၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့လူထုထောက်ခံမှုအများဆုံးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သက်တမ်း ၃၃ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ဒါပေမယ့် ပါတီရဲ့ အနာဂတ် ဘာလဲဆိုတာက သေချာရေရာစွာ မပြောနိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။
အဖွဲ့ချုပ်ရဲ့ လက်ရှိ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ ပါတီထောက်ခံသူတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီး တရားစွဲဆိုခြင်းကို ခံထားရပြီး ပါတီဝင်အများအပြားဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ပြည်သူရဲ့တခဲနက်ထောက်ခံမှုနဲ့ အနိုင်ရရှိထားတဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ရလဒ်ကိုလည်း စစ်ကောင်စီက ဖျက်သိမ်းခဲ့ပြီး ပါတီဖျက်သိမ်းတဲ့အထိ အရေးယူဖို့ကိုလည်း အရိပ်အမြွက်ပြောကြားမှုတွေ ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ လူထုအတွက် တည်ထောင်ထားတဲ့ပါတီဖြစ်တဲ့အတွက် ပြည်သူလူထုရှိနေသရွှေ့ ပါတီရှိနေမယ်လို့ ပြီးခဲ့တဲ့ မေလက သတင်းစကားပါးခဲ့တာ ရှိပါတယ်။ တဖက်မှာလည်း စစ်ကောင်စီအပေါ်သြဇာရှိတဲ့ တရုတ်နိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပေါ် အသိမှတ်ပြုဆက်ဆံမှုကလည်း ရှိနေပြန်ပါတယ်။
တကယ်တော့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးက ပေါက်ဖွားလာပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ ဖွဲ့စည်းပြီးကတည်းက အဲဒီအချိန်က အာဏာသိမ်းစစ်အစိုးရရဲ့ဖိနှိပ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ပါတီဟာ လွတ်လွတ်လပ်လပ် စည်းရုံးလှုပ်ရှားခွင့်မရခဲ့ပဲ ပါတီခေါင်းဆောင်တွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဟံသာဝတီဦးဝင်းတင်တို့ဟာ ပါတီဖွဲ့စည်းပြီး ၁ နှစ်မပြည့်ခင်မှာပဲ အကျဉ်းချခံခဲ့ကြရပါတယ်။
၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပေမယ့်လည်း စစ်တပ်က အာဏာမလွှဲပေးခဲ့ပါဘူး။ အဲဒီကာလက မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ စင်ပြိုင်အစိုးရဖွဲ့စည်းရေး လျှို့ဝှက်အစည်းအဝေးပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ကိုယ်စားလှယ်တွေဟာ စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။ အဲဒီအထဲမှာ အခု အာဏာသိမ်း စစ်ကောင်စီရဲ့ဖမ်းဆီးတရားစွဲတာ ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်ခဲ့ပါတယ်။
အဲဒီတုန်းက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကမထုတ်ရင် ပါတီကို ဖျက်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်အကြပ်ကိုင်လို့ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးကြည်မောင်တို့ကိုပါ ပါတီက ထုတ်ပယ်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်တဲ့အခါ ဦးအောင်ရွှေက ပါတီကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပြန်လွှဲပေးခဲ့ပါတယ်။

ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရလက်ထက်မှာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ တကြိမ်၊ ၂၀၀၁ ကနေ ၂၀၀၂ ခုနှစ်အထိ တကြိမ်၊ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ အထိ တကြိမ် အကျယ်ချုပ် ၃ ကြိမ်ကျခဲ့ပြီး စုစုပေါင်း ၁၅ နှစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ပေါင်းများစွာဟာလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ကြရပြီး သူတို့ရဲ့မိသားစုပါ စစ်အစိုးရရဲ့အနိုင်ကျင့်ခြိမ်းခြောက်မှုတွေကို နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ကြရပါတယ်။ စစ်တပ်က သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ညွှန်ကြားမှုအရ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကတဆင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ပြီးနောက်မှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ လူထုကြားမှာ လွတ်လွတ်လပ် လှုပ်ရှားခွင့်ရလာခဲ့တာဖြစ်ပါတယ်။ ဒီ့နောက် ပါတီဟာ ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုနဲ့အတူ တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး ၁၉၉၀ ပါတီစုံရွေးကောက်ပွဲအလွန် ၂၅ နှစ်ကြာပြီးမှ ပထမဆုံးအကြိမ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီး နှစ်ပေါင်း ၅၀ ကျော်မှ ပထမဆုံးအကြိမ် အရပ်သားအစိုးရ ဖွဲ့စည်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါတောင် စစ်တပ်ကရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံက တားမြစ်ထားလို့ ပြည်သူတွေရဲ့ထောက်ခံမှုရရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့သမ္မတဖြစ် မလာနိုင်ခဲ့ပါဘူး။ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်အနေနဲ့သာ နိုင်ငံကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဆက်လက်အနိုင်ရရှိခဲ့ပြန်ပါတယ်။
ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အဓမ္မ အာဏာသိမ်းလိုက်တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ရွေးကောက်ပွဲ ၃ ကြိမ်နိုင်ပေမယ့် ၁ ကြိမ်သာ အစိုးရဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတဖွဲ့လုံးနီးပါး အဖမ်းခံ ခဲ့ရပေမယ့် တိမ်းရှောင်နိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေဦးဆောင်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (National Unity Government-NUG) ကို ဖွဲ့စည်းခဲ့ကြပါတယ်။ NUG ဟာ ခုခံတော်လှန်စစ်ကြေညာပြီး စစ်ကောင်စီကို တော်လှန်တဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လျှောက်လှမ်းခဲ့ပါတယ်။
ဒီလုပ်ဆောင်မှုအပေါ် အကြမ်းမဖက်ရေးလမ်းစဉ်ကို ကိုင်စွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က သဘောမတူဘူးလို့ ကောလဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူ့ဆန္ဒကို ဘယ်တော့မှ မဆန့်ကျင်ဘူးလို့ စက်တင်ဘာလ ၂၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၃၂ နှစ်မြောက်ပါတီတည်ထောင်ခြင်းအထိမ်းအမှတ်နေ့အခမ်းအနားမှာ လူထုရဲ့ဝန်းရံကြိုဆိုမှုကို ခံခဲ့ရတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌဟာ ၁ နှစ်အကြာမှာတော့ ပြည်သူတွေမသိနိုင်တဲ့ နေပြည်တော်ရဲ့လျှို့ဝှက်တနေရာမှာ အကျဉ်းသားအဖြစ် မတရားဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
You may also like these stories:
NUG နဲ့ NLD အကြား သဘောထားကွဲနေသလား
အာဏာသိမ်းမှုများက တိုင်းပြည်ကျရှုံးမှုကိုသာ ဦးတည်နေ
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တို့ကို ပုဒ်မ ၅၀၅- ခ ဖြင့် စွဲချက်တင်
ပြည်သူ့ဆန္ဒကို ဘယ်တော့မှမဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော