သတင်း

BGF ထိန်းချုပ် နယ်စပ်ကုန်သွယ်ရေးလှေဂိတ်များ ထိုင်းဘက်က ပြန်ဖွင့်ရန်စီစဉ်

ထိုင်းနိုင်ငံဘက်က တရားဝင် ကုန်သွယ်ရေးဂိတ်အဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံဘက်မှ တရားမဝင် နယ်စပ်ကုန် သွယ်ရေးအဖြစ် သတ်မှတ်ထားသော သောင်းရင်းမြစ်ဘေးရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ထိန်းချုပ်ထား သည့် လှေဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံဘက်မှ ပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ နယ်စပ်ကုန်သွယ်ရေးလှေဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စက်တင်ဘာ ၂၀ ရက်နေ့က ထိုင်း နိုင်ငံ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှ ဦးဆောင်ကာ နှစ်နိုင်ငံ နယ်စပ်ကွပ်ကဲမှု ဗဟိုဌာနကော်မတီများ အပါအဝင် စီးပွားရေး လုပ် ငန်းရှင်များနှင့် တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုင်းနိုင်ငံအတွက် တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်များအဖြစ် သတ်မှတ်ထားသော ယင်းနယ်စပ်လှေဂိတ်များသည် ထိုင်း-မြန်မာကြား ဂိတ်ပေါင်း ၃၄ ဂိတ်ကျော်အထိ ရှိပြီး ထိုင်းနိုင်ငံအတွက် ဘတ်ငွေ သန်းချီရရှိသော နယ်စပ်ဂိတ်များ ဖြစ်ကြောင်း နယ်စပ်ကုန်သည်တချို့က ဧရာဝတီကို ပြောသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF က ထိန်းချုပ်ထားသည့် ဂိတ်များမှ ရရှိသည့် အကျိုးအမြတ်များကို BGF ၏ ဗိုလ်မှူးကြီး စောချစ်သူ နှင့် ဗိုလ်မှူး စောမုန်သုန် တို့က အဓိက အကျိုးအမြတ်ရရှိနေသူများလည်း ဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံ အတွက်ကတော့ ဒီဂိတ်တွေက လစဉ် ဘတ်သန်းပေါင်းများစွာ အကျိုးရှိတယ်။ မြန်မာဘက်ကတော့ ကုန် ပစ္စည်းတွေ ဝင်နေပါလျက်နဲ့ အခွန်အခတွေ မရတော့ဘူးပေါ့။ နိုင်ငံအနေနဲ့ ဆိုရင်တော့ ဆုတ်ယုတ်တာပေါ့”

ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်တဦးက “အဲဒီမှာက BGF နဲ့ မပတ်သက်တဲ့ ဂိတ်က မရှိသလောက်ဘဲ။ ဒီဂိတ်တွေ ပြန်ဖွင့်မယ်ဆိုတော့ သူတို့အတွက် ငွေဝင်မှာပေါ့။ ဝင်ငွေဘယ်လောက် အထိများမလဲဆိုရင်တော့ ပစ္စည်းဘယ်လောက်ဝင်လည်း အပေါ်မှာ မူတည်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဂိတ်များကို ထိုင်းနိုင်ငံဘက်က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာမှုကြောင့် လုံခြုံရေးနှင့် ကျန်းမာရေး ဆိုင်ရာ အကြောင်းပြချက်ဖြင့် ၂၀၂၀ မတ်လကတည်းက စတင် ပိတ်ထားခဲ့ခြင်းဖြစ်ကာ အချိန် ၁၈ လအထိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံ အတွက်ကတော့ ဒီဂိတ်တွေက လစဉ် ဘတ်သန်းပေါင်းများစွာ အကျိုးရှိတယ်။ မြန်မာဘက်ကတော့ ကုန် ပစ္စည်းတွေ ဝင်နေပါလျက်နဲ့ အခွန်အခတွေ မရတော့ဘူးပေါ့။ နိုင်ငံအနေနဲ့ ဆိုရင်တော့ ဆုတ်ယုတ်တာပေါ့” ဟု ပြောသည်။

သို့သော် ထိုဂိတ်များ ပြန်လည် ဖွင့်လှစ်မည်ဆိုပါက ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် မြန်မာနိုင်ငံသို့ ကူးလူးသွားလာမှု အဆင်ပြေလာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးမိုးကြိုးက “ဒီဂိတ်တွေက နားလည်မှု လုပ်ကြတာဆိုတော့ နားလည်မှုကြေးကတော့ ရှိမယ်။ ဒီနားလည်မှုကြေး ဆိုတာ က ဌာနဆိုင်ရာ အဖွဲ့အစည်းတွေဆီ မရောက်ဘဲနဲ့ အဲဒီ နားလည်မှုကြေးနဲ့လုပ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဆီမှာ ပဲ အကျိုးအမြတ် သွားဖြစ်ထွန်းစေမှာ။ နိုင်ငံအတွက်ကတော့ သိပ်အကျိုးအမြတ် မဖြစ်ဘူး” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းစပ်တွင်တွေ့ရသည့် တရားမဝင် ဂိတ်များ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

ယခုကဲ့သို့ ထိုင်း-မြန်မာနယ်စပ်ရှိ လှေဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လာခြင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ် သော ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ဦးဆောင်သည့် ထိုင်းအစိုးရ အစည်းအဝေးတွင် ထိုင်းနိုင်ငံ၏ ကိုဗစ် အရေးပေါ် ကာလ ထိန်းချုပ်ရေး ကော်မတီကို စက်တင်ဘာ ၃၀ ရက်နေ့ အထိသာ ထားကာ ဖျက်သိမ်းတော့မည့် ဆုံးဖြတ်ချက်နှင့် သက် ဆိုင်ကြောင်း မဲဆောက်မြို့တွင် အခြေစိုက် နေထိုင်သူတချို့က ဧရာဝတီကို ပြောသည်။

မဲဆောက်မြို့ အခြေစိုက် ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်သူ ဦးမိုးကျော်က “ကိုဗစ်ကာလတုန်းက ဒီဂိတ်တွေ ပိတ်လိုက်တုန်းက အဲဒီဂိတ်တွေကို မှီခိုပြီး လုပ်နေကြတဲ့ အလုပ်သမားတွေ အများကြီး အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။ အခု ပြန်ဖွင့် ကုန်စည်စီးဆင်းမှုတွေ ရှိလာမယ် ဆိုရင်တော့ သူတို့အတွက် ကောင်းတဲ့လက္ခဏာပေါ့” ဟု ပြောသည်။

သို့သော် ယခုဆွေးနွေးမှုတွင် ကုန်စည်းစီဆင်းမှုအတွက် အဓိက ဆွေးနွေးကြခြင်းဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများနှင့် နှစ် နိုင်ငံသို့ ကူးလူးရောင်းဝယ်ကြမည့် ဈေးသည်များအတွက် အသေးစိတ် မပါဝင်သေးသည့် အခြေအနေ ရှိကြောင်း ၎င်းက ဆိုသည်။

“ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး နိုင်ငံတကာ ကုန်စည်တွေလည်း ဒီဂိတ်တွေ ဝင်လာတော့မှာ။ နိုင်ငံတော်အတွက် အခွန် အခတွေ ရသင့်ပါလျက်နဲ့ နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ နီးစပ်သူတွေ ဂိတ်တွေ ဖွင့်ပြီး အကျိုးအမြတ် ရခဲ့ကြတာ။ နိုင်ငံတော် အခွန်မရတဲ့အတွက် ပြည်သူလူထုအတွက် ဝန်ဆောင်မှု ပေးရမယ့် ကဏ္ဍတွေမှာ အားနည်းကုန်တာပေါ့” ဟုလည်း ၎င်းက ပြောဆိုသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေး လှေဂိတ် ၃၀ ကျော်တွင် ထိုင်းနိုင်ငံဘက်က ဂိတ်အလိုက် သက်ဆိုင်ရာ ပို့ကုန်ပစ္စည်းများ သတ်မှတ်ထားပြီး ယခင်က တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားခဲ့ရာမှ ယခု ပြန်လည်ဖွင့်လှစ်ချိန်တွင် တနင်္လာ နေ့မှ တနင်္ဂနွေနေ့အထိ တပတ်လုံး ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံဘက်က ယင်းနယ်စပ်ကုန်သွယ်ရေး ဂိတ်များမှတဆင့် မြန်မာနိုင်ငံတွင်းသို့ စက်သုံးဆီ၊ စားသောက်ကုန်၊ လူသုံး ကုန်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ် စသည့် ကုန်ပစ္စည်းမျိုးစုံ တင်ပို့လျက်ရှိသည်။

You may also like these stories:

လက်နက်မှောင်ခိုမှုများကြောင့် ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးတိုးမြှင့်

လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး

အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော

Loading