ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်အား ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းပေးခဲ့ ကြောင်း ပြောဆိုချက်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့ကြောင်း ရှေ့နေအဖွဲ့ဝင်တဦးက ပြောသည်။
ယနေ့ နေပြည်တော်ရှိ အထူးသီးသန့်တရားရုံးတွင် တရားခွင်မစတင်မီ ရှေ့နေများနှင့်တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည် က ငြင်းဆိုပြောကြားခဲ့ခြင်းဖြစ်ပြီး ဦးဖြိုးမင်းသိန်းအနေဖြင့် ပေးခဲ့ခြင်းမရှိကြောင်းလည်း ပြောပြခဲ့သည်ဟု ရှေ့နေတဦးက ပြောသည်။
ရှေ့နေဖြစ်သူက “ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိသာနဲ့ ဒေါ်လာ ၆ သိန်း ပေးတယ်ဆိုတာ သူ့ကိုလည်း ပေးတာလည်းမရှိဘူး၊ တ မင်သက်သက် ဒါဟာ အချုပ်ထဲမှာနေတုန်းက အာဏာပိုင်တွေက ပြောခိုင်းတာကို ပြောတာနေမှာပေါ့” ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောခဲ့ကြောင်းလည်း ရှင်းပြသည်။
ဦးဖြိုးမင်းသိန်းအနေဖြင့် ရန်ကုန်တိုင်းအတွင်း လုပ်ဆောင်ချက်များအား ထောက်ခံပေးရန်ဟုဆိုကာ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းအား ၃ ကြိမ်းခွဲ၍ လက်ရောက်ပေးအပ်ခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီက ၎င်းအားဖမ်းဆီးချုပ်နှောင်ပြီးနောက်တွင် အာဏာသိမ်း စစ်ကောင်စီထံ ထွက်ဆိုခဲ့သည်။
၎င်း၏ထွက်ဆိုချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းကိုယ်တိုင် တရား လိုပြသက်သေ တဦးအနေဖြင့် တရားခွင်တွင် သက်သေလာရောက်ထွက်ဆိုခဲ့ရာ၌ စစ်ကောင်စီထံ ထွက်ဆိုခဲ့သည့် အတိုင်းပင် တရားခွင်တွင်လည်း ထွက်ဆိုခဲ့ကြောင်း ရှေ့နေများကပြောသည်။
အမှုနှင့်ပတ်သက်ပြီး ပြောဆိုချက်များအပေါ် “အားလုံးက အဓိပ္ပါယ်မရှိဘူး” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုခဲ့သည်ဟု ရှေ့နေတဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား လာဘ်ပေးခဲ့ရကြောင်း ဦးဖြိုးမင်းသိန်း၏ သက်သေထွက်ဆိုချက်နှင့် ပတ်သက်ပြီး ပြည်သူ များအကြား အမျိုးမျိုးသော ဝေဖန်မှုများလည်း ထွက်ပေါ်လျှက်ရှိနေသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်များ အား အမျိုးမျိုးသော ပုဒ်မများတပ်၍ ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်လျှက်ရှိသော်လည်း ဦးဖြိုးမင်းသိန်းအား ပုဒ်မတပ် တရားစွဲဆိုမှုများ မရှိသေးကြောင်းလည်း ရှေ့နေများထံက သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဦးဖြိုးမင်သိန်းက လာဘ်ပေးခဲ့သည်ဆိုသော အမှုအပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စုစုပေါင်း ၅ မှုအထိ အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲတရားစွဲဆိုထားသည်။
ယင်းအပြင် ယနေ့တရားရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ ကျန်းမာရေးအခြေအနေအရ အပတ်စဉ် ရုံးထုတ်စစ်ဆေးနေသည့်အခြေအနေမှ တပတ်ခြားအနေဖြင့်သာ စစ်ဆေးပေးရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
ယနေ့တရားရုံးချိန်း စစ်ဆေးချက်များအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုအား နှစ်ဖက်ရှေ့နေများ အပြန်အလှန်လျှောက်လဲချက်ပေးခဲ့ကြပြီး လာမည့်အောက်တိုဘာ ၁၁ ရက်နေ့ရုံးချိန်းတွင် စွဲချက်တင်/မတင်အမိန့်ချမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်တရားစွဲဆိုထားမှုအား မူလ က ယနေ့ရုံးချိန်းတွင် စွဲချက်တင်/မတင်အမိန့်ချဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တပြိုင်တည်းအတူ အမိန့် ချနိုင် ရန်အတွက် အောက်တိုဘာ ၁၁ ရက်နေ့အား ထပ်မံရုံးချိန်းခဲ့သည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် တရားစွဲဆိုထားမှုတွင် နောက်တိုးတရားလိုပြ သက်သေအနေဖြင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူတဦးအား ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများက ကန့်ကွက် ထားသော်လည်း တရားသူကြီးက လက်ခံခဲ့သည့်အတွက် အောက်တိုဘာ ၁၁ ရက်နေ့တွင် ၎င်းအားစစ်ဆေးမည်ဖြစ်သည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားမှုနှင့် ပတ်သက်၍လည်း ယနေ့ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ အပြန်အလှန်လျှောက်လဲချက်ပေးခဲ့ကြပြီး အောက်တိုဘာ ၁၁ ရက်နေ့ရုံးချိန်းတွင် စွဲချက်တင်/မတင် အ မိန့်ချမည်ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် လျှို့ဝှက်အက်အမှုအတွက် ရှေ့နေပါဝါမရသေး
စစ်ကောင်စီ၏ ဦးဖြိုးမင်းသိန်း ဗီဒီယိုဖိုင် ထုတ်ပြန်မှု လူများ မယုံကြည်ကြ