ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ဒုက္ခသည်စခန်းတခုမှ ထင်ရှားသော ရိုဟင်ဂျာမွတ်ဆလင်ခေါင်းဆောင် တဦးကို သေနတ်သမားများက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပစ်သတ်ခဲ့ကြောင်း ကုလသမဂ္ဂပြောခွင့်ရသူတဦးနှင့် ဒေသဆိုင်ရာရဲအရာရှိတဦးကပြောသည်။ ထိုကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်အသိုက်အဝန်းတွင် အကြမ်းဖက်မှု ဆိုးရွားနေသည်မှာ လအတန်ကြာပြီးနောက် ယခုဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်သည်။
အသက် ၄၀ နှောင်းပိုင်းရှိပြီဖြစ်သော မိုဟစ် အူလာသည် ၂၀၁၇ ခုနှစ်သြဂုတ်လက စစ်ဆင်ရေးများအပြီး ရိုဟင်ဂျာမွတ်ဆလင် ၇၃၀၀၀၀ကျော် မြန်မာနိုင်ငံမှထွက်ပြေးလာပြီးနောက် ပေါ်ပေါက်လာသည့် အကြီးမားဆုံး လူမှုအသိုက်အဝန်းများအနက် တခုကို ဦးဆောင်သူဖြစ်သည်။
အိမ်ဖြူတော်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် စကားပြောရန် ဖိတ်ကြားခံခဲ့ရသော အူလာသည် မျိုးဆက်ပေါင်းများစွာ ဖိနှိပ်ခံနေရသည့် လူနည်းစု ရိုဟင်ဂျာအရေးကို ဆောင်ရွက်သူများတွင် အထင်ရှား အကျော်ကြားဆုံးဖြစ်သည်။
မိုဟစ်အူလာပစ်သတ်ခံရကြောင်း ဒုက္ခသည်စခန်း အနီးရှိ ကော့စ်ဘဇားမြို့မှ ဒုရဲအုပ် ရာဖစ်ကူ အစ္စလမ်က Reuters သတင်းဌာနသို့ ဖုန်းဖြင့်ပြောသော်လည်း အခြားအသေးစိတ်များကိုပြောကြားခြင်း မရှိပေ။
မိုဟစ်အူလာ သတ်ဖြတ်ခံရခြင်းကြောင့် ဝမ်းနည်းကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောခွင့်ရသူကပြောသည်။ “ဒုက္ခသည်စခန်းတွေမှာ ငြိမ်းချမ်းရေးနဲ့လုံခြုံမှု ထိန်းသိမ်းနိုင်ရေးအတွက် တရား ဥပဒေစိုးမိုးရေးအာဏာပိုင်တွေနဲ့ကျနော်တို့ အမြဲမပြတ်ဆက်သွယ်နေတယ်” ဟုလည်း ထိုပြောခွင့်ရသူက ပြောသည်။
မိုဟစ်အူလာ၏အဖွဲ့ဖြစ်သော အာရကန် ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့သည် မြန်မာနိုင်ငံမှ ဖြိုခွဲမှုများအတွင်း ရိုဟင်ဂျာများ ခံစားရသည့် ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်သော အဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံမှ ထိုဖြိုခွဲမှုသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော လုပ်ရပ်ဖြစ်သည်ဟု ကုလသမဂ္ဂက သတ်မှတ်သည်။
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် မိုဟစ်အူလာသည် တဲတခုမှ တခုသို့ သွားရောက်ပြီး သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် မီးရှို့မှု စာရင်းများကို ပြုစုပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးသူများထံ ပေးပို့သည်။
သူ၏အဖွဲ့အစည်းသည် စခန်းများအတွင်း ဒုက္ခသည်များ၏ အသံကို နိုင်ငံတကာက ကြားသိအောင် လုပ်ဆောင်ပေးသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ပြောကြားရာတွင် ရိုဟင်ဂျာများသည် ၎င်းတို့အနာဂတ်အတွက် ပြောရေးဆိုခွင့် ပိုမိုလိုအပ်ကြောင်း သူပြောသည်။
သူ၏ကျော်ကြားမှုကြောင့် သူသည် သဘောထားတင်းမာသူများ၏ ပစ်မှတ်ဖြစ်လာပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ခံခဲ့ရကြောင်း ၂၀၁၉ ခုနှစ်က Reuters သတင်းဌာနသို့ သူပြောဖူးသည်။ “သေမှ မကြောက်ဘူး။ အသက်ပေး လုပ်ဆောင်မယ်” ဟု ထိုစဉ်က သူပြောသည်။
လက်နက်ကိုင်များသည် အာဏာလုနေခြင်း၊ ဝေဖန်သူများကို ဖမ်းဆီးခြင်းနှင့် အမျိုးသမီးများ အစ္စလမ် အစဉ်အလာများ ချိုးဖေါက်မည်ကို သတိပေးခြင်းများ ဖြစ်နေသောကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ကျယ်ပြန့်သော ဒုက္ခသည် စခန်းများတွင် အကြမ်းဖက်မှုများ ပိုမိုများပြားလာနေကြောင်း ဒေသခံများပြောသည်။
မိုဟစ်အူလာ သေဆုံးခြင်းသည် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း ရိုဟင်ဂျာ အရပ်ဘက်အဖွဲ့အစည်းရေးရာ တက်ကြွလှုပ်ရှားသူနှင့် အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး စင်ပြိုင်အစိုးရ ဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ၏ အကြံပေး ဦးအောင်ကျော်မိုးက ပြောသည်။
“သူ့ကို ခြိမ်းခြောက်နေတယ်ဆိုတာ သူသိတယ်။ ဒါပေမယ့် ဒီအလုပ်တွေကို သူမလုပ်ရင် ဘယ်သူမှ လုပ်မှာ မဟုတ်ဘူးလို့ သူထင်နေတယ်” ဟုလည်း သူပြောသည်။
ကိုးကား။ ။ Reuters သတင်း Rohingya community leader shot dead in Bangladesh refugee camp
You may also like these stories :
ဒေါ်အောင်ဆန်းစုကြည်အပေါ် အရင်ထက် ယခုစစ်အုပ်စုက ပိုငြိုး
စစ်ကောင်စီက ရှောင်တန်းနဲလ်ကို ရှေ့နေနှင့်တွေ့ခွင့်မပေး
မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရပြီဟု ကုလသမဂ္ဂပြော