သတင်း

ဘူးသီးတောင်တွင် မွတ်ဆလင်ကျေးရွာလူကြီးတချို့ကို စစ်တပ်က ဖမ်းဆီးမှုများ ရှိနေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်တောင်မြို့နယ် စိမ်းညှင်ပြင်ရွာနှင့် ဂူတာပြင်ကျေးရွာ မွတ်ဆလင် ကျေးရွာလူကြီးများကို စက်တင်ဘာလ ၂၅ ရက် နံနက် ၁ နာရီ ဝန်းကျင်ခန့်က စစ်တပ်မှ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံ ရွာ သား တဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် မွတ်ဆလင် ကျေးရွာလူကြီး၂ ဦးမှာ စိမ်ညှင်ပြင် ကျေးရွာနေ အသက် ၅၀ အရွယ် ဦးကာ ဒေနှင့် ဂူတာပြင် ကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ဦးအာယုတို့ ဖြစ်ကြောင်း ဂူတာပြင်ကျေးရွာအုပ်စုမှ မွတ်ဆလင် ကျေးရွာလူကြီးတဦးက ပြောသည်။

၎င်းက “ဘာကြောင့် ဖမ်းတယ်ဆိုတာမျိုးတော့ တိတိကျကျ မသိဘူး။ အပြင်မှာ သတင်းတွေ ထွက်နေတာက ARSA အဖွဲ့ကို ရိက္ခာ ထောက်ပံ့တယ်။ သူတို့နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ တိုင်တဲ့လူ ရှိတယ်နဲ့တူတယ်။ အဲဒီကိစ္စတွေ ကြောင့် ဖမ်းတယ်လို့လည်း ပြောနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခံ မွတ်ဆလင်ကျေးရွာလူကြီး ၂ ဦးသည် ကျေးရွာအတွင်း အေးအေးဆေးဆေးနေထိုင်ကြသည့်သူများ ဖြစ်သလို စိမ်းညှင်ပြင်ကျေးရွာ ဈေးကြီး၏ ဈေးကော်မတီဝင်များလည်း ဖြစ်ကြောင်း ကျေးရွာသားများက ဆိုကြသည်။

လက်ရှိအချိန်တွင် အဆိုပါ ဖမ်းဆီးခံ မွတ်ဆလင် ကျေးရွာသား ၂ ဦးကို ဘူးသီးတောင် မြို့နယ်အတွင်းက စစ်ဘက် ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးဌာနချုပ်တွင် ထိန်းသိမ်း စစ်ဆေးနေကြောင်းလည်း သိရသည်။

သြဂုတ်လ ၂၉ ရက်ကလည်း မောင်တောမြို့နယ် ဦးရှည့်ကျ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၃၀ ကျော် အရွယ် ရော်ဘီအာလောင်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေး ကာလအတွင်း သြဂုတ်လ ၃၁ ရက်တွင် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ထိုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခြင်း ဖြစ်သည်ကို စစ်တပ်က ယနေ့ အချိန်အထိ သတင်း ထုတ်ပြန်ထားသည်ကို မတွေ့ရပေ။

ဘူးသီးတောင်မြို့နယ်အတွင်းက မွတ်ဆလင် ကျေးရွာသားများအား ယခုလအတွင်း၌ စစ်တပ်ခေါ်ယူပြီး ရက္ခိုင် စစ်တပ် (AA) အဖွဲ့ဝင်များအား ရိက္ခာထောက်ပံ့မှုများ မပြုလုပ်နှင့် AA အဖွဲ့၏ အုပ်ချုပ်ရေး ကဏ္ဍများတွင်လည်း ပူးပေါင်း ပါဝင်ခြင်း မပြုလုပ်ရန် သတိပေးခဲ့မှုများ ရှိခဲ့သည်။

ယခုလ စက်တင်ဘာလ ၁၉ ရက်ကလည်း ဘူးသီးတောင်မြို့နယ် ပီရွက်ကျေးရွာအနီး စေတီတောင်တွင် တပ်စွဲနေ ထိုင်သည့် ခမရ (၃၅၃) တပ်ရင်းမှ တရဂူ ရခိုင်တိုင်းရင်းသား ကျေးရွာ အပါအဝင် ကျေးနုတ်သီး မွတ်ဆလင်ကျေးရွာ၊ ငါးရံ့ချောင်းကျေးရွာ၊ တောင်ပဇာကျေးတို့မှာ ရပ်မိရပ်ဖများကိုလည်း ရက္ခိုင့်စစ်တပ် (AA) ထောက်ပံ့မှု မပြုလုပ်ရန်နှင့် AA ဖွဲ့ ပေးသည့် ကျေးရွာအုပ်ချုပ်ရေး အခန်းကဏ္ဍများတွင်လည်း ပါဝင်မှုမပြုရန် ခေါ်ယူ သတိပေးခဲ့ကြောင်းလည်း သိရသည်။

You may also like these stories:

စစ်ကောင်စီပေးမည့် ကိုဗစ်ကာကွယ်ဆေး AA လက်ခံမည်

AA ထံ အမှုများ မတိုင်ကြားဖို့ မွတ်ဆလင်ရွာ လူကြီးများအား စစ်တပ်က ခေါ်ယူ သတိပေး

Loading