စစ်ကြောရေးတွင် သေဆုံးသွားပြီဟု သတင်းများ ပြန့်ခဲ့သည့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ အသက် ၂၄ နှစ်အရွယ် ကိုရာဇာထွန်း သည် အသက်ရှင်လျှက်ရှိနေသေးကြောင်း အာဏာသိမ်း စစ်တပ်ဘက်က သတင်းထုတ်ပြန်ချက်အရ သိရသလို မိသားစုဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကလည်း ဧရာဝတီသို့အတည်ပြုသည်။
ကိုရာဇာထွန်းအား စစ်ကောင်စီတပ်သားများက ယမန်နေ့ညက ထားဝယ်မြို့လယ်ရှိ လမ်းဆုံလမ်းခွများသို့ ခေါ်လာပြီး ၎င်းမှာလူသတ်တရားခံဖြစ်ကြောင်း ခြိမ်းခြောက်၍ ဝန်ခံပြောဆိုခိုင်းခြင်းများရှိကြောင်း ကိုရာဇာထွန်း၏ မိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။
၎င်းက “မနေ့တုန်းက သူ့ကိုခေါ်ပြီးတော့ ထားဝယ်မြို့လမ်းဆုံတွေမှာ လိုက်ကြေညာခိုင်းတယ်။ အတင်းခြိမ်းခြောက်ပြီး လူသတ်တရားခံဆိုပြီးတော့ လိုက်ကြေညာခိုင်းတယ်။ သူ့ရဲ့အိမ်ကိုလည်း အတင်းခြိမ်းခြောက်ထားတယ်။ ဘာမှမပြောနဲ့ ဘယ်သူနဲ့မှ မဆက်သွယ်နဲ့ မဟုတ်ရင် မင်းရဲ့သားသေဒဏ်ချခံရမယ်ဆိုပြီးတော့ ပြောထားတယ်” ဟုပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ကိုရာဇာထွန်း၏ နေအိမ်မှ မိသားစုများအား ၎င်း၏လျှော်မည့်အဝတ်အစားများအား လာယူရန် အကြောင်းကြားခဲ့ပြီး တနင်္လာနေ့တွင် ရုံးထုတ်မည်ဖြစ်ကြောင်းလည်း ပြောခဲ့ကြောင်း ကိုရာဇာထွန်း၏ မိသားစုဝင်နှင့် နီးစပ်သူတဦးက ပြောသည်။
စက်တင်ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကိုရာဇာထွန်းအား စက်တင်ဘာလ ၂၀ ရက်နေ့က ထားဝယ်မြို့လယ် ဘုမ္မော်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၏ စာရေးမဖြစ်သူ ဒေါ်စန်းဝေ သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲအနေဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုရာဇထွန်းအား ဖမ်းဆီးသွားပြီးနောက် ထားဝယ်စစ်ကြောရေးစခန်းသို့ ပို့ဆောင်ကာ ကိုရာဇာထွန်းနှင့် တကွ ဖမ်းဆီးခံရသူလူငယ်များမှာ အကြမ်းဖက်ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ရာတွင် ပါဝင်သူ တဦးဖြစ်ကြောင်း စစ်ကောင်စီက ၎င်းတို့၏ရုပ်သံလိုင်းတွင် စက်တင်ဘာလ ၂၅ ရက်နေ့က ကြေညာခဲ့သည်။
ထိုသို့ထုတ်ပြန်ကြေညာပြီး ရက်ပိုင်းတွင် ကိုရာဇာထွန်း စစ်ကြောရေးတွင် သေဆုံးသွားကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၃ ရက်နေ့ ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီမှ ကိုရာဇာထွန်း၏ရုပ်သံဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကိုရာဇာထွန်းနှင့် နီးစပ်သူတဦးက “ဒလန်အမျိုးသမီး ဒေါ်စန်းဝေကို သတ်တယ်ဆိုတဲ့အမှုနဲ့ ဖမ်းတာ။ အယောက် ၂၀ လောက်ရှိတယ်။ ကိုရာဇာထွန်းကို မသေသေးဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားတယ်။ သေပြီဆိုပြီး သတင်းထွက်နေတာ။ အခုထိတော့ ဖမ်းထားဆဲပဲ။ သေပြီသတင်းက ဘယ်ကထွက်လာလဲဆိုတာတော့ မသိဘူး” ဟုပြောသည်။
အသက် ၂၄ နှစ်အရွယ် ကိုရာဇာထွန်းသည် ထားဝယ်မြို့ ဥဿရံတိုးချဲ့ရပ်ကွက်တွင် နေထိုင်သူတဦးဖြစ်ပြီး စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြမှုများတွင် တက်ကြွစွာပါဝင်ခဲ့သူတဦးဖြစ်သည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ
မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း
တကိုယ်တော် အာဏာသိမ်းမှု မဟုတ်ပါ
အကြမ်းနည်း တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့ ရန်ကုန်