မြန်မာစစ်ကောင်စီသည် ယခုအပတ်တွင် တရားရင်ဆိုင်ရသော ဖြုတ်ချခံအရပ်သားအစိုးရ၏ သြစတြေးလျနိုင်ငံသား အကြံပေး ရှောင်တန်းနဲလ်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားအစိုးရထိပ်တန်း ခေါင်းဆောင် ၄ ဦးတို့ကို ရှေ့နေများနှင့် တွေ့ခွင့်မပေးသေးပေ။
ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တန်းနဲလ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယ ဝန်ကြီးဟောင်း ဦးဆက်အောင်တို့၏ အပတ်စဉ်ကြားနာစစ်ဆေးမှုများကို လွန်ခဲ့သော ကြာသပတေးနေ့က စတင်သည်။
ရှေ့နေများက ၎င်းတို့အမှုသည်များနှင့်တွေ့ဆုံရန် လျှောက်ထားပြီးဖြစ်သည်။
“ရှေ့နေတွေက အမှုသည်တွေနဲ့ လူချင်း တွေ့ခွင့်မရသေးဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင်အဖွဲ့က ကြာသပတေးနေ့တွင်ပြောသည်။ “နောက်ရုံးချိန်းမှ နှစ်ဘက်လုံးရဲ့ လျှောက်လှဲချက်တွေကို ကြားနာမယ်လို့ တရားသူကြီးကပြောတယ်” ဟု ထိုအဖွဲ့ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လမ်းလျှောက်စကားပြောစက်တရားမဝင်ပိုင်ဆိုင်ခြင်း၊ ကိုဗစ်နိုင်တင်း ကန့်သတ်ချက်များချိုးဖေါက်ခြင်း၊ အစိုးရ ဆန့်ကျင်ခြင်း၊ နိုင်ငံတော်အစိုးရလျှို့ဝှက်ချက် ဥပဒေချိုးဖေါက်ခြင်း၊ အဂတိလိုက်စားခြင်း အပါအဝင် စွဲချက် ၁၀ ခုရင်ဆိုင်နေရသည်။ နောက်ထပ်အမှုတခုကိုလည်း ရန်ကုန်တွင် မကြာသေးမီက ထပ်မံစွဲဆိုထားသည်။
နိုင်ငံတော်အစိုးရလှို့ဝှက်ချက်ဥပဒေဖြင့် စွပ်စွဲမှုအတွက် အမှုသည်များနှင့် သီးခြားတွေ့ဆုံရန် တောင်းဆိုထားကြောင်း ရှေ့နေများပြောသည်။ အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ယခုအပတ်အတွင်း တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် တရားရုံးသို့ ၄ ကြိမ်အထိပင် သွားရောက်ပြီး စွပ်စွဲချက် ၁၀ ခုကို ရင်ဆိုင်ရသည်။
အမှုရင်ဆိုင်ရသူ ၅ ဦးလုံးအတွက်း တရားရုံးသည် ကျဉ်းနေသည်ဟု ရှေ့နေများကို ရဲအရာရှိ တဦးက ကြာသပတေးနေ့တွင် ပြောသည်။
အထူးတရားရုံးတွင် အမှုသည်တဦးလျှင် ရှေ့နေ ၂ ဦးသာ ကန့်သတ်ထားကြောင်း ရှေ့နေများ ပြောသည်။
ရှောင်တန်းနဲလ်ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေဖြင့်လည်း စွဲဆိုထားသည်။ သူ၏မိသားစုနှင့် သြစတြေးလျ အစိုးရက သူ့ကိုလွှတ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုထားပြီးဖြစ်သည်။
စက်တင်ဘာလ ၂၃ ရက်နေ့က သူတရားရုံးသို့ရောက်လာသောအခါ သူနှင့်တွေ့ခွင့်မပေးကြောင်း သြစတြေးလျ ကောင်စစ်အရာရှိက ABC သတင်းဌာနသို့ တနင်္လာနေ့တွင်ပြောသည်။
ကြာသပတေးနေ့တွင် သံရုံးမှကိုယ်စားလှယ်တဦး နေပြည်တော်သို့ သွားသော်လည်း အထူးတရားရုံးသို့ သွားခွင့်မရကြောင်း ခုခံချေပ ရှေ့နေများပြောသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ချုပ်ထားခြင်းက လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်
မြေနီကုန်းတွင် သတ်ဖြတ်ခံရသော ဆရာဝန်၏ ဇနီးကို စစ်ကောင်စီ ဖမ်းဆီး
ဖမ်းဆီးသွားပြီး ရုပ်အလောင်းပါ ဖျောက်ခံလိုက်ရသည့် မန္တလေးက ကိုသန်းထွန်းဦး
သထုံတွင် စစ်တပ်က အမျိုးသမီးအချို့ကို ဖမ်းပြီး အဓမ္မ အလုပ်ခိုင်းစေဟုဆို