စစ်ကောင်စီ စွပ်စွဲသလို ဘာသာရေး သွေးခွဲနေခြင်း မဟုတ်ကြောင်း ချင်းနှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ ချုပ်များက ငြင်းဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက်က ချင်းပြည်နယ် ထန်တလန်မြို့တွင် စစ်တပ်၏ လက်ချက်ဖြင့် နေအိမ်တချို့ မီးလောင်ရာ တွင် မီးသွားငြိမ်းသည့် သင်းအုပ်ဆရာ ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချူပ် (CBC) နှင့် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)တို့က နောက်တရက်တွင် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်း ထုတ်ပြန်ချက် အပေါ် စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘာသာရေးသွေးခွဲသည့် ဘက်ကို ဦးတည်နေပြီး၊ အန္တရာယ်များကြောင်း ယနေ့ထုတ် စစ်တပ်ပိုင် မြဝတီနှင့် မြန်မာ့အလင်း သတင်းစာတွင် ဖြေကြားထားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ထန်တလန်မြို့က သင်းအုပ်ဆရာသည် စစ်တပ်၏ ပစ်ခတ်မှုကြောင့်သေဆုံးပြီး လက်ကိုဖြတ်ပြီး လက်စွပ်နှင့် နာရီများကို ယူသွားသည်ဆိုသော မဟုတ်မမှန် တဖက်သတ်စွပ်စွဲထားသည့် သတင်းများကို တွေ့နေရကြောင်း ယင်းကိစ္စကို တပ်မတော်က ထပ်မံ စုံစမ်းစစ်ဆေးနေကြောင်း၊ ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချူပ် (CBC) နှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ထုတ်ပြန်ချက်သည် ထန်တလန်မြို့ ဖြစ်စဉ်ကို အခြေခံကာ ဘာသာရေး သွေးခွဲနေသည်ဟု မြင်ကြောင်း ဆိုသည်။
CBC နှင့် KBC အဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူများကမူ ၎င်းတို့၏ ထုတ်ပြန်ချက်များသည် ဘာသာရေးအရ သွေးခွဲနေခြင်း မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (CBC) အတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ လောဟာလိန်းက “အဖွဲ့ချုပ်အနေနဲ့ ထုတ် ပြန်တဲ့နေရာမှာ အတိမ်းအစောင်းမခံ၊ အမှားမခံဘဲနဲ့ သေချာလေ့လာပြီးတော့ ဆန်းစစ်ပြီးတော့ နယ်အဖွဲ့ ခေါင်းဆောင် များနဲ့ သေချာ Comfirm လုပ်ပြီးတော့၊ အသင်းတော်များနဲ့လည်း Confirm လုပ်ပြီးတော့ ကျနော်တို့ ကိုယ်တိုင် မမြင်ရရင် တောင်မှ တိတိကျကျ သေချာအောင် လုပ်ပြီးမှ တခုခုထုတ်ပြန်ပါတယ်။ အကြီးအကျယ် အပြန်အလှန် သဘောနဲ့လည်း Debate မလုပ်ချင်ဘူး” ဟု ဆိုသည်။
ထို့ပြင် မြေပြင်တွင် အဖြစ်မှန် မည်ကဲ့သို့ ဖြစ်ခဲ့သည်ကို ပိုမိုရှင်းလင်းစေလိုပါက လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မ ရှင်ဖွဲ့ကာ စစ်ဆေးသင့်ကြောင်း ၎င်းက ဆိုသည်။
CBC၏ စက်တင်ဘာလ ၁၉ ရက် ထုတ်ပြန်ချက်တွင် မြန်မာ့ တပ်မတော်၏ လုပ်ရပ်များကြောင့် နိုင်ငံရေး ပဋိပက္ခများ သာမ က ပိုမိုရှုပ်ထွေးသည့် ဘာသာရေး၊ လူမျိုးရေးအသွင်းဆောင် ပဋိပက္ခများဖြစ်လာနိုင်သဖြင့် အပြင်းအထန် ကန့်ကွက် ကြောင်း ရေးသားထားသည်။
“ဘာသာရေး အသွင်ဆောင်၊ လူမျိုးရေးအသွင်ဆောင် ပြည်တွင်း ပဋိပက္ခတွေ ဖြစ်စေနိုင်တဲ့အတွက်ကြောင့် ကျနော်တို့က ကန့်ကွက်တဲ့ ကိစ္စပဲ ဖြစ်တယ်လေ။ အဲဒီလိုဖြစ်မှာကို ကျနော်တို့က မလိုချင်ဘူး။ ကျနော်တို့က ဘာသာရေးသွေးခွဲပြီး ပြော နေတာ မဟုတ်ဘူး။ ဒါပေမယ့် ဒီဘာသာရေး အဆောက်အအုံနဲ့ သာသနာ့ ဝန်ထမ်းတွေကို ဒီလိုပဲ ခဏခဏ ဖြစ်လာရင် ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခဖြစ်လာမယ်လေ။ ဘာသာရေး ပဋိပက္ခမဟုတ်ဘူး။ အဲဒါလေးတွေကတော့ သေသေ ချာချာ နားလည်ဖို့လိုတာပေါ့” ဟု ၎င်းက ဆိုသည်။
အလားတူ စက်တင်ဘာ ၂၀ရက်မှာလည်း ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ သိက္ခာတော်ရ ဒေါက်တာ ခလန်ဆမ်ဆွန်က ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်နှင့်အတူ ထပ်တူဝမ်းနည်းကြောင်း၊ သာသနာ့ နယ်မြေများရှိ အဆောက် အအုံများ ပျက်စီးစေခြင်း၊ သာသနာ့နယ်မြေများ လုံခြုံမှု မရှိစေခြင်း၊ ဓမ္မအမှုတော်ဆောင်၊ အသင်းသူ အသင်းသားများနှင့် ပြည်သူများအား အန္တရာယ်ကျရောက်စေခြင်းများအား ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်သည်။
“ဘာသာရေး သွေးခွဲနေတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အဲဒီလောက် သဘောထား မသေးသိမ်ပါဘူး။ လူမျိုး ရေး၊ ဘာသာရေးလည်း မရည်ရွယ်ပါဘူး။ ဒါမျိုးဖြစ်မှာလည်း မဟုတ်ပါဘူး။ ဒီခေတ်ဒီအချိန်မှာ အဲဒီလို အမြင်ကျဉ်းမြောင်း တာတွေက ဘယ်သူမှ မရှိတော့ပါဘူး” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ စစ်ကောင်စီဘက်က ချင်းနှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်များ၏ ထုတ်ပြန်ချက်များကို ငြင်းဆိုပြီး ဘာသာ ရေးဘက် ဦးတည်နေသည်ဟု ပြောဆိုခြင်းသည် ၎င်းတို့အပေါ် နိုင်ငံတကာဖိအား ကျရောက်လာနိုင်သည့်အတွက် စိုးရိမ် ပြီး ပြောဆိုခြင်းဖြစ်နိုင်ကြောင်း ဒေါက်တာခလန်ဆမ်ဆွန်က သုံးသပ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက် ဖြစ်ရပ်အပေါ် မျက်မြင်တွေသူများ အဆိုအရ စစ်တပ်၏ လက်နက်ကြီးနှင့် ပစ်ခတ်မှု ကြောင့် ချင်းပြည်နယ် အနောက်ပိုင်း ထန်တလန်မြို့ပေါ်ရှိ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ခဲ့ရသလို မီးငြှိမ်းရန် သွားသည့် သင်းအုပ်ဆရာတော် ပါစတာကျုံးဗျက်ဟုမ်းကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ကာ လက် ချောင်းဖြတ်၍ နာရီနှင့် လက်ထပ် လက်စွပ်ကို လုယူသွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးကလည်း ထန်တလန်မြို့ရှိ နှစ်ခြင်း ခရစ်ယာန်သင်းအုပ်ဆရာအား သတ်ဖြတ်ခြင်းနှင့် လူနေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသည် လူထုကို ဆန့်ကျင်သော စစ်ကောင်စီက ပို့လွှတ်လိုက်သည့် သက်ရှိငရဲများ၏ နောက်ဆုံး ဥပမာပင်ဖြစ်ကြောင်း ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသည်။
ထို့အတူ ဗြိတိန်နိုင်ငံ အခြေစိုက် Christian Solidarity Worldwide (CSW) ကလည်း ပါစတာ ကျုံးဗျက်ဟုမ်း အသတ်ခံရ သည့်အပေါ် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြောင်းဆိုပြီး မြန်မာပြည်သူများအပေါ် ထိတ်လန့်ဖွယ် ဆက်ဆံသည့် မြန်မာ စစ်ကောင်စီအား တကမာ္ဘလုံး အတိုင်းအတာဖြင့် လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကြေညာချက် ထုတ်လာသည့်နောက် စစ်ကောင်စီဘက်က ချင်းနှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်များ၏ ထုတ်ပြန်ချက် သည် ဘာသာရေး သွေးခွဲနေ သည်ဟု ဆိုလာခြင်း ဖြစ်သည်။
You may also like these stories:
တို့ပြည်သူတွေ ညီရဲ့လားဟေ့ ဆိုပြီး လမ်းပေါ်မှာ ညီတယ်ဟေ့ဆိုတာလောက်နဲ့ မရတော့ဘူး
စစ်အာဏာရှင်ကို အာခံတွန်းလှန်နေကြသည့် ချင်းတောင်တန်းပေါ်က လက်နက်ကိုင်တပ်များ