ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်နေသည့် ဒုက္ခသည် ၃ ဦး နေရပ်ရင်းရွာသို့ ပြန်ပြီး ရိက္ခာ ပြန်ယူစဉ် မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက “မနေ့ကညပိုင်းမှာ သေးဆူလဲမှာ ရှိနေတဲ့ စစ်ရှောင် ၃ ယောက်က အိမ်ကို ပြန်လာပြီး ရိက္ခာတွေ ပြန်လာယူတယ်။ အဲဒီထဲက ၁ ယောက်က မြေမြှုပ်မိုင်း နင်းမိပါတယ်။ ဒဏ်ရာက ညာဘက်ခြေဖမိုး တခုလုံးကတော့ ပြတ်ထွက်သွားတယ်။ ဘယ်ဘက်ခြေထောက်ကလည်း ထိခိုက်မှုရှိ တယ်။ ခန္ဓာကိုယ် အပေါ်ပိုင်းက ဘာမှမဖြစ်ပေမယ့် အောက်ပိုင်းကတော့ တော်တော်လေးကို ဆိုးရွားပါတယ်။ ခြေနှစ် ဖက်လုံးက ဖြတ်ရမယ့်ပုံစံ ရှိနေပါတယ်” ဟု ပြောသည်။
မြေမြှုပ်မိုင်း နင်းမိသည့် နေရာမှာ အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်၏ နေအိမ်ခြံဝန်းအတွင်း၌ နင်းမိခြင်း ဖြစ်ကြောင်း၊ ကျန်သူ ၂ ဦးမှာလည်း ဗုံးစထိမှန်သည့် ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။
စစ်ရေးပဋိပက္ခကြားတွင် ပါဝင်တိုက်ခိုက်နေသည့် တပ်ဖွဲ့များသည် ၎င်းတို့တပ်ဖွဲ့၏ လုံခြုံရေးနှင့် တဖက်စစ်ကြောင်း များသွားလာမှု နှောင့်နှေးစေရန်အတွက် မိုင်းအမျိုးမျိုးကို အသုံးပြုလေ့ ရှိသည်။
ယခု စစ်ဘေးရှောင် ဒုက္ခသည်များ နင်းမိသည့် မိုင်းသည် ပေါက်ကွဲအား ပြင်းထန်ပြီး မိုင်းတလုံးတည်းဖြင့် ကိုယ်အင်္ဂါ များ ပြတ်တောက်သွားခြင်း၊ မိုင်းစထိသည့် ခြေနှစ်ဖက်လုံး ဖြတ်တောက်ပစ်ရမည့် အခြေအနေ ဖြစ်နေသဖြင့် ပေါက် ကွဲမှု ပြင်းအားအရ စစ်ကောင်စီဘက်မှ ထောင်ထားသည့် မိုင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း ကိုဗညားက ပြောသည်။
ဒေသခံ ကရင်နီတော်လှန်ရေးတပ်များက လက်လုပ်မိုင်းကိုသာ အသုံးပြုကြပြီး တော်လှန်ရေးတပ်များ၏ မိုင်းများသည် ကိုယ်လက်အင်္ဂါများ ပြတ်တောက်သွားနိုင်သည်အထိ ပေါက်ကွဲအား ပြင်းထန်မှု မရှိခြင်းကြောင့် စစ်ကောင်စီ၏ မိုင်းဖြစ်သည်ဟု ယူဆခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ကယားပြည်နယ်တွင်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြောရေး ဆိုခွင့်ရှိသူက “ကုန်းသာမှာ မိုင်းနင်းမိတာ ဟုတ်ပါတယ်။ သူတို့က ကျနော်တို့ တပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး။ အရပ် သားတွေပါ။ ရိက္ခာကုန်လို့ ပြန်လာယူရင်းနဲ့ အဲဒီလို ဖြစ်သွားကြတာပါ” ဟု ပြောသည်။
အဆိုပါ မြေမြှုပ်မိုင်းမှာ ၎င်းတို့ ဒေသခံ ကရင်နီတော်လှန်ရေးတပ်များ၏ မိုင်းမဟုတ်ဘဲ စစ်ကောင်စီဘက်က ထောင် ထားသည့် မိုင်းသာ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ကုန်းသာကျေးရွာသည် ဒီးမော့ဆိုမြို့နှင့် ကပ်လျက် တည်ရှိနေသည့် ကျေးရွာကြီးတရွာဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်က စစ်ကောင်စီတပ်များ ဝင်ရောက်လာသဖြင့် ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးရသည့် ရွာ ဖြစ်သည်။
စက်တင်ဘာ ၂၅၊ ၂၆ ရက်များတွင် စစ်ကောင်စီတပ်များက ကုန်းသာကျေးရွာအတွင်း စခန်းချနေထိုင်ခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်များနှင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်များ ဒီးမော့ဆိုဘက်သို့ ပြန်လည်ဆုတ်ခွာရာတွင် ကုန်း သာကျေးရွာအတွင်းမှ နေအိမ် အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည်မှာ စစ်ကောင်စီ၏ တပ်မ ၆၆ တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ကရင်နီလူ့ အခွင့်အရေးအဖွဲ့က အတည်ပြု ပြောဆိုထားသော်လည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။
စက်တင်ဘာ ၂၆ ရက်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ကုန်းသာကျေးရွာ၏ လယ် ကွင်းများအတွင်း အရပ်သား ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ပြီး ကုန်းသာကျေးရွာအတွင်း မပြေးနိုင်သဖြင့် ကျန်နေခဲ့သည့် အသက် ၇၀ အရွယ် အဘိုးအို ၁ ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။
စက်တင်ဘာ ၂၇ ရက်တွင် အဆိုပါ အသက် ၇၀ အရွယ် အဘိုး၏ ရုပ်အလောင်းကို နာရေးကူညီမှုအသင်းဖြင့် သယ်ဆောင်ရာ ကုန်းသာကျေးရွာထိပ်တွင် မိုင်းနင်းမိသဖြင့် ကားရှေ့ဘီးများ ပျက်စီးခဲ့သည်။
မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေတတ်သည့် မိုင်းများအား အသုံးမပြုရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်များကို ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသဖြင့် စစ်ရေးပဋိပက္ခများတွင် နှစ်ဖက်တပ်များက မိုင်း အမျိုးအစား အမျိုးမျိုးကို အသုံးပြုလျက် ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် မြေမြှုပ်မိုင်းနှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာနေ သည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မြေမြှုပ်မိုင်း အသုံးမပြုရေးဆိုင်ရာ စာချုပ်များတွင် မြန်မာ ပါဝင်လက်မှတ်ရေးထိုးရန် နေပြည်တော်တွင် လာရောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
မြေမြှုပ်မိုင်း အပါအဝင် မိုင်းအမျိုးအစား အမျိုးမျိုးသည် ရန်သူကိုသာ ပစ်မှတ်ထား တိုက်ခိုက်နိုင်ခြင်းမျိုး မဟုတ်ဘဲ အပြစ်မရှိသည့် အရပ်သားပြည်သူများကိုပါ ထိခိုက်နိုင်ခြင်း၊ မိုင်းကြောင့် ထိခိုက်သူများသည် လူမှုဘဝတွင်လည်း ဆုံးရှုံးမှုများရှိခြင်း စသည့် အချက်များကြောင့် မိုင်းအသုံးပြုမှုကို နိုင်ငံတကာက တားမြစ်ကြခြင်း ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံဘက်မှ ပြည်တွင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခများ ချုပ် ငြိမ်းပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို အဖွဲ့အားလုံးနှင့် ချုပ်ဆိုပြီးမှသာ စာချုပ် အသီးသီးတွင် ပါဝင်လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်းကို မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်းဆိုင်ရာ သဘော တူစာချုပ်၊ ထပ်ဆင့်ပေါက်ကွဲစေတတ်သည့် စစ်လက်နက် ပစ္စည်းများအသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်းဆိုင်ရာ သဘော တူစာချုပ်များ၏ စာချုပ်ဆိုင်ရာ အထူးကိုယ်စားလှယ် ဂျော်ဒန်အိမ်ရှေ့မင်းသား မီရာရာဇိအယ်ဟူစိန်အား ၂၀၁၈ မေလ က အကြောင်းပြန်စာ ပေးပို့ထားသည်။
၂၀၁၈ ဒီဇင်ဘာတွင် မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အာရှနိုင်ငံများ ထဲတွင် မြေမြှုပ်မိုင်း အသုံးပြုမှု အများဆုံးစာရင်း၏ အဆင့် ၃ နေရာတွင် ရှိကြောင်း သိရသည်။
You may also like these stories:
ဒီးမော့ဆိုမြို့အတွင်းရှိ အိမ်အလုံး ၅၀ ကို စစ်ကောင်စီ ဖျက်ဆီး
ဖမ်းဆီးသွားပြီး ရုပ်အလောင်းပါ ဖျောက်ခံလိုက်ရသည့် မန္တလေးက ကိုသန်းထွန်းဦး
သထုံတွင် စစ်တပ်က အမျိုးသမီးအချို့ကို ဖမ်းပြီး အဓမ္မ အလုပ်ခိုင်းစေဟုဆို