ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံအတွင်းသို့ ထိုင်းမှ လက်နက်မှောင်ခိုရောင်းချခြင်းကို တားဆီးရန် နယ်စပ် တလျှောက် လုံခြုံရေးတိုးမြှင့်ဖို့ ထိုင်းလုံခြုံရေးဌာနများသို့ ညွှန်ကြားထားကြောင်း Bangkok Post သတင်းက ဆိုသည်။
ယင်းညွှန်ကြားချက်မှာ ထိုင်း ဒုဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝမ်က ပေးခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီနှင့် ခုခံရေးအင် အားစု များအကြား တိုက်ပွဲပြင်းထန်နေသည့် မြန်မာနိုင်ငံသို့ စစ်သုံးလက်နက်များ မှောင်ခိုသွင်းနေသည်ဆိုသော သတင်းများ ကြောင့် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဒုဗိုလ်ချုပ်ကြီး ကွန်ချက် တန်ထရာ ဝါနစ်က အင်္ဂါနေ့က ပြောသည်။
ထိုင်း လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာနများ အနေဖြင့် လက်နက်ပင်ရင်းများ၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း များ၊ မှောင်ခိုသမားများ၏ ငွေပေးချေမှုလမ်းကြောင်းများကို စုံစမ်းရန်လည်း ဒုဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း အဆိုပါ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူကို ကိုးကား၍ Bangkok Post က ဆိုသည်။
မတ်လနှောင်းပိုင်းက ထိုင်နိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့တွင် မြန်မာဘက်ခြမ်း တာချီလိတ်သို့ ပို့မည်ဟု ယူဆရသည့် လက်နက်ခဲယမ်း ထောင်ပေါင်းများစွာနှင့် လက်ပစ်ဗုံး ၁၀၀ ကျော်ကို ထိုင်းရဲ့ ဖမ်းဆီးမိခဲ့ရာ M16 နှင့် M4 ရိုင်ဖယ် ကျည် ၆၀၀၀ နှင့် K75 လက်ပစ်ဗုံး ၁၁၂ လုံးပါဝင်ကြောင်း အထက်ပါထိုင်းသတင်းစာကရေးသားသည်။
ပြီးခဲ့သောနှစ် ဇွန်လကလည်း မဲဆောက်ခရိုင် မယ်တော်အရပ်ရှိ အိမ်တလုံးကို ထိုင်းစစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က စီးနင်းရာ မြန်မာသို့ ပို့မည်ဟု ယူဆရသည့် AK47 တိုက်ခိုက်ရေး ရိုင်ဖယ်များ၊ စက်သေနတ်များ၊ တင့်ဖျက်မိုင်းများ၊ လက်ပစ်ဗုံးများနှင့် ခဲယမ်းများ စသည့် တရုတ်လုပ်လက်နက်အများအပြားကို ဖမ်းမိခဲ့သည်။
လွန်ခဲ့သော ၂ ပတ်က စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီကို ခုခံစစ်ကြေညာသည်။ တိုက်ပွဲများ ပြင်းထန်လာပြီး ဗုံးခွဲမှုများနှင့် သတ်ဖြတ်မှုများ မြန်မာနိုင်ငံတွင်နေ့စဉ် ဖြစ်ပေါ်နေသည်။
ယခုတကြိမ်တွင်မူ ထိုင်းလုံခြုံရေးတပ်များသည် ထိုင်းနိုင်ငံမြောက်ပိုင်း မဲဟောင်ဆောင်နှင့် မျက်နှာချင်းဆိုင်ရှိ ကယားပြည်နယ်နှင့် တောင်ပိုင်း ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ဒေသများတွင် တိုက်ပွဲများပြင်းထန်လာခြင်းကို စိုးရိမ်နေကြသည်။
ထိုင်းနယ်စပ်တလျှောက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ပြည်ပ လက်နက်မှောင်ခို ဈေးကွက် များနှင့်ထိုင်းနိုင်ငံမှလက်နက်ခဲယမ်းများကို ဝယ်ယူကြရာ မြန်မာနိုင်ငံမှ မည်သည့်ပုံစံ အကြမ်းဖက်မှုကိုမျှ ထိုင်းက မထောက်ခံကြောင်း ဒုဝန်ကြီးချုပ် ပရာဝစ်ပြောကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ဒုဗိုလ်ချုပ်ကြီးကွန်ချက် တန်ထရာဝါနစ်က ထည့်သွင်းပြောဆိုသွားသည်။
You may also like these stories:
အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော
လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး