မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များ သာမက ကျေးရွာများတွင်ပါ အုပ်ချုပ်ရေးမှူးများသည် ကျန်းမာရေး မကောင်းသည်ဟု အကြောင်းပြချက်များဖြင့် နုတ်ထွက်မှု ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပြီး ၁ လအတွင်း အယောက် ၂၀ ကျော်အထိ နုတ်ထွက်မှု ရှိနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ရေစကြိုမြို့ပေါ်တွင် အမှတ် ၈ ရပ်ကွက်အထိ ရှိသည့်အနက်မှ အမှတ် ၂ ၊ ၄ ၊ ၅၊ ၇၊ ၈ တို့မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၅ ဦး နုတ်ထွက်စာ တင်ထားကြောင်း သိရသည်။
ဒေသခံ တဦးက “မြို့ပေါ်မှာက အခုက တပ်ထဲမှာ သွားတိမ်းရှောင်နေတဲ့ အုပ်ချုပ်ရေးမှူးတွေလောက်ပဲ ကျန်မယ်။ သူတို့ ကြောက်လို့ပေါ့ဗျာ။ အကြောင်းပြချက်တွေကတော့ ကျန်းမာရေးကြောင့်တို့ ဆက်မလုပ်နိုင်လို့တို့ အဲဒီလိုတွေ ပြောတာ ပေါ့” ဟု ပြောသည်။
ထို့ပြင် ရေစကြိုမြို့နယ်တွင်း ရှိသော ကျေးရွာအုပ်စု ၈၁ ခုမှ အုပ်ချုပ်ရေးမှူး အယောက်၂၀ နီးပါး နုတ်ထွက်ခဲ့ပြီး အဆိုပါ စာရင်းသည် စက်တင်ဘာလနှင့် အောက်တိုဘာလအစတွင် နုတ်ထွက်သည့် စာရင်းသာ ဖြစ်ကြောင်း သိရသည်။
ရေစကြိုမြို့နယ်အတွင်းရှိ ကွေ့ထောင့်၊ ငတော်ရော်၊ ကံဦး၊ မြေဖြူ/မုန်ညင်း၊ ရေယှား၊ သာစည်၊ နှောင်းဘ၊ ညောင်တော၊ မိဖုယား၊ ဝါးဘိုး၊ သာဂေါင်၊ ဆင်တဲ၊ ဂွေးဂုဏ်၊ ဝါယာ၊ နေရင်း၊ ကမ္ဘဲ့၊ နိပဆေးတော၊ ဆင်ချောင်းနှင့် ပခန်းကြီး စသည့် ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများသည် ကျန်းမာရေး မကောင်းသဖြင့် တာဝန် မထမ်းဆောင်နိုင်တော့ကြောင်းနှင့် မိသားစု ကိစ္စရပ်များကြောင့် ဟုဆိုကာ နုတ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တရားအောက်မှ နုတ်ထွက်ကြရန် ဒေသခံ ကာ ကွယ်ရေးအဖွဲ့ အသီးသီးက သတိပေးချက်များ ထုတ်ပြန်ထားပြီး ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများ အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် နေ့စဉ်ရက်ဆက် အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရ၍ သေဆုံးမှုများ ဖြစ်ပေါ်နေသည်။
မကွေးတိုင်းတွင်သာမက စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ ပင်လည်ဘူး၊ ထီးချိုင့် အစရှိသည့် မြို့နယ်များတွင်လည်း အုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်မှု ရှိနေသည့်အပြင် ယခု ရက်ပိုင်းအတွင်း၌ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့ရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်သည့်ဖြစ်စဉ်များလည်း ရှိနေသည်။
You may also like these stories:
လွိုင်ကော် တိုက်ပွဲ ပြင်းထန်၊ အရပ်သား ထောင်နှင့်ချီ ထွက်ပြေးနေရ
စစ်ကောင်စီ မြေမြှုပ်မိုင်းများက အရပ်သားများကို ပစ်မှတ်ထား