စစ်ကောင်စီသည် ၅ လအကြာ အပစ်အခတ်ရပ်ဆိုင်းကြောင်း ကြေညာလိုက်သည့်နေ့တွင်ပင် အာဏာသိမ်းမှုကို ခုခံဆန့်ကျင်နေသည့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် (ကရင်နီပြည်) က လက်နက်ကိုင် အဖွဲ့များကို တိုက်ခိုက်ရန် လက်နက်နှင့် စစ်သည်အင်အားများ တိုးမြှင့်ပို့ဆောင်လိုက်ကြောင်းသိရသည်။
စစ်ကောင်စီ တပ်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ဘက်မှ စစ်ကားအစီး ၄၀ ဖြင့် စက်တင်ဘာ ၂၇ ရက်က စစ်ကြောင်း ချီတက်လာခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ်တွင်း လှုပ်ရှားနေသည့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်များက ဧရာဝတီကို ပြောသည်။
ဖယ်ခုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ ပြောရေးဆိုခွင့်ရှိသူက “မနေ့က ကားအစီး ၄၀ က ဖယ်ခုံနယ်ထဲ ကို မနက် ၁၀ နာရီကျော်မှာ စဝင်လာပါတယ်။ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ရွာ ကျော်တာနဲ့ ဖယ်ခုံဆိုတော့ ကျနော် တို့က လမ်းတလျှောက်လုံး သူတို့ကို ၄ နေရာလောက်ဖြတ်တိုက်တယ်။ မိုင်းထောင်တာတွေရောပေါ့။ လမ်းတလျှောက် ၇ မိုင်ကျော်လောက်မှာ ပိတ်ဆို့တာ တိုက်ပွဲက ၃ ကြိမ် ဖြစ်ပါတယ်။ မနေ့က ညနေ ၄ နာရီလောက်မှာမှ သူတို့ ဖယ်ခုံ မြို့ထဲကို ဝင်နိုင်သွားတယ်” ဟု ဆိုသည်။

ဖယ်ခုံမြို့နယ် အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကားအစီး ၄၀ တွင် စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော် ပါဝင်ပြီး တပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့များ ဖြစ်သည်ဟု ဖယ်ခုံ PDF က ပြောသည်။
ဖယ်ခုံမြို့နယ်တွင်း အဆိုပါ စစ်ကားများ ဝင်မလာခင်ကတည်းက စစ်ကောင်စီ၏ နယ်မြေခံတပ်ရင်းများက လမ်းမကြီး တလျှောက် လုံခြုံရေးယူခြင်း၊ ကင်းပုန်းဝပ်ခြင်းများ၊ လမ်းရှင်းသည့် အနေဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြု လုပ်ရာ လက်နက်အင်အား မမျှသဖြင့် အချို့နေရာများတွင် ဆက်လက် တားဆီးနိုင်ခြင်း မရှိဘဲ PDF တပ်များက ပြန် ဆုတ်ခွာရခြင်း ရှိသည်ဟုလည်း သိရသည်။
စစ်ကောင်စီ၏ စစ်ကားအစီး ၄၀ အနက် အစီး ၂၀ သည် ဖယ်ခုံမြို့ရှိ အမှတ် ၃၃၆ တပ်ရင်းထဲသို့ ဝင်ရောက်သွားပြီး ကျန်အစီး ၂၀ မှာ ရှမ်း-ကယား နယ်စပ်ဖြစ်သည့် မိုးဗြဲမြို့ဘက်သို့ ဆက်လက် ထွက်ခွာသွားကြောင်း ဖယ်ခုံ PDF ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မိုးဗြဲ PDF တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က “ကယားပြည်နယ်ဘက်ကို ထိုးစစ်ဆင်မယ့်ဟာတွေပဲ။ မနေ့ ညက သူတို့နဲ့ ကျနော်တို့ မိုးဗြဲ PDF နဲ့ တကြိမ်တိုက်တယ်။ ကျနော်တို့က လမ်းမှာ ဖြတ်တိုက်တာပါ။ မနေ့ညက သူတို့ ခြေလျင်နဲ့ စစ်ကြောင်းတကြောင်း ဆင်းလာပါတယ်။ သူတို့က ကင်းပုန်းတွေလည်း လမ်းမှာချထားတယ်။ ဒီနေ့ မနက် မှာလည်း သူတို့က မနက်အစော ဆင်းလာတယ်။ ဒါပေမယ့် ဆင်းလိုက်နားလိုက်နဲ့ သူတို့က ခုထိ မိုးဗြဲကို မရောက် နိုင်သေးဘူး” ဟု ပြောဆိုသည်။
မိုးဗြဲဘက်သို့ တက်လာသည့် စစ်ကောင်စီ၏ စစ်ကားများသည် အမှတ် ၄၂၂ တပ်ရင်းထဲတွင် ဝင်ရောက် စခန်းချထား သည်ဟုလည်း သတင်းကြားရပြီး စစ်ကောင်စီ တပ်များက ကားဖြင့် ခရီးမဆက်ဘဲ ခြေလျင်တပ်များဖြင့် ရှေ့ဆက် တိုး လာနေခြင်း ဖြစ်သည်ဟုလည်း မိုးဗြဲ PDF က ပြောသည်။
မိုးဗြဲ PDF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ကယားဘက် ကို ကာကွယ်ပေးမယ်။ ဖြတ်တိုက်တဲ့ လုပ်ငန်းစဉ်တွေ လုပ်မယ်။ ရှမ်း-ကယားနယ်စပ် တောက်လျှောက်ပါပဲ။ အခွင့် သာသလို လုပ်ပါမယ်။ ထိပ်တိုက်တော့ မတွေ့ပါဘူး။ ကျနော်တို့ လက်နက်အင်အား မမျှလို့ပါ” ဟု ဆိုသည်။
မိုးဗြဲမြို့သည် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်များနှင့် နယ်စပ်ထိစပ်လျက် တည်ရှိသည့် မြို့တမြို့ ဖြစ်သည်။

မိုးဗြဲမြို့မှ ဒီးမော့ဆိုမြို့နယ်သို့ သွားမည်ဆိုပါက မိုင် ၂၀ ကျော် ကွာဝေးပြီး မိုးဗြဲမြို့မှ လွိုင်ကော်မြို့နယ်သည်လည်း မိုင် ၂၀ ကျော် ကွာဝေးသည်။
KNDF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “အခု လောလောဆယ် မိုးဗြဲနယ်စပ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်မှာ ရောက်နေပြီလို့ ကျနော်တို့ သိထားတယ်။ သူတို့က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ချီလာတယ်။ တဖက်မှာ ဒေသခံတပ်တွေ၊ လူထုတွေ ရှိတဲ့နေရာရော၊ မရှိတဲ့နေရာရော သူတို့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ထုလာ တယ်။ သူတို့စစ်ကြောင်း ရောက်နိုင်အောင် ကြိုးစားပို့နေတယ်။ မနေ့ညကလည်း ဖြတ်တိုက်မှုတွေ ကျနော်တို့ လုပ်ခဲ့ တယ်။ ဒါပေမဲ့ သူတို့ဆက်ပြီး ထွက်လာနေတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ အင်အားအသစ် တိုးချဲ့လာသည့်တပ်များ ရှေ့ဆက်တိုးလာပါက လမ်းတလျှောက်၌ တိုက်ခိုက်မှုများ ပြု လုပ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ဇွန်နှင့် ဇူလိုင်အတွင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်းမှတဆင့် တပ်မ ၆၆ နှင့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းများ စုစုပေါင်း အင်အား ၁၅၀၀ ကျော်ကို ကယားပြည်နယ်တွင်းသို့ ပို့ဆောင်ကာ ကရင် နီတော်လှန်ရေးတပ်များ လှုပ်ရှားသည့် နယ်မြေများသို့ တောနင်းရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။
မေလတွင်း ကယားပြည်နယ်၌ စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကြား တိုက်ပွဲ စတင်ဖြစ်ပွား စဉ်က ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်များတွင်သာ တိုက်ခိုက်မှုများရှိခဲ့သော်လည်း ဇူလိုင်နှင့် သြဂုတ်တွင် ဘော်လခဲ၊ ဖရူဆိုမြို့နယ်တို့အထိ ပါ စစ်အင်အားတိုးချဲ့ခြင်းကြောင့် ကရင်နီတပ်မတော် (KA) နှင့်ပါ တိုက်ပွဲများ ဆက်တိုက် ဖြစ် ပွားလာခဲ့သည်။
လက်ရှိတွင် ကယားပြည်နယ်တွင်း KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် မြို့နယ်အလိုက် ဖွဲ့စည်း ထားသည့် PDF များက ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်လျက် ရှိပြီး စက်တင်ဘာလအတွင်း ကယားပြည်နယ်၌ စစ်ရေး အတင်းမာဆုံး ဖြစ်နေသည့် မြို့နယ်မှာ ဒီးမော့ဆိုမြို့နယ် ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်တွင် စက်တင်ဘာ ၂၅၊ ၂၆ ရက်များတွင် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာနှင့် ကျောက်ဆည် ကန်တို့အနီး တိုက်ပွဲများ ဖြစ်ပွားထားပြီး စစ်ကောင်စီက ပြန်လည်ဆုတ်ခွာရာတွင် ကျေးရွာများအတွင်းမှ နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ တခြားနေအိမ် ၁၅ လုံးမှာလည်း တိုက်ပွဲတွင်း လက်နက်ကြီးကျည်များ ထိမှန်ခြင်းကြောင့် ပျက်စီးသွားခဲ့သည်။
တိုက်ပွဲကာလတွင်း အရပ်သားနေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့၏ တပ်များက မီးရှို့ခြင်း မရှိကြောင်း၊ မီးလောင်သည့် ဖြစ်ရပ်မှာ မဖြစ်နိုင်ကြောင်း ငြင်း ဆိုထားသည်။
စစ်ကောင်စီသည် ကယားပြည်နယ်ဘက်သို့ အင်အားများ ထပ်တိုးပို့ဆောင်ပြီး စစ်အင်အားချဲ့နေချိန် စက်တင်ဘာ ၂၇ ရက် ညပိုင်းတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်း ချုပ်ကုသရန်နှင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးတို့အတွက် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်အထိ အပစ် ရပ်ဆိုင်းပေးမည် ဖြစ်ကြောင်း ကြေညာထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ၎င်းတို့အနေဖြင့် ကိုဗစ်ရောဂါ ထိန်းချုပ်ရေး၊ ကုသရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ကြိုးစားဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသော်လည်း တဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF များက မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် လူထုကိုပါ တိုက်ခိုက်သည့် အကြမ်းဖက် လုပ်ရပ်များ လုပ်နေသည်ကို နိုင်ငံ တကာမှ သိရှိရန် လိုအပ်ပါသည်ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီသည် အပစ်ရပ်ဆိုင်းပေးသည်ဟု ဆိုရာတွင် ခြွင်းချက်မရှိ ရပ်ဆိုင်းပေးခြင်း မဟုတ်ဘဲ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများ အား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပသာ ၎င်းတို့၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးမည်ဟု ကြေ ညာထားသည်။
You may also like these stories:
AA ထံ အမှုများ မတိုင်ကြားဖို့ မွတ်ဆလင်ရွာ လူကြီးများအား စစ်တပ်က ခေါ်ယူ သတိပေး
အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော
လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး