ယခင် စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ဝေခံအစိုးရနှင့် ဆက်ဆံရေးနွေးထွေးသည့် ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးဟောင်းတဦးသည် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးသက်တမ်းနောက်လတွင် ကုန်ဆုံးသောအခါ ထိုရာထူးကို ဆက်ခံမည်ဟု သတင်းများထွက်ပေါ်နေသည်။
သူမကိုခန့်အပ်ခြင်းကို ကုလသမဂ္ဂက တရားဝင်အတည်ပြုခြင်းမရှိသေးသော်လည်း ထိုကိစ္စနှင့် နီးစပ်သည့် သံတမန်များက မစ္စ နိုလိန်းဟေဇာသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ဖြစ်လာမည်ဟုပြောသည်။ သူသည် ၂၀၀၀ ပြည့်နှစ်များအစောပိုင်းက ကုလသမဂ္ဂ၏ ဒေသဆိုင်ရာကော်မရှင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်သည်။ လူမှု သိပ္ပံ ပညာရှင်ဖြစ်သော ဟေဇာသည် တီမောတွင် ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ အကြံပေးအဖြစ်လည်း ထမ်းဆောင်နေသည်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်ဆလင် ပြဿနာကို အဓိကထား ကိုင်တွယ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးကို ၂၀၁၈ ခုနှစ်က မြန်မာအစိုးရနှင့် ပူးပေါင်းပြီး ပထမဆုံးအကြိမ် ဖန်တီးခဲ့သည်။
အာရှပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP) ၏ အကြီးအကဲဟောင်း ဖြစ်သောကြောင့် ဟေဇာသည် မြန်မာနိုင်ငံနှင့် မစိမ်းပေ။
ထိုသို့ခန့်အပ်ခံရပါက အသက် ၇၃ နှစ်ရှိပြီဖြစ်သော စင်္ကာပူနိုင်ငံသူ ဟေဇာသည် လက်ရှိအထူးသံတမန် ခရစ္စတင်း ရှရနာ ဘာဂနာထံမှ တာဝန်များကို သာမက ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသည့် နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းများကို ဖြေရှင်းရေး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ဖျောင်းဖျသည့် သူမ၏ မအောင်မြင်သော လုပ်ငန်းကိုပါ အမွေဆက်ခံရမည်ဖြစ်သည်။
အာရှပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP) ၏ အကြီးအကဲဟောင်း ဖြစ်သောကြောင့် ဟေဇာသည် မြန်မာနိုင်ငံနှင့် မစိမ်းပေ။ နိုင်ငံကို ၂၀၁၁ ခုနှစ် မတ်လအထိ အုပ်ချုပ်ခဲ့သော စစ်အုပ်စုခေတ်က သူသည် မြန်မာနိုင်ငံသို့ အကြိမ်များစွာ လာရောက်ခဲ့ဖူးပြီး မြန်မာနိုင်ငံ ခံစားနေရသည့် ဆင်းရဲနွမ်းပါးမှုများကို ကောင်းစွာသိသူဖြစ်သည်။ သူသည် စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားရသည့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသူ တဦးလည်းဖြစ်သည်။
ထိုစဉ်က စစ်အုပ်စုသည် ၂၀၀၈ ခုနှစ်တွင် ဧရာဝတီတိုင်းကို ဖျက်ဆီးခဲ့ပြီး လူပေါင်း ၁၃၀၀၀၀ ကျော် သေဆုံးစေသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် နိုင်ငံတကာကယ်ဆယ်ရေး အကူအညီများကို လက်ခံရန် စ်ိတ်အားထက်သန်ခြင်း မရှိသောကြောင့် ဟေဇာသည် ESCAP အကြီးအကဲအနေဖြင့် ဘန်ကောက်တွင် ကျင်းပသည့် နာဂစ်အလွန် ပြန်လည်ထူထောင်ရေးညီလာခံ ကျင်းပရာတွင် လိုအပ်နေသူများထံ အကူအညီများ ရောက်ရှိရေးအတွက် ပါဝင်ဆောင်ရွက်ရသည်။ ထိုစဉ်က နိုင်ငံတကာ အကူအညီများကို ညှိနှိုင်းရသည့် စစ်အုပ်စု ဒု နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူသည် ထိုညီလာခံတွင် အဓိက စကားပြောသူဖြစ်သည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်နေသော အရှေ့တောင်အာရှနိုင်ငံများအသင်းသည် မြန်မာနိုင်ငံသို့ အကူအညီများကို ပေးပို့နိုင်ခဲ့သည်။
“နိုလိန်ဟေဇာသည် မြန်မာနိုင်ငံမှ အခြေအနေများကို မြန်မာစစ်အုပ်စု၏ အမြင်မှ ရှုမြင်ရေး၊ ၎င်းတို့နားလည်သည့် ဘာသာစကားဖြင့်ပြောရေးနှင့် ထိုမှတဆင့် အကျပ်အတည်းဖြေရှင်းရေးသည် သော့ချက်ဖြစ်သည်ဟု မြင်သည်” ဟု ဦးသန့်မြင့်ဦးက သူ၏နောက်ဆုံးစာအုပ်ဖြစ်သော The Hidden History of Burma စာအုပ်တွင်ရေးသားသည်။
ထိုနောက် စစ်အုပ်စုက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ် နှောင်းပိုင်းတွင် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်သောအခါ ဟေဇာသည် မြန်မာနိုင်ငံတိုးတက်ရေးအတွက် ဗိုလ်ချုပ်များနှင့်ဆွေးနွေးရန် လုပ်ဆောင်ရပြီး “ရှင်တို့နဲ့အတူ အလုပ်လုပ်ဖို့ အကောင်းဆုံး စိတ်ထားသဘောထားတွေကို ကျမတို့ ယူဆောင်လာပါတယ်” ဟုပြောကြောင်း အထက်ပါ စာအုပ်ကဆိုသည်။
ဟေဇာသည် မြန်မာနိုင်ငံတိုးတက်ရေးအတွက် ဗိုလ်ချုပ်များနှင့်ဆွေးနွေးရန် လုပ်ဆောင်ရပြီး “ရှင်တို့နဲ့အတူ အလုပ်လုပ်ဖို့ အကောင်းဆုံး စိတ်ထားသဘောထားတွေကို ကျမတို့ ယူဆောင်လာပါတယ်” ဟုပြောသည်။
ထိုနောက် သူသည် နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် ဂျိုးဇက် စတစ်ဂလစ်ကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်သည်။ နေပြည်တော်မှ မြန်မာကွန်ဗင်းရှင်းစင်တာရှိ လူမှုအခြေပြုအဖွဲ့အစည်းများ၊ နောင်လအနည်းငယ်အကြာတွင် စစ်ကောက်စီလက်ဝေခံအစိုးရတွင် သမ္မတဖြစ်လာမည့် ဝန်ကြီးချုပ် ဦးသိန်းစိန်အပါအဝင် အစိုးရအရာရှိများပါသည့် ပရိသတ်ရှေ့တွင် စတစ်ဂလစ်က ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ်မြှင့်တင်ရန်၊ ကျေးလက်ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ရေနံနှင့် သဘာဝဓါတ်ငွေမှ ဝင်ငွေကို အသိဉာဏ်ရှိရှိသုံးရန် အလေးထားပြောကြားသည်။
ရခိုင်နှင့် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းများအကြား ပဋိပက္ခကြောင့် ၂၀၁၂ ခုနှစ်တွင် အခြေအနေဆိုးရွားလာသောအခါ ထိုစဉ်က ဦးသိန်းစိန်အစိုးရက ထိုလူမှုအသိုက်အဝန်း ၂ ခုလုံးအတွက် ကောင်းမွန်မည့် စီးပွားရေးတိုးတက်မှု သေနင်္ဂဗျူဟာ ကူညီချမှတ်ပေးရန် ဟေဇာကို ပြောသည်။
“ဟေဇာသည် ထိုတောင်းဆိုမှုကို နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်သို့ တင်ပြခဲ့သည်။ မည်သည်မျှဖြစ်မလာခဲ့ပေ” ဟု ဦးသန့်မြင့်ဦးပြောသည်။
သူသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်လည်း ဆက်ဆံရေး ကောင်းသူဖြစ်သည်။ သူ့ကို အထူးသံတမန်အဖြစ် ခန့်အပ်မည်ဟူသည့် သတင်းပျံ့လာသောအခါ အာဏာသ်ိမ်းပြီးနောက် ဖြုတ်ချခံထားရသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အချို့က ကြိုဆိုကြပြီး သူသည် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု ပြောသည်။
နေပြည်တော်မှ စစ်ခေါင်းဆောင်များသည် အခြားနိုင်ငံတကာသံတမန်များနှင့် စကားပြောရသည်ထက် ဟေဇာနှင့် စကားပြောရလျှင် ပိုမိုသက်သောင့်သက်သာရှိနိုင်သော်လည်း လက်ရှိ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်မှာ ခန့်မှန်းရခက်သည်
ဟေဇာသည် လက်ရှိ စစ်ကောင်စီ၏ ဆရာသမားများထံမှ ယုံကြည်မှုကို ရခဲ့သူဖြစ်သောကြောင့် နေပြည်တော်မှ လက်ရှိစစ်ကောင်စီခေါင်းဆောင်များသည် အခြားနိုင်ငံတကာသံတမန်များနှင့် စကားပြောရသည်ထက် ဟေဇာနှင့် စကားပြောရလျှင် ပိုမိုသက်သောင့်သက်သာရှိကြမည်ဖြစ်သည်။ သို့သော် လက်ရှိ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ခန့်မှန်းရခက်သော လူ ဖြစ်သောကြောင့် ဟေဇာအနေဖြင့် ယခင်စစ်အုပ်စုနှင့် ခင်မင်မှုကို ထူးထူးခြားခြား အခွင့်အရေးမယူသင့်ပေ။ အခြေခံအားဖြင့် ဆိုရပါက လက်ရှိစစ်ကောင်စီသည် ယခင်စစ်အုပ်စုများကဲ့သို့ပင် အာဏာထိန်းထားနိုင်ရေးကိုသာ စိတ်ဝင်စားပြိး ရန်သူနှင့် အပေးအယူလုပ်ရခြင်းကို စိတ်မဝင်စားပေ။ ရွေးစရာလမ်းမရှိသောအခါ သို့မဟုတ် ဆွေးနွေးရာတွင် ၎င်းတို့အကျိုးကိုမြင်သောအခါမှသာ ဆွေးနွေးပွဲစကားဝိုင်းသို့ ရောက်လာမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Former UN Under-Secretary-General Tipped as Next Special Envoy to Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့သံတမန်ရေးသင်္ချိုင်းမှာ ကျဆုံးတော့မယ့် နောက်ထပ်အထူးသံတမန်တဦး
စစ်ကောင်စီကို တရုတ်က ထောက်ခံမှု အပြည့်အ၀ မပေးသေးတာ ထူးဆန်းလား
NUG နဲ့ NLD အကြား သဘောထားကွဲနေသလား
အာဏာသိမ်းမှုများက တိုင်းပြည်ကျရှုံးမှုကိုသာ ဦးတည်နေ