စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ဂုံညှင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ တိုက်ပွဲ ဖြစ်ခဲ့ ရာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် ၁၃ ဦး အထိ သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးမှုရှိကြောင်း ဒေသခံ သတင်း ရင်းမြစ်များထံက သိရသည်။
မုံရွာ- ကလေးဝ အာရှကားလမ်းမဘေးရှိ ဂုံညှင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ စက် တင်ဘာ၂၅ ရက် မနက်ပိုင်းတွင် တကြိမ်၊ ညပိုင်းတွင်တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှ သေဆုံးမှုရှိခဲ့ခြင်း ဖြစ် ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က သိရသည်။
မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ဂုံညှင်းကျေးရွာအနီးတွင် စစ်ကြောင်း ချီတက်လာသော စစ်ကောင်စီတပ်ကို တောင် တွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြားဖြတ်တိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် တိုက်ပွဲ အတွေ့အကြုံမရှိ၊ စစ်ပညာ သင်ကြားထားခြင်း မရှိသော ဒေသခံ ပြည်သူများသာ ဖြစ်သည့် ကာကွယ်ရေးအဖွဲ့ဝင် ၈ ဦးနှင့် PDF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် PDF အဖွဲ့က သိရသည်။
မင်းကင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “လက်နက်ကြီးနဲ့ ဝိုင်းပစ်တာပဲ ၁၃ ယောက်လုံး ကျသွားတာ။ ကျဆုံးတဲ့ ရဲဘော်တွေအတွက် စိတ်မကောင်းဘူး။ သူတို့က တိုက်ချင်တဲ့ စိတ်တခုပဲ ရှိတယ်။ ကိုယ့်ဘက်က လက်နက် အင်အား မမျှဘူး လက်နက် နည်းတယ်။ အဓိက တူမီးလောက်နဲ့ တိုက်နေရတဲ့အခါ စစ်ရေးအရ ကျွမ်းကျင်မှုလည်း မရှိ ဘဲနဲ့၊ သေချာ စည်းစနစ်တကျ သင်တန်း တက်ထားခြင်းလည်း မရှိဘူး ပိုပြီး အထိနာတာပေါ့” ဟု ပြောသည်။
စက်တင်ဘာ ၂၆ ရက်တွင် သေဆုံးသူ ၁၃ ယောက်၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသခံ တဦးက ပြောသည်။
ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားရာရွာအပြင် အနီးနား ရွာများဖြစ်သည့် ယင်းမာ၊ တောင်စာရေး၊ မင်းဘူး၊ ကြာပင်၊ ရွာသာ စသည့် ရွာများမှ ဒေသခံ လူဦးရေ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
စက်တင်ဘာ ၁၀ ရက်မှစပြီး မင်းကင်းမြို့နယ်အတွင်းသို့ ကလေးဝဘက်မှ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်သည် စစ်ကြောင်းချီကာ ကျေးရွာများသို့ သွားလာနေခြင်း ဖြစ်ပြီး စက်တင်ဘာ ၉ ရက်တွင် မအူ ကျေးရွာ၌ ပျူစောထီးအဖွဲ့နှင့်PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့နယ်သည် စစ်တပ်က ကျောထောက်နောက်ခံ ပြုထားသည့် ပျူစောထီးဟု ခေါ်သော အရပ်သား လက်နက် ကိုင်များ အားကောင်းသည့် ဒေသလည်း ဖြစ်သည်။
ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ မြိုင် စသည့် ဒေသများကို စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းများဖြင့် လက်နက်အင်အားအပြင် လူအင်အားများပါ တိုးချဲ့ဖြည့်တင်းမှုကို စက်တင်ဘာ ဒုတိယအပတ်ကတည်းက ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီဘက်က အင်အား အလုံးအရင်း ဖြည့်တင်းလာမှုကြောင့် ဒေသခံ ပြည်သူများက စိုးရိမ်ပြီး ရပ်ရွာများကို စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြပြီ ဖြစ်သလို တချို့ကလည်း ရှောင်တိမ်းရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြပြီ ဖြစ် ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်ခန့်တွင်လည်း အင်တာနက် ပြတ်တောက်မှုများအပြင် ဖုန်းလိုင်း ပြတ် တောက်မှုများပါ ဖြစ်ပေါ်လျက်ရှိသည်။
You may also like these stories:
အဆိုတော် အီတိုး ဖောက်ခွဲရေး ကိစ္စများတွင် ပါဝင်ဟု စစ်ကောင်စီ စွပ်စွဲထား
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက်အား ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်
စစ်ကောင်စီက ချင်းပြည်နယ်ရှိ ၈ မြို့နယ်ကို အင်တာနက် ဖြတ်တောက်