စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် အဆိုတော် အီတိုး (ခ) ဝင်းထွဋ်သော်တာ အား ဖောက်ခွဲရေး ကိစ္စများတွင် ပါဝင်နေပြီး လက်လုပ်မိုင်း တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်စီ၏ သတင်းစာများတွင် ဖော်ပြ ထားသည်။
၎င်းတို့ ဖော်ပြသည့် ဖြစ်စဉ်မှာ စက်တင်ဘာ ၅ ရက်က တောင်ဥက္ကလာပ မြို့နယ်တွင် ကားတစီးအား စစ်ဆေးရင်း အတွင်း မှ အပြာရောင် PVC ပိုက်၊ Keypad ဖုန်းတို့ဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ် ချိန်ကိုက်မိုင်း ၄ လုံးကို သိမ်းဆည်း ရမိကြောင်း ထိုမှတဆင့် အဆိုပါ ကားနှင့်အတူ ကိုကျော်ကိုလင်း (ခ)AJ နှင့် စိုင်းပိုင်စိုးနောင်(ခ) မာဝီ တို့အား ဖမ်းဆီးခဲ့ပြီး ကိုကျော်ကိုလင်း၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၈ ရက်က မရမ်းကုန်းမြို့နယ်မှ အိမ်တလုံးအား ဝင်ရောက်ရှာဖွေရာမှာ ကိုဝင်းကိုအောင်၊ ဦးထင်ကျော်နှင့် မအိဖြူတို့အား ဆက်လက် ဖမ်းဆီးခဲ့ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
၎င်းတို့ထံမှ ၉ မမ ကျည် ၇ တောင့်၊ ပွိုင့်-၂၂ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ဖြူ(စ်) ၁ ခု၊ တခြား ဆက်စပ်ပစ္စည်းများကို လည်း ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့၏ ထွက်ဆိုချက်များအရ မရမ်းကုန်းမြို့နယ်၊ ၇ ရပ်ကွက်၊ နဝဒေးလမ်း၊ အိမ်တအိမ်တွင် အဆိုတော် အီတိုးကို ထပ်မံ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုတော် အီတိုးသည် မေလအတွင်း TNLA အဖွဲ့ထံတွင် ဖောက်ခွဲရေး သင်တန်း တက်ရောက်ရန်အတွက် လူငယ် ၄ ဦး အား ၎င်း၏ ကားဖြင့် ပို့ဆောင်ခဲ့ကြောင်း ထို့နောက်၂၀၁၅ ခုနှစ် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဟောင်းနှင့် Signal မှတဆင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ထံသို့ အကြံပြုစာများ ပေးပို့ခဲ့ကြောင်း ပါရှိသည်။
ကိုကျော်ကိုလင်း (ခ) AJ၊ စိုင်းပိုင်စိုးနောင် (ခ) မာဝီ၊ မအိဖြူနှင့် ကိုဝင်းကိုအောင်တို့အား ဖောက်ခွဲရေး သင်တန်း တက် ရောက်ပြီး ဖောက်ခွဲရန် ကြိုးစားခဲ့ခြင်းများရှိပြီး ဦးထင်ကျော်သည် ABSDF တွင် ပြန်ကြားရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း ပါရှိသည်။
စက်တင်ဘာ ၄ ရက်တွင် ၎င်းတို့မှာ ရန်ကုန်မြို့ မီးပွိုင့်များရှိ CCTV များအား ဖောက်ခွဲရန် Zoom meeting ပြုလုပ်၍ ဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဇာနည် (ခ) စောဇာနည်အောင်၊ မေရီယန်၊ အောင်မြင့်မြတ် (ခ) ကဗျာ၊ သန့်ဇင် (ခ) ကျွဲကြီး၊၊ ထက်ဝေယံမင်း လွင် (ခ) ရိုးရိုး၊ ထားထက်ထက်၊ နေရွှန်းကို (ခ) James၊ တိုင်ရွန်နှင့် အောင်ရဲ (ခ) ပိုးဥတို့အား ဖမ်းဆီးရန် ကျန်ရှိနေသေး ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် အီတိုးကို ရန်ကုန်မြို့၊ မင်္ဂလာဒုံ ဝါယာလက်ရှိ ရေကြည်အိုင် စစ်ကြောရေးစခန်းတွင် ထားရှိကာ စစ်ဆေးခြင်း များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
လက်နက်မှောင်ခိုမှုများကြောင့် ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးတိုးမြှင့်
စစ်ကြောရေးတွင် နှိပ်စက်သဖြင့် ထားဝယ်အမျိုးသမီးတဦး ဆေးရုံရောက်
ပုလောမြို့နယ်တွင် PDF နှင့် ပတ်သက်သည်ဆိုကာ လူ၃ ဦးအား စစ်ကောင်စီ ဖမ်းဆီး