ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းလာသလို အမေရိကန်ဒေါ်လာဈေးမှာလည်း စံချိန်တင် မြင့်တက်လာသဖြင့် စက်သုံးဆီ ဈေးနှုန်းများမှာ အာဏာ မသိမ်းခင်ကထက် နှစ်ဆကျော် မြင့်တက်သွားသည်။
ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်း မြင့်တက်မှုနှင့်အတူ ပြည်တွင်း အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည်လည်း ဆက်တိုက် မြင့် တက်လာရာ ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် ရှိသင့်သည့် ဈေးကွက်ပေါက် ဈေးနှုန်းထက်၂ ဆ ကျော်မြင့် တက်နေ ခြင်းကြောင့် ဖြစ်ကြောင်း ပြည်ပမှ စက်သုံးဆီ တင်သွင်းနေသော ကုမ္ပဏီတချို့က တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “ကမာ္ဘ့ဈေးကလည်း စံချိန်တင်ပဲ ဒီနှစ်အတွင်း record ဈေးကို ဖြစ်နေတာ။ လောင်စာဆီဈေးတက်တာက ကျနော်တို့ တိုင်းပြည်တခုတည်း မဟုတ်ဘူး။ တခြားနိုင်ငံတွေ လည်း ကြုံ နေရတာ။ ကျနော်တို့ကျတော့ နှစ်ခု လာစုံနေတာပေါ့ ကမာ္ဘ့ဈေးတက်တာရော exchange rate တက်တာ ရောပေါ့” ဟု ပြောသည်။
ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာကို ပြည်တွင်းဘဏ်များမှ တဆင့် ပြည်ပမှစက်သုံးဆီဝယ်ယူတင်သွင်းနေသော ကုမ္ပဏီများအား ရောင်းချပေးနေသော်လည်း ထိုပမာဏသည် ပြည်တွင်းစက်သုံးဆီကုမ္ပဏီအားလုံးအတွက် လုံလောက် ခြင်းမရှိသလို ပြင်ပဈေးကွက်တွင်လည်းအမေရိကန် ဒေါ်လာကိုအလွယ်တကူဝယ်ယူ၍ မရသည့်အခက်အခဲကိုလည်း ရင်ဆိုင်နေကြရကြောင်း စက်သုံးဆီကုမ္ပဏီများထံမှ သိရသည်။
စစ်တပ် အာဏာသိမ်းခင်က ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများသည် အောက်တိန်း 92 တလီတာသည် ကျပ် ၆၅၅၊ အောက်တိန်း 95 တလီတာသည် ကျပ် ၇၆၅၊ ဒီဇယ် (၅၅၀) တလီတာသည် ကျပ် ၆၉၅ ရှိခဲ့ကာ ပရီမီယံဒီဇယ် တလီ တာသည်လည်း ကျပ် ၇၀၅ သာ ရှိသည်။
အာဏာသိမ်းပြီး ၈ လအတွင်း စီးပွားရေး ကျဆင်းမှုနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုတို့ကြောင့် စက်သုံးဆီ ၁ လီတာ သည် ကျပ် ၇၀၀ မှ ၈၀၀ ဝန်းကျင်သို့ မြင့်တက်သွားခြင်း ဖြစ်သည်။
အမေရိကန်ဒေါ်လာဈေးနှုန်းသည် ယခင်က ၁ ဒေါ်လာကို ကျပ် ၁၃၀၀ မှ ၁၄၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုတွင် ၁ ဒေါ် လာကို ကျပ် ၂၅၀၀ မှ ၂၇၀၀ ဝန်းကျင်အထိ ဈေးနှုန်းများ မြင့်တက်လာလျက်ရှိသည်။
မန္တလေး အခြေစိုက် စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “အဓိက ဒေါ်လာဈေးကြောင့်ပဲ ပြီး တော့ ဒေါ်လာက လွယ်လွယ် ဝယ်မရဘူး။ အရင်က ဒေါ်လာ ၅ သိန်းလိုလို၊ ၁၀ သိန်းလိုလို ဝယ်ရတယ် အခုက ဟိုလူ့ ဆီက ဒေါ်လာတထောင် ဒီလူ့ဆီက ဒေါ်လာတသောင်း အဲဒီလိုကို လိုက်စုဝယ်နေရ တာ” ဟု ဧရာဝတီသို့ ပြော သည်။
ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းမြင့်တက်နေသည်ဆိုသော်လည်း ပြည်တွင်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသာ ယခုလို ကျပ် ၂၀၀၀ ကျော်အထိ မမြင့်တက်ပါက ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် ယခုလောက်အထိ ဈေးနှုန်းမြင့်တက်နိုင်စရာ မရှိကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၂၇ ရက်က ကျင်းပသည့် အစည်းအဝေးတွင် ပြည်ပ မှ တင်သွင်းနေရသော စက်သုံးဆီ သုံးစွဲမှု လျှော့ချနိုင်ရန် နည်းလမ်းများရှာဖွေဆောင်ရန်နှင့် လျှပ်စစ်ဓာတ်အား အသုံးပြု မောင်းနှင်ရသည့် ဘတ်စ်ကားများနှင့် အိမ်သုံးမော်တော်ယာဉ်များ အသုံးပြုနိုင်ရန်ရေးကို ရည်မှန်းချက်ထား ဆောက်ရွက် ရန် ပြောကြားထားသည်။
You may also like these stories:
အမေရိကန် ၁ ဒေါ်လာ ကျပ် ၂၇၀၀ ရောက်ပြီ
BGF ထိန်းချုပ် နယ်စပ်ကုန်သွယ်ရေးလှေဂိတ်များ ထိုင်းဘက်က ပြန်ဖွင့်ရန်စီစဉ်