နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ ဒေါက်တာ မျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် စွဲချက်တင်ထားမှုမှ ပြန်ခေါ်သက်သေ ၂ ဦးအား ယနေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ကြောင်း ရှေ့နေ များက ပြောသည်။
ပြန်ခေါ်သက်သေအဖြစ် တရာလို ဦးစိုးစိုးရွှေနှင့် အမှုစစ် ဒုရဲမှူးကြီး သန်းအေးတို့အား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ရှေ့တပတ်ရုံး ချိန်း အောက်တိုဘာ ၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကမှ သက်သေများတင်ပြရမည် ဖြစ်သည်။
“ဒီနေ့ ပြန်ခေါ်သက်သေ စစ်ပြီးပြီဖြစ်လို့ နောက်ရုံးချိန်းမှာ ကျမတို့ဘက်က သက်သေတင်ပြရမယ်၊ ဘယ်သူတွေကို သက်သေအဖြစ် ထည့်သွင်းမလဲဆိုတာတော့ မသိသေးပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သိရမှာပါ” ဟု ရှေ့နေတဦးက ပြောသည်။
ယင်း ပုဒ်မ ၅၀၅-ခ ဖြင့် အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုမှုသည် အာဏာသိမ်းပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဟုဆိုကာ ဖေဖော်ဝါရီ ၇ ရက်နှင့် ၁၃ ရက် ရက်စွဲတို့ဖြင့် ထုတ်ပြန်သည့် ကြေညာချက် ၂ စောင်နှင့် ပတ်သက်ပြီး တာဝန်ရှိသည်ဟုဆိုကာ တရားစွဲဆိုခြင်းဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့သည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော် ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးချုပ်နှောင်ကာ ပြင်ပနှင့်အဆက်အသွယ်ဖြတ်တောက်ခံခဲ့ရခြင်းဖြစ်သည့် ယင်းသို့ ထုတ်ပြန်ချက်များအား သိရှိခြင်းပင် မရှိကြောင်း ရှေ့နေများက ပြောသည်။
ယနေ့ တရားခွင်တွင်လည်း ပုဒ်မ ၅၀၅-ခ စွပ်စွဲချက်နှင့်ပတ်သက်ပြီး တရားသူကြီးမှ ၎င်းတို့သုံးဦးအား ဘာကြောင့် အပြစ်မရှိ သလဲဟု မေးမြန်းခဲ့ရာတွင် “ကျူးလွန်ခြင်း မရှိသည့်အတွက် အပြစ်မရှိကြောင်း” ပြန်လည် ထွက်ဆိုခဲ့ကြသည်ဟု သိရ သည်။
ယင်းပြင် ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ဦးညီညီ ဆိုသူက သီးခြားစွဲဆိုထားသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅ ဖြင့် တရားစွဲဆိုမှ ကျန်ရှိသည့် တရားလိုပြသက်သေတဦး လာရောက်ခြင်း မရှိသည့်အတွက် အမှုစစ်ရဲအရာရှိ ဒုရဲမှူးကြီးသန်းအေးအား စစ်ဆေးခဲ့ကြောင်း သိရသည်။
You may also like these stories:
သမ္မတ ဦးဝင်းမြင့်အပေါ် သဘာဝဘေး စီမံဥပဒေဖြင့် စွဲချက်တင်/မတင် ရှေ့တပတ် အမိန့်ချမည်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တို့ကို ပုဒ်မ ၅၀၅- ခ ဖြင့် စွဲချက်တင်