ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မစ္စ Ann Linde နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် သံတမန်ရေးရာ တိုးတက်မှု တခုပင်ဖြစ်ကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် NUG ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်တို့ စက်တင်ဘာ ၂၉ ရက်က အွန်လိုင်းမှတဆင့် ရုပ်သံဖြင့် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် ပတ်သက် ၍ ဧရာဝတီက မေးမြန်းရာ ဒေါ်ဇင်မာအောင်က ထိုသို့ ဖြေကြားခြင်း ဖြစ်သည်။
၎င်းက “အရင်တုန်းကလည်း သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတွေနဲ့ တွေ့တာတော့ ရှိတယ်။ အခုကတော့ ဝန်ကြီးနဲ့ တွေ့ပြီးတော့ တွေ့ဆုံတဲ့အကြောင်းကို Publicly (လူသိရှင်ကြား) ထုတ်ပြန်တဲ့ အကြောင်းကတော့ ထူးခြားချက်တခုပဲ ဖြစ်ပါတယ်။ နောက်တခုက ဆွီဒင်ကိုယ်တိုင်က UN (ကုလသမဂ္ဂ) ရဲ့ Credential (ကိုယ်စားလှယ်စိစစ် လက်ခံရေး) ကော်မတီမှာလည်း သူက အဖွဲ့ဝင်အနေနဲ့ ပါလာတယ်ပေါ့။ ဒါက NUG အတွက် သံတမန်ရေးရာ တိုးတက်မှုရှိ တဲ့ တွေ့ဆုံမှုလို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။
ဆွီဒင်နိုင်ငံတွင် NUG ၏ ကိုယ်စားလှယ်ထားလိုပါက ပြဿနာမရှိဟု ဆွီဒင်ဘက်က သဘောထားရှိပြီး ဆွီဒင် အပါအဝင် စကင်ဒီနေးဗီးယန်းနိုင်ငံများ၏ ကိုယ်စားလှယ်အဖြစ် ဦးလင်းသန့်က တာဝန်ယူမည် ဖြစ်သောကြောင့် ဦးလင်းသန့်ပါ အ စည်းအဝေးသို့ တက်ရောက်ခြင်း ဖြစ်ကြောင်း ဒေါ်ဇင်မာအောင်က ပြောသည်။
“ကျမတို့ဘက်က ဆွီဒင်မှာ ထားမယ်ဆိုရင်လည်း ဆွီဒင်ဘက်က ပြဿနာမရှိပါဘူး။ အခုလောလောဆယ်တော့ ချက်က ကိုယ်စားလှယ်က ပူးတွဲပြီး တာဝန်ယူနေတယ်။ ကျမတို့ဘက်ကလည်း ကိုယ်စားလှယ်တွေ ခန့်အပ်ဖို့ ပြင်ဆင်နေ တာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများ၊ စစ်ကောင်စီ၏ အာဏာသိမ်း ရန် ကြိုးပမ်းခဲ့မှုကြောင့် ဖြစ်ပေါ်လာရသော အခက်အခဲ အကျပ်အတည်းများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှု အခြေအနေ များကို ဆွေးနွေးခဲ့ကြောင်း NUG ဘက်က သတင်းထုတ်ပြန်ထားသည်။
NUG ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်က ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရေး ဆွီဒင်နိုင်ငံဘက်က ကူညီပံ့ပိုးမှု အကြောင်းများ ဆွေးနွေးခဲ့သည် ဟုလည်း ပြောသည်။
“ဦးကျော်မိုးထွန်းရဲ့ Credential ကိစ္စ၊ Continuity (ဆက်လက်တည်ရှိနေခြင်း) ဖြစ်ရေး ဆွီဒင်ရဲ့ အခန်းကဏ္ဍ အများ ကြီး အကူအညီ ရခဲ့ပါတယ်။ အဲဒီကိစ္စ ပြောဖြစ်တယ်။ ပြည်တွင်း အခြေအနေတွေ ပြောဖြစ်တယ်။ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ နိုင်ငံတကာဆီက လိုအပ်နေတဲ့ အကူအညီတွေနဲ့ ပတ်သက်လို့ ထည့်သွင်းဆွေးနွေး ဖြစ်ပါတယ်။ ဆွီဒင် ကတော့ ကျနော်တို့ လက်ရှိ လုပ်နေတဲ့အပေါ်မှာ စာနာနားလည်တယ် လို့ပြောပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်ကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင် ဝန်ကြီး ၂ ဦးတို့သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အတိုင်ပင်ခံ Mr. Derek Chollet တို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကိုဗစ် ကာကွယ်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေး အမေရိကန်ဘက်က တတ်နိုင်သမျှ ကူညီနေမှု များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း NUG ထံမှ သိရသည်။
လက်ရှိတွင် NUG ကိုယ်စားပြု ကိုယ်စားလှယ် ၆ ဦးကို အင်္ဂလန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ချက်သမ္မတနိုင်ငံနှင့် တောင် ကိုရီးယားနိုင်ငံတို့က တရားဝင် အသိအမှတ်ပြု ခန့်အပ်လွှာများ ပေးအပ်ထားပြီး ကိုယ်စားလှယ်များ အနေဖြင့် တာဝန်များ ထမ်းဆောင်နေပြီ ဖြစ်ကြောင်း NUG နိုင်ငံခြားဝန်ကြီးဌာနဘက်က ပြောဆိုထားသည်။
You may also like these stories:
လွိုင်ကော် တိုက်ပွဲ ပြင်းထန်၊ အရပ်သား ထောင်နှင့်ချီ ထွက်ပြေးနေရ
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တို့ကို ပုဒ်မ ၅၀၅- ခ ဖြင့် စွဲချက်တင်
အဂတိမှုဖြင့် တရားစွဲခံထားရသော ရခိုင်ဝန်ကြီးဟောင်း ၅ ဦးအမှု ပထမအကြိမ် ရုံးထုတ်