ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ဝင်လာသည့် စစ်ကောင်စီတပ်များနှင့် ဒေသခံ ကရင်နီတော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
စစ်ကားအစီး ၄၀၊ စစ်သည်အင်အား ရာချီ ပါဝင်သည့် စစ်ကောင်စီ၏ စစ်ကြောင်းမှာ စက်တင်ဘာ ၂၇ ရက်က ရှမ်းပြည် နယ်တောင်ပိုင်း၊ ကလောမြို့နယ်မှတဆင့် ပင်လောင်း-ဖယ်ခုံလမ်းအတိုင်း ကယားပြည်နယ်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
ကုန်းသာကျေးရွာ ဒေသခံတဦးက“မနက်ပိုင်းကတည်းက ၉ ခွဲလောက်မှာစပြီး လက်နက်ကြီးတွေနဲ့ထုနေတာ။ ဘယ် တွေကို ထုမှန်း မသိဘူး။ အသံတွေ ဆက်တိုက်ကြားရတယ်။ နောက်နေ့လယ်ပိုင်းမှာ သေနတ်ပစ်သံတွေပါ ကြား လာရတာ အခုထိ ကြားနေရတုန်းပဲ။ စစ်ကောင်စီတပ်တွေ အများကြီးဝင်လာလို့ ဒီက ပြည်သူ့တပ်တွေ ခံတိုက်နေ တာလို့ပဲ သိရတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်များ ကယားပြည်နယ်တွင်းသို့ မဝင် ရောက်နိုင်ရန် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (PDF) များက စက်တင်ဘာ ၂၇၊ ၂၈ ရက်တွင် ပိတ်ဆို့တိုက်ခိုက်ခြင်း၊ လမ်းတလျှောက် မိုင်းခွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
ဖယ်ခုံ- မိုးဗြဲ လမ်းတလျှောက်ရှိ စစ်ကောင်စီ၏ နယ်မြေခံတပ်များကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်လမ်းရှင်းခြင်း ကင်းပုန်းဝပ်ခြင်းဖြင့် အင်အားဖြည့်ရန် ဝင်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို လုံခြုံရေးယူပေးခြင်း ပြုလုပ်ကြောင်း သိရသည်။
ဖယ်ခုံ PDF ၏ ပြောရေးဆိုခွင့်ရှိသူက “မနေ့ညက ၁၂ နာရီအထိ စစ်တပ်က လက်နက်ကြီးတွေနဲ့ လျှောက်ပစ်တယ်။ သူတို့က လူအင်အားရော၊ လက်နက်အင်အားရော ပိုပြီးတောင့်တော့ ကျနော်တို့လည်း ထိထိရောက်ရောက် မတားဆီး နိုင်ဘူး။ ဝင်လာတဲ့ စစ်ကြောင်းတွေကို တားဆီးတဲ့အခါမှာ နယ်မြေခံစစ်တပ်တွေနဲ့ အရင်ဆုံးတိုက်ပွဲတွေ ဖြစ်ရတယ်။ အခက်အခဲတွေကြားက ကယားဘက်ကို လွယ်လွယ်နဲ့ ထိုးမသွားအောင် တားဆီးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ မနက်တော့ ကုန်းသာဘက်ကို ရောက်သွားကြပြီလို့ သတင်းကြားပါတယ်။ သူတို့ ရောက်သွားကြပါပြီ” ဟု ပြောသည်။
ဖယ်ခုံမြို့နယ်တွင်း စစ်ကောင်စီ၏ စစ်ကြောင်းများ စတင် ဝင်ရောက်လာစဉ်က ဖယ်ခုံမှတဆင့် လွိုင်ကော်နှင့် ဒီးမော့ ဆို မြို့နယ်ဘက်သို့ ဖြန့်ခွဲ၍ ဝင်ရောက်မည်ဟု ဒေသခံ ကရင်နီတော်လှန်ရေးတပ်များက ခန့်မှန်းခဲ့ကြသော်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များက လွိုင်ကော်မြို့သို့ အလုံးအရင်းဖြင့် ဝင်ရောက်သွားခြင်း ဖြစ်သည်။
ဖယ်ခုံမြို့နယ်ကို ဖြတ်သန်း၍ လွိုင်ကော်မြို့နယ်တွင်းသို့ ဝင်ရောက်သွားသည့် စစ်ကောင်စီ၏ စစ်ကြောင်းထဲတွင် စစ်သည်အင်အား ၃၀၀ ကျော် ပါဝင်ကြောင်း ဖယ်ခုံ PDF ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လက်ရှိ တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ကုန်းသာကျေးရွာသည် ကယားပြည်နယ် မြို့တော်လွိုင်ကော်၏ အဝင်တွင် တည်ရှိသည့် ကျေးရွာ ဖြစ်သည်။
စစ်ကောင်စီ တပ်များသည် ကုန်းသာကျေးရွာအနီး၌ ဒေသခံ ကရင်နီတော်လှန်ရေးတပ်များနှင့် ပစ်ခတ်နေသည့်အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၄၂၂ တပ်ရင်းဘက်မှလည်း လွိုင် ကော်ဘက်သို့ လက်နက်ကြီးကျည်များဖြင့် လှမ်းပစ်ခတ်နေသည်ဟု လွိုင်ကော် PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ကယားပြည်နယ်ဘက်သို့ စစ်အင်အားများ တိုးချဲ့နေချိန်တွင် စစ်ကောင်စီသည် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်အထိ ၅ လကြာ အပစ်အခတ် ရပ်ဆိုင်းပေးမည်ဟု ကြေညာထားသည်။
သို့သော် ခြွင်းချက်မရှိ ရပ်ဆိုင်းပေးခြင်း မဟုတ်ဘဲ န်ိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှ အပသာ ၎င်းတို့၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးမည်ဟု ကြေညာထားခြင်း ဖြစ်သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပြောရေးဆိုခွင့်ရှိသူက “ကယားပြည်နယ်မှာ စစ်ကောင်စီရဲ့ အုပ် ချုပ်ရေး ယန္တရားတွေက အကုန်ရပ်နေတယ်။ ဒါတွေကို ပြန်လည်ပတ်နိုင်အောင်လို့ စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ လုပ်နေ တယ်လို့ ကျနော်တို့ သုံးသပ်ထားတယ်။ ဒီးမော့ဆိုမှာဆိုရင် စစ်ကောင်စီရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ယန္တရား အားလုံး ရပ်နေတာ။ ဒါတွေကို ကြိုးစားတည်ဆောက်ချင်လို့ စစ်အင်အားတွေ ပို့သထက်ပို့တာ ဖြစ်နိုင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
ကယားပြည်နယ်တွင်း မေလမှ စက်တင်ဘာအတွင်း တိုက်ပွဲပေါင်း အကြိမ် ၈၀ ကျော် ဖြစ်ပွားထားရာ ကရင်နီတော် လှန်ရေး တပ်များထက် စစ်ကောင်စီဘက်မှ အကျအဆုံး များခဲ့ခြင်းကြောင့်လည်း ယခုလို စစ်အင်အားများ ထပ်ဖြည့် တင်းခြင်း ဖြစ်နိုင်သည်ဟုလည်း KNDF ဘက်က သုံးသပ်ထားသည်။
ဆက်လက်၍ ၎င်းက “အခြေခံအကျဆုံး သုံးသပ်ရရင် ကယားပြည်နယ်က နေပြည်တော်နဲ့ တဆက်တည်း တည်ရှိ နေတဲ့ ပြည်နယ်လို့ ပြောလို့ရပါတယ်။ နီးနီးလေးရယ်ပါ။ ဒါက စစ်ကောင်စီဘက်က သူ့ရဲ့စစ်ရေးဗျူဟာအရ အချက် အခြာကျလို့ ကယားကို လုံးဝ ထိန်းချုပ်နိုင်အောင် ဖြစ်အောင်လုပ်ပြီးမှ ကျန်တဲ့ပြည်နယ်ကို တဖြည်းဖြည်းချင်း ရှင်း မယ်လို့ ကျနော်တို့က ယူဆထားတယ်။ ဒါကြောင့် ထိုးစစ်ဆင်မှုတွေ နေ့တိုင်းဆိုသလို လုပ်နေတာပါ” ဟုလည်း ဆိုသည်။
ကယားပြည်နယ်တွင်း စစ်ရေးပဋိပက္ခ အရှိန်မြင့်တက်နေမှုကြောင့် ဒေသခံ ၁ သိန်းခွဲကျော်မှာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ထွက်ပြေးနေကြရသည်။
၂၀၁၉ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ကယားပြည်နယ်တွင်း လူဦးရေ ၂၈၀,၀၀၀ ကျော် နေထိုင်ပြီး လက်ရှိတွင် ပြည်နယ်၏ လူဦးရေတဝက်မှာ ဒုက္ခသည်များအဖြစ် ထွက်ပြေးနေကြရခြင်း ဖြစ်သည်။
ထွက်ပြေးနေသည့် ဒေသခံများ၏ နေရပ်ရင်းအိမ်များကိုလည်း စစ်ကောင်စီတပ်များက ဖောက်ထွင်းခြင်း၊ အိမ်တွင်း ပစ္စည်းများ ယူဆောင်ခြင်းများ ပြုလုပ်သည့်အပြင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်လျက် ရှိ သည်။
စက်တင်ဘာ ၂၅၊ ၂၆ရက်အတွင်း ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာနှင့် သေးဆူလဲကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အရပ်သားနေအိမ် ၅၀ ကျော်ကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီဘက်က တိုက်ပွဲတွင်း အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးသည်ဟူသည့် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့၊ ကရင်နီတော်လှန်ရေးတပ်များနှင့် ဒေသခံများက အတည်ပြု ပြောဆိုသော်လည်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။
လက်ရှိတွင် ကယားပြည်နယ်သည် စစ်ရေးတင်းမာမှု အမြင့်ဆုံးဖြစ်နေသည့် ပြည်နယ်တခုလည်း ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ နိုင်ငံတဝှမ်းတွင် မေလမှစ၍ ဖွဲ့စည်း လိုက်ပြီဟု ကြေညာပြီးနောက်တွင် PDF အဖြစ် ကြွေးကြော်၍ စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် ပထမဆုံးနေရာသည် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါ့ငံခါးရပ်ကွက်တွင် မေ ၂၀ ရက်က ဖြစ်သည်။
ကရင်နီတော်လှန်ရေးတပ်များသည် ဒေါ့ငံခါးတွင် စတင် စစ်မျက်နှာဖွင့်ပြီးနောက် လွိုင်ကော်၊ မိုးဗြဲ စသည့် ရှမ်း-ကယား နယ်စပ်တကြောတွင် ဟန်ချက်ညီညီ လှုပ်ရှားကာ စစ်ကောင်စီ၏ မိုးဗြဲရဲကင်းစခန်းကို ဝင်စီးနင်း တိုက်ခိုက်ခဲ့ သည့်အပြင် စစ်ကူလာသည့် စစ်ကြောင်းများကိုလည်း လွိုင်ကော် လမ်းမတလျှောက် ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။
ဒီးမော့ဆိုမြို့တွင်း၌လည်း စစ်ကောင်စီ၏ စစ်ကြောင်းများ၊ ဂိတ်စခန်းများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ရာ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ အကျအဆုံး များခဲ့သည်။
စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်တိုင် ကယားပြည်နယ်သို့ ရောက်လာပြီး ၎င်း၏ စစ်သည်များ၊ ရဲတပ်ဖွဲ့ ဝင်များနှင့် မိသားစုများကို အားပေးခြင်း၊ ထောက်ပံ့ခြင်းများပင် လာရောက် လုပ်ဆောင်ခဲ့ရသည်။
ကယားပြည်နယ်တွင် PDF တပ်များ၊ ကရင်နီတော်လှန်ရေးတပ်များ မတိုက်ခိုက်ခင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းများ လုပ်ဆောင်စဉ်ကလည်း ပြည်နယ်တွင်းရှိ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်သည် စစ်ကောင်စီကို အာဏာဖီဆန်ကာ လူထုနှင့် ပူးပေါင်းခဲ့သည်။
လက်ရှိတွင် အာဏာဖီဆန်၍ လူထုတော်လှန်ရေးနှင့် ပူးပေါင်းထားသည့် ရဲတပ်ဖွဲ့ဝင်များသည် ကရင်နီရဲတပ်ဖွဲ့တဖွဲ့ကို ထူထောင်ကာ တိုက်ပွဲတွင်း ဖမ်းမိသည့် စစ်ကောင်စီတပ်သား သုံ့ပန်းများအား ထိန်းသိမ်းခြင်း၊ စစ်ဘေးရှောင် ဒုက္ခ သည်များကို လုံခြုံရေးပေးခြင်းများ လုပ်ဆောင်လျက် ရှိသည်။
ထို့သို့ စစ်ကောင်စီအား ဆန့်ကျင်မှု ပြင်းထန်သည့် ကယားပြည်နယ်ကို ဇူလိုင်နှင့် သြဂုတ်အတွင်းကလည်း စစ်ကောင် စီက အင်အား ၁၅၀၀ ခန့် ရှိသည့် စစ်အင်အားများကို တိုးချဲ့ ပို့ဆောင်ခဲ့ပြီး ဒီးမော့ဆို၊ လွိုင်ကော်အပြင် ဘော်လခဲနှင့် ဖရူဆိုမြို့နယ်များတွင်ပါ စစ်ဆင်ရေးများ တိုးချဲ့ လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့် သြဂုတ်မှစ၍ ဘော်လခဲနှင့် ဖရူဆိုမြို့နယ်တို့တွင်ပါ တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီး ကရင်နီတပ်မတော် (KA) ၏ ထိန်းချုပ်နယ်မြေများတွင်ပါ ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။
လက်ရှိတွင် KA သည် KNDF၊ PDF တပ်များနှင့် ပူးပေါင်း၍ ကယားပြည်နယ် တခွင်လုံးတွင် စစ်ကောင်စီကို တိုက်ခိုက် လျက် ရှိသည်။
ကယားပြည်နယ်တွင် စစ်ကောင်စီ၏ စစ်အင်အားအလုံးအရင်း ဖြည့်တင်းမှု၊ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသော် လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များသည် KA ထံမှ ရရှိထားသည့် လက်နက်ခဲယမ်းများ၊ အမဲလိုက် တူမီးသေနတ် နှင့် လက်လုပ်သေနတ်များကို အသုံးပြုနေရဆဲဖြစ်ပြီး ယနေ့အချိန်ထိ NUG ဘက်မှ လူငယ်များအား လက်နက်ခဲ ယမ်း ထောက်ပံ့ခြင်းများ မရှိကြောင်း KNDF ထံမှ သိရသည်။
You may also like these stories:
ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား လုပ်သားများကိုသာ ဦးစားပေးခေါ်ယူရန် ထိုင်းအစိုးရ စီစဉ်
တနှစ်ခွဲအတွင်း ထိုင်းကို ခိုးဝင်သည့် မြန်မာလုပ်သား ၄ သောင်းကျော်ဖမ်းမိ