နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅ ဖြင့် တရားစွဲဆိုထား မှုအား လာမည့် အောက်တိုဘာ ၄ ရက်တွင် စွဲချက်တင် မတင် အမိန့်ချမည်ဖြစ်ကြောင်း ရှေ့နေများက ပြောသည်။
ယနေ့ ရုံးချိန်းတွင် အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားသည့် ယင်းအမှုနှင့် ပတ်သက်ပြီး စွဲချက်တင်သင့်/ မတင် သင့်အား နှစ်ဖက် ရှေ့နေများ လျှောက်လဲတင်ပြခဲ့ကြသည်။
၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ တွင် “မည်သူမဆို ဆန်း စစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှုတခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစုံတရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြာင်းရှိ လျှင် ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထား သည်။
ယင်းပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုမှ တရားလိုပြ သက်သေနှစ်ဦးအား စစ်ဆေးပြီး လာမည့် အောက်တိုဘာ ၄ ရက် တွင် စွဲချက် တင်သင့်/မတင်သင့် နှစ်ဖက်ရှေ့နေများ လျှောက်လဲတင်ပြကြမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ တို့ဖြင့် တရားစွဲထားမှု အား အမှုစစ်အရာရှိဖြစ်သူ ဒုရဲမှူးကြီး သန်းအေးအား စစ်ဆေးခဲ့ပြီး တရားလိုဘက်က နောက်တိုးသက်သေအဖြစ် တင် ပြလာသည့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကျွမ်းကျင်သူဆိုသူအား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ကန့် ကွက်ခဲ့သည့်အတွက် နောက်တိုး သက်သေအဖြစ် လက်ခံ/ မခံအား ရှေ့လာမည့်ရုံးချိန်းတွင် တရားသူကြီးက ဆုံးဖြတ် မည်ဖြစ်သည်။
ယင်းအမှု နှစ်မှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အား ဆက်သွယ်ရေး ပစ္စည်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ရှိ မရှိ ထပ်မံရှာဖွေရန် ဖေဖော်ဝါရီလ ၁၉ ရက် ရက်စွဲဖြင့် တရားရုံးက ထုတ်ပေးခဲ့သည့် ရှာဖွေ ဝရမ်းအား သက်သေခံအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူက တင်ပြသော်လည်း တရားလိုဘက်က ကန့်ကွက်ခဲ့သည့်အပြင် တရားသူကြီးကလည်း ပယ်ချခဲ့သည်။
“သူပဲ တရားဝင်ထုတ်ပေးတဲ့ ရှာဖွေဝရမ်းကို သက်သေတင်တာ လက်မခံဘူး။ အဲဒီ ဝရမ်းနဲ့ ထပ်သွားရှာတာလည်း ဘာတွေလည်းဆိုတော့ ဘာမှမတွေ့ဘူးလို့ ရဲက ထွက်ဆိုတယ်။ ဘယ်တွေ့မလဲ ဒေါ်အောင်ဆန်းစုကြည်က သူဝယ် ထားတာလည်း မဟုတ်ဘူး၊ သူကိုင်ထားတာလည်း မဟုတ်ဘူး။ ဘယ်လိုလုပ် ငြိစွန်းမလဲ။ ဒါတွေက လုံခြုံရေး ဝန်ထမ်းတွေဆီက သိမ်းထားတာလေ” ဟု ရှေ့နေတဦးက ပြောသည်။
မနက်ဖြန် စက်တင်ဘာ ၂၈ ရက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးညီညီဆိုသူက သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် သီးခြား တရားစွဲထားမှုမှ တရားလိုပြသက်သေများအား ဆက်လက် စစ်ဆေး မည် ဖြစ်သည်။
ယင်းပြင် ပြီးခဲ့သည့်ရုံးချိန်းတွင် စွဲချက်တင်အမိန့်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မျိုး အောင်တို့အပေါ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲထားမှုမှ ပြန်ခေါ်သက်သေအဖြစ် တရားလို ဦးစိုးစိုး ရွှေနှင့် အမှုစစ်အရာရှိ ဒုရဲမှူးကြီးသန်းအေး စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက်အား ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်
စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲလ်ကို နေပြည်တော်တွင် ရုံးစထုတ်
ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ချုပ်ထားခြင်းက လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တို့ကို ပုဒ်မ ၅၀၅- ခ ဖြင့် စွဲချက်တင်
ပြည်သူ့ဆန္ဒကို ဘယ်တော့မှမဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော