၄၈ နှစ်) နှင့် ဒေါ်မော်ဌေး (၃၀ နှစ်) တို့ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ထို့ပြင် ၂ နှစ်အရွယ် မောင်ဇွဲထက်မော်သည် မန္တလေးဆေးရုံကြီးတွင် လက်နက်ကြီး အစများ ထိမှန်ထားသည့် အတွက် ဆေးကုသမှု ခံယူနေပြီး လက်တဖက်ရှိ လက်ချောင်း ၂ ချောင်း ပြတ်ထွက်သွားကြောင်းနှင့် အသက် ၅၀ နှစ် အရွယ် ဒေါ်ဌေးမှာလည်း အပြင်းအထန်ဒဏ်ရာ ရရှိထားကြောင်း ဆွေးမျိုးနီးစပ်သူ တဦးက ပြောသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်တွင် ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စာ သင်ကျောင်းပေါ် သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းအပြင် လက်နက်ကြီးများဖြင့်ပါ အကြောင်းမဲ့ ပစ်ခတ်ခဲ့သည် ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဒေသခံတဦးက “သေနတ်သံတွေက မကြားစဖူး အသံမျိုးတွေနဲ့ တဒိုင်းဒိုင်းနဲ့ အချက်ရေပေါင်း ရာကျော်ပါတယ်။ လက်နက်ကြီးသံဆို မိုးတွေကို ဟိန်းထွက်သွားတဲ့ အသံမျိုး။ တပ်စွဲထားတဲ့ စာသင်ကျောင်း နှစ်ထပ်ကျောင်း အပေါ်ကနေ သူတို့ ထင်ရာမြင်ရာတွေ လုပ်ပြီးတဲ့အခါ ည ၁၂ လောက်ကျတော့ အိပ်နေတဲ့ လူတွေရဲ့ အိမ်ခေါင် သွပ်ပြားပေါ်မှာ လက်နက်ကြီး ကျပြီးတော့ အိမ်ထဲက လူတွေအကုန်လုံး သေဆုံးသွားရတာ” ဟု ပြောသည်။
စစ်ကောင်စီက ရွာအတွင်း လာရောက် တပ်စွဲထားသည်မှာ ၁၀ ရက်ဝန်းကျင် ရှိပြီဖြစ်ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်နေ့ ညဦးပိုင်းတွင် စစ်ကောင်စီ တပ်သားများသည် ဂစ်တာတီး၊ သီချင်းအော်ဆိုနေမှုများရှိကာ အရက်သေစာ သောက်စားထား မှုကြောင့် မူးရစ်ရမ်းကားပြီး ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ တချို့ကလည်း သုံးသပ်ပြောဆိုသည်။
“အသက် ၅၀ ဝန်းကျင် ရှိပါပြီ။ ဒုန်းဒုန်းဒိုင်းဒိုင်းတွေ ကြားလည်းမကြားခဲ့ဖူးပါဘူး။ သူတို့ဖြစ်စဉ် ကြားလိုက်ပြီး နောက်ရက် ည၊ တနေကုန်အထိကို နားထဲမှာ ကြောက်စိတ်တွေ စွဲပြီးတော့ စားလည်း မစားချင်၊ သွားလည်း မသွားချင်ဘူး။ နားထဲမှာ သေနတ်သံတွေ ကြားနေတော့ ထိတ်လန့်နေတဲ့ ပုံစံမျိုးတွေ ခံစားနေရတယ်” ဟုလည်း ဒေသခံတဦးက ပြောပြသည်။
တဖက်တွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လာရောက် ပစ်ခတ်သည့်အတွက် စစ်ကောင်စီက ပြန်လည် ပစ်ခတ်ရခြင်း ဖြစ်သည်ဟူသော သတင်းစကားများလည်း ရပ်ရွာအတွင်း ပြန့်နေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိကြောင်း တုန့်ပြန်ပြောဆိုသည်။
နွားထိုးကြီးမြို့နယ် PDF အဖွဲ့ဝင် တဦးက “(တိုက်ပွဲ) မဖြစ်ပါဘူးဗျ။ ဒီရက်ပိုင်းတွေမှာ ကျနော်တို့ဘက် လှုပ်ရှားတာ ခဏ နားထားပါတယ်။ သူတို့ မူးပြီးဖြစ်တာ။ သူတို့အချင်းချင်း စကားများတယ် ပြောတယ်။ ရွာကို မီးနဲ့ရှို့မယ် ဘာညာနဲ့မလို့ တားတဲ့သူက တားတာကနေ ဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လျှောက်ထုတာ” ဟု ပြောသည်။
စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မိသားစုမှာ ဆီစက်လုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း၊ ၎င်းတို့ ၄ ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီ အစီအစဉ်ဖြင့်ပင် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက နွားထိုးကြီး သုသာန်၌ သင်္ဂြိုဟ်ခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားရာ နေအိမ်ကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ထားကြောင်း သိရသည်။
စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သလို မီးငြှိမ်းသတ်ရန် သွားသည့် သင်းအုပ် ဆရာတော် တပါးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ထို့ပြင် အဆိုပါ သင်းအုပ်ဆရာတော်၏ လက်ချောင်းအား ဖြတ်ပြီးနောက် နာရီနှင့် လက်ထပ်လက်စွပ်ကိုလည်း လုယူခဲ့ ကြောင်း သိရသည်။
စစ်အာဏာသိမ်းမှု ၇ လကျော် ကာလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးသူ ၁,၁၁၄ ဦး ရှိလာပြီး ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၆,၆၆၆ ဦးရှိကာ ဖမ်းဝရမ်း ထုတ်ခံထားရ၍ တိမ်းရှောင်နေရသူ ၁,၉၈၄ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။