နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် တရား စွဲခံရသည့် စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲလ် အပါအဝင် ၄ ဦးအား ယနေ့ နေပြည်တော်၊ ဒက္ခိဏသီရိခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။
ယနေ့တွင် ရှေ့နေပါဝါ တင်ခြင်းနှင့် အမှုနှင့် ပတ်သက်၍ သီးခြားတွေ့ဆုံဆွေးနွေး ခွင့်များ တင်ပြလျှောက်ထား ခဲ့ကြောင်း လည်း အဆိုပါ အမှု လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေများက ပြောသည်။
ယင်းအမှုသည် မစ္စတာ ရှောင်တာနဲလ်၏ လက်ပ်တော့ ကွန်ပျူတာအတွင်းမှ တွေ့ရှိသည့် စာရွက်စာတမ်းများနှင့် ပတ် သက်ပြီး စွဲဆိုထားခြင်းဖြစ်ပြီး အမှုတွဲတွင် မစ္စတာ ရှောင်တာနယ်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း၊ ဦးဆက်အောင်၊ ဦးကျော်ဝင်း တို့ ပါဝင်ခြင်း ဖြစ်သည်။
ထို့ပြင် မစ္စတာ ရှောင်တာနဲလ်တဦးတည်းကိုလည်း လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် သီးခြား တရားစွဲဆိုထားမှု အတွက်လည်း ယခု တရားရုံးတွင်ပင် စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။
ယနေ့ရုံးချိန်းတွင် မစ္စတာရှောင်တာနယ်၊ ဦးစိုးဝင်း၊ ဦးဆက်အောင်၊ ဦးကျော်ဝင်းတို့ကိုသာ တရားရုံးရှေ့ရုံးထုတ်ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်အား အွန်လိုင်း ဗီဒီယိုဖြင့်သာ ရုံးထုတ်ခဲ့ကာ သက်သေများ စတင်စစ်ဆေးခြင်း မရှိသေးပေ။ ၎င်းတို့ အမှုအား အပတ်စဉ် ကြာသပတေး နေ့တိုင်း ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မစ္စတာ ရှောင်တာနဲလ်သည် အင်စိန်ထောင်အတွင်း ချုပ်နှောင်ခံထားရစဉ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခဲ့ပြီး၊ ယနေ့ရုံး ထုတ်တွင် ၎င်းနှင့်အတူ လေးဦးစလုံး အားနည်း မောပန်းနေသည့် ပုံစံမြင်တွေ့ရကြောင်း ရှေ့နေတဦးက ပြောသည်။
လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲဆိုမှုအား မူလက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စွဲဆိုခဲ့ခြင်းဖြစ်သော်လည်း နေပြည် တော်တွင် ပြောင်းရွှေ့စစ်ဆေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမိန့်ချမှတ်ခဲ့သည့်အတွက် ပြောင်းရွှေ့စစ်ဆေး ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ စက်တင်ဘာ ၂၂ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအား အဂတိ လိုက်စားမှုဖြင့် ရန်ကုန်တိုင်းတ ရား လွှတ်တော်ချုပ်တွင် တရားစွဲဆိုထားသည့်အမှုအား အွန်လိုင်း ဗီဒီယိုဖြင့် ရုံးထုတ်ခဲ့ပြီး အောက်တိုဘာ ၆ ရက်အား ရုံး ချိန်း ပြန်လည် ချိန်းဆိုထားသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တို့ကို ပုဒ်မ ၅၀၅- ခ ဖြင့် စွဲချက်တင်
စီးပွားရေးအကြံပေး ရှောင်တာနယ် အင်းစိန်ထောင်တွင် ကိုဗစ်ကာကွယ်ဆေးထိုး
ရခိုင်ဝန်ကြီးဟောင်း ၅ ဦး၏ အဂတိအမှု တရားလိုပြသက်သေများ စစ်ဆေးတော့မည်