တနင်္သာရီတိုင်း ထားဝယ်မြို့တွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံရသည့် မစိုးမီမီကျော်သည် စစ်ကြော ရေးတွင် ရိုက်နှက်နှိပ်စက်၍ စစ်ဆေးခံရသဖြင့် ထားဝယ်ဆေးရုံသို့ ရောက်ရှိနေကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာလ၂၀ ရက်တွင် စစ်ကောင်စီက ထားဝယ်တက္ကသိုလ်မှ အင်္ဂလိပ်စာ မေဂျာ ကျောင်းသူဟောင်း တဦးလည်းဖြစ်သည့် မစိုးမီမီကျော်နှင့် မောင်စိုးပြည့်အောင်၊ မသျှားပြည့်ခင်နှင့် ၁၃ နှစ်အရွယ် မိန်းကလေး တဦး တို့အား ဖမ်းဆီးခဲ့ရခြင်း ဖြစ်သည်။
ထားဝယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက “မစိုးမီမီကျော်ဆီက စာရင်းစာအုပ်တွေ ပါသွားတာ။ အဲဒါတွေ ကို စစ်ကြောရေးမှာ ရိုက်နှက်ပြီး စစ်မေးတာတွေ ရှိတယ်။ ဆေးရုံ ရောက်နေတာတော့ သေချာတယ်” ဟု ပြော သည်။
မစိုးမီမီကျော်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ၁၃ နှစ်အရွယ် မိန်းကလေးအား အသက်မပြည့်သေးသည့်အတွက် ပြန်လွှတ်ပေးခဲ့သည်။
စစ်ကြောရေးတွင် မစိုးမီမီကျော်အား ၎င်း၏ စာရင်းစာအုပ်များကို ပြကာ ရိုက်နှက်မေးမြန်းခဲ့သော်လည်း အဖြေ မရသည့် အဆုံးတွင် ရပ်တန့်ခဲ့ကြောင်း ထို့နောက် မစိုးမိမိကျော်သည် အိမ်သာသို့သွားရာ၌ အရက်ပျံသောက်၍ သေကြောင်း ကြံစည်ခဲ့ကြောင်းကို စက်တင်ဘာ ၂၂ ရက်က ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။
ထိုသို့ အရက်ပျံသောက်ခဲ့သည်ဆိုခြင်းအား အတည်ပြု၍ မရသေးဘဲ ကြားသိရသလောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ထားဝယ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးက ဧရာဝတီကို ပြောသည်။
ဖမ်းဆီးခံရသူ ၃ ဦးတို့ကို စစ်ကြောရေးသို့ ပို့ပြီး ကိုစိုးပြည့်အောင်နှင့် မသျှားပြည့်ခင်တို့ ၂ ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းပြီးနောက် မစိုးမီမီကျော်ကို စစ်ဆေးမေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထားဝယ် တကသ အတွင်းရေးမှူးက “ဆေးရုံရောက်နေတာတော့ သေချာတယ်။ အရက်ပျံသောက်တယ်ဆို တာတော့ သေချာ မပြောနိုင်သေးဘူး” ဟုပြောသည်။
လက်ရှိတွင် မစိုးမီမီကျော်သည် ထားဝယ်စစ်ဆေးရုံသို့ ရောက်ရှိနေပြီး ကိုစိုးပြည့်အောင်နှင့် မသျှားပြည့်ခင်တို့ ၂ ဦးမှာ ထားဝယ်မြို့မ ရဲစခန်းသို့ ရောက်ရှိနေကြောင်း သိရသည်။
စက်တင်ဘာလ ၁၇ ရက်တွင် ထားဝယ်တက္ကသိုလ် သင်္ချာပထမနှစ် ကျောင်းသူ မဝေနွယ်နှောင်း၊ အင်္ဂလိပ်စာ ပထမနှစ် ကျောင်းသူ မအေးသီရိဇော်၊ စက်တင်ဘာလ ၁၆ ရက်တွင် သင်္ချာဌာန တတိယနှစ် ကျောင်းသူ မချိုချို ဖြိုး ၊ အင်္ဂလိပ်စာ ကျောင်းသူဟောင်း မြဝတီဘဏ် CDM ဝန်ထမ်း မနှင်းကလျာဝင်းနှင့် ခင်ပွန်းဖြစ်သူ ကိုဘို ဟိန်းကျော် အစရှိသူတို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၇ လကျော် ကာလအတွင်း စစ်ကောင်စီ လက်ချက် ကြောင့် သေဆုံးသူ ၁၁၂၀ ဦး ရှိလာပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၆၆၉၈ ဦးရှိကာ ဖမ်းဝရမ်း ထုတ်ခံထားရ၍ တိမ်းရှောင်နေရသူ ၁၉၈၄ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားသည်။
You may also like these stories:
ကယားစစ်ဘေးရှာင်များအား ကူညီသူ ၂ ဦးနှင့် ဒေသခံ ၂ ဦး စစ်ကောင်စီ ဖမ်းဆီး
လောင်းလုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ် ဗုံးပေါက်ကွဲ၊ ၁ ဦး သေ ၁ ဦး ဒဏ်ရာပြင်းထန်
ပုလောမြို့နယ်တွင် PDF နှင့် ပတ်သက်သည်ဆိုကာ လူ၃ ဦးအား စစ်ကောင်စီ ဖမ်းဆီး