သတင်း

ကလေးငယ် ၇၆၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ တောထဲတွင် ဖွားမြင်နေရ

Want create site? Find Free WordPress Themes and plugins.

ဖေဖေါ်ဝါရီလက စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လာ သောကြောင့် မြန်မာနိုင်ငံမှ ကလေးငယ်ပေါင်း ၇၆၀၀၀ ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု Save the Children အဖွဲ့က ယနေ့ကြေညာသည်။

နေရပ်စွန့်ခွာထွက်ပြေးရသော ကလေးအများစုသည် တောတွင်းတွင်နေထိုင်ရပြီး မိုးဒဏ်ကာကွယ်ရန် ဝါးဖြင့် ထောင်ထားသည့် တာပေါ်လင်သာ ရှိကြသည်။ မိသားစုအများအပြားသည် စားစရာ လုံလုံလောက်လောက် မရှိကြဘဲ တနေ့ထမင်းတနပ်သာ စားကြရကြောင်း Save the Children ကဖေါ်ပြသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် တနိုင်ငံလုံးတွင် လူပေါင်း ၂၀၆၀၀၀ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။ နေရပ်စွန့်ခွာထွက်ပြေးရမှု အများအပြားဖြစ်သော မြန်မာနိုင်ငံအနောက်တောင်ပိုင်း ကယားပြည်နယ်တွင် စက်တင်ဘာလ တလတည်းတွင်ပင် လူပေါင်း ၂၂၀၀၀ ခန့်နေအိမ်များကို စွန့်ခွာထွက်ပြေးရသည်ဟု ကုလသမဂ္ဂက ဖေါ်ပြသည်။ ထိုပြည်နယ်တွင် ကလေးငယ်ပေါင်း ၂၉၀၀၀ အပါအဝင် လူပေါင်း ၇၉၀၀၀ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ လွန်ခဲ့သောလက တိုက်ခိုက်မှုများကြောင့် ဒီမောဆို တမြို့လုံး ထွက်ပြေးနေရသည်။

ကယားပြည်နယ်တွင် အကြီးအကျယ်သေဆုံး၊ ငတ်မွတ်၊ ရောဂါကူးစက်၊ အကာအကွယ်မဲ့နေနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန်က ဇွန်လက သတိပေးထားသည်။ အစားအစာနှင့် အသက်ကယ် ဝန်ဆောင်မှုများ မရသောကြောင့် နေရပ်စွန့်ခွာမိသားစုများသည် ဆန်ပြုတ်သာသောက်နေရသည်ဟု ဆိုသည်။

ခင်ပွန်းသည်နှင့် ကလေး ၂ ယောက်နှင့်အတူ ဒီမောဆိုမှ လွန်ခဲ့သော ၅ လက ထွက်ပြေးပြီးနောက် အသက် ၃၃ နှစ်ရှိပြီဖြစ်သော ချယ်ရီ (အမည်ပြောင်း) သည် တောတွင်းမှ စစ်ဘေးရှောင်စခန်းတွင်သာ နေထိုင်နေရသည်။ ထိုမိသားစုသည် ယာယီ တာပေါ်လင် အမိုးအကာအောက်တွင်သာ နေထိုင်ရသည်။ ချယ်ရီသည် တတိယကလေးအတွက် ကိုယ်ဝန်ဆောင်ထားရပြီး ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ မီးဖွားရမည့် အလားအလာကို ရင်ဆိုင်နေရသည်။

ကယားပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းတခုကို ဇူလိုင်လအတွင်းက တွေ့ရစဉ်/ KNIC

“ကျမ နာကျင်ခံစားရတာတွေကို စကားနဲ့တောင် မပြောပြတတ်တော့ဘူး” ဟု ချယ်ရီက Save the Children သို့ပြောသည်။ “မီးဖွားရမယ့်ရက်က နီးလာပြီ။ ဒီစခန်းမှာနေရလို့ ကလေးအတွက် စိုးရိမ်တယ်။ ရရာစားနေရလို့ အဟာရဖြစ်မဖြစ် မစဉ်းစားနိုင်ဘူး။ မွေးပြီးရင်လည်း ဒီကလေးကို ဘာကျွေးရမယ်ဆိုတာ စဉ်းစားလို့တောင် မရဘူး။ ကျမတို့မှာ သူများတွေလာလှူတဲ့ စားစရာပဲ ရှိတယ်။ ဘာပဲလာလှူလှူ အဲဒါကိုပဲ စားနေရတာ။ ကလေးအတွက် သင့်တော်တဲ့အစားအစာမျိုး မဟုတ်ဘူး” ဟု သူပြောသည်။

နိုင်ငံအနှံ့အပြားမှ အကူအညီပေးရေးအဖွဲ့များသည် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် အကူအညီပေးရေး ကန့်သတ်ချက်များကြောင့် အကူအညီလိုနေသော မိသားစုများထံ မရောက်နိုင်ဘဲ ဖြစ်နေသည်။နေရပ်စွန့်ခွာမိသားစုအများအပြားသည် အစားအစာနှင့် အဓိကလိုအပ်ချက်များအတွက် ဒေသခံများကိုသာ မှီခိုနေရသည်။

ဇာတိမြို့ ဒီမောဆိုတွင် မေလက တိုက်ပွဲများဖြစ်ပွားသောအခါ ဦးထွန်း (အမည်ပြောင်း) သည် မိသားစုနှင့်အတူ မည်သည့်ပစ္စည်းမျှမပါဘဲ ထွက်ပြေးရသည်။ နေအိမ်နှင့် ပိုင်ဆိုင်မှုအားလုံးကို မီးရှို့ခံရသောကြောင့် ထိုမိသားစုသည် အိမ်မပြန်နိုင်တော့ပေ။

“မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းပဲ ယူနိုင်ပြီး မိသားစုနဲ့ ထွက်ပြေးခဲ့ရတာ။ အခုတောင်ပေါ်က ယာယီတဲမှာ နေကြရတာ။ အစားအစာရဖို့ ခက်ပြီး ပိုင်ဆိုင်တာတွေအားလုံး ဖျက်ဆီးခံရပြီး အိမ်မပြန်နိုင်တော့လို့ လှူတာကိုပဲ မှီခိုနေရတယ်။ ဒီက ကျန်တဲ့သူတွေလည်းအားလုံး ကျနော်တို့လို ဒုက္ခရောက်နေကြတယ်” ဟု Save the Children သို့ သူပြောသည်။

အရေးပေါ်ရိက္ခာ အကူအညီမရပါက နေရပ်စွန့်ခွာ ကလေးငယ် ထောင်ပေါင်းများစွာ အငတ်ဘေးကြုံရမည်ဟု Save the Children က သတိပေးထားသည်။ ၎င်းတို့သည် အစားအစာအတွက် လယ်ယာလုပ်ငန်းကို မှီခိုရသော်လည်း ပဋိပက္ခကြောင့် လယ်ယာများ ဆုံးရှုံးသွားကြောင်း Save the Children က ဧပြီလတွင် စစ်တမ်းကောက်ခဲ့သော မိသားစုများ၏ ၆၀ ရာခိုင်နှုန်းခန့်ကပြောသည်။

ကယားပြည်နယ်ရှိ စစ်ရှောင်စခန်းတခုကို တွေ့ရစဉ်/ NMG

မြန်မာနိုင်ငံတွင် အငတ်ဘေးကြုံရနိုင်သည့် ကလေးငယ်အရေအတွက်သည် ဖေဖေါ်ဝါရီလ မတိုင်မီက ၂.၈ သန်းရှိရာမှ နောက် ၆ လအတွင်း ၆.၂ သန်းအထိ တိုးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က ယခုနှစ်အစောပိုင်းက ခန့်မှန်းထားသည်။

ကယားပြည်နယ် စစ်ဘေးရှောင်စခန်းတခုမှ စေတနာ့ဝန်ထမ်း အက်စ်သာ (အမည်ပြောင်း) က စစ်ဘေးရှောင် မိသားစုများအတွက် အဓိက စိုးရိမ်ပူပန်မှုသည် အစားအစာဖြစ်ကြောင်းပြောသည်။

“အစောပိုင်းတုန်းကတော့ ဒေသခံတွေ၊ စစ်ဘေးရှောင်စခန်းကို ကူညီသူတွေဆီက လှူဒါန်းမှုတွေ ရတယ်။ အခုကျတော့ ဒီစခန်းတွေကို လူတွေမလာနိုင်အောင် တားဆီးထားတော့ လှူဒါန်းမှုတွေက အကန့်အသတ်ရှိလာပြီ။ ဆန်အိတ် နည်းနည်း အလှူရတယ်။ အဲဒါကို ခွဲလိုက်တော့ တအိမ်ထောင်ကို ၅ ဘူးလောက်ပဲ ရတယ်။ အဲဒါကို မိသားစု ၇ ဦးရှိတဲ့အိမ်က ကြာကြာစားလို့ မရဘူး” ဟု အက်စ်သာက Save the Children သို့ပြောသည်။

“ကလေးငယ်များသည် အငတ်ဘေးကြုံနေရပြီး မကြာမီ ၎င်းတို့သည် ရောဂါများနှင့် အာဟာရ ချို့တဲ့မှုများကို ရင်ဆိုင်ရတော့မည်” ဟု Save the Children က ထုတ်ပြန်လိုက်သည်။

“စစ်ဘေးရှောင်နေရပ်စွန်ခွာမိသားစုများသည် ယာယီတဲများ၊ အစားအစာ၊ သန်ရှင်းသောရေ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် သန့်ရှင်းမှု အရေးပေါ်လိုအပ်နေသည်။ မိမိတို့အဖွဲ့များသည် ကလေးများနှင့် ၎င်းတို့ မိသားစုများလိုအပ်နေသည့် အကူအညီများပေးနိုင်ရန် အရာရာကို လုပ်ဆောင်နေသော်လည်း အသက်ကယ် အကူအညီများပေးရန် နေရပ်စွန့်ခွာမိသားစုများထံ သွားရောက်ခွင့် အရေးပေါ်လိုအပ်နေသည်” ဟု ဆက်လက်ဖေါ်ပြသည်။

“တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသမျှ ကာလပတ်လုံး ပိုမိုများပြားသော မိသားစုများ ဘေးကင်းရာသို့ ပြေးကြရမည်ဖြစ်သည်။ ကလေးသူငယ်များ၏ အခွင့်အရေးများကို လေးစားရန်နှင့် ၎င်းတို့ကို အန္တရာယ်မကျ ရောက်စေရန် သက်ဆိုင်သူအားလုံးကို မိမိတို့တောင်းဆိုသည်။ ထိုသို့လုပ်ဆောင်ရာတွင် ကလေးသူငယ်များကို ပဋိပက္ခ အန္တရာယ်မှ ကာကွယ်ရန်သာမက ၎င်းတို့ ကျောင်းပြန်တက်နိုင်စေရန်ပါ လိုအပ်ပြီး ၎င်းတို့ခံစားခဲ့ရသည့် စိတ်ဒဏ်ရာများကို ကုစားပေးရန်လည်း လိုအပ်သည်။ မြန်မာကလေးငယ်များသည် မယုံကြည်နိုင်လောက်သည့် ခွန်အားနှင့် ခံနိုင်ရည်ကို ပြသခဲ့သော်လည်း ထိုမျှလေးလံသော ဝန်ထုတ်ဝန်ပ်ိုးကို မထမ်းဆောင်သင့်ပေ” ဟုလည်း ရေးသားထားသည်။

Save the Children နှင့် မြန်မာမှ မိတ်ဘက်အဖွဲ့အစည်းများသည် အလိုအပ်ဆုံး မိသားစုများအတွက် အစားအစာနှင့် အဓိကပစ္စည်းများ ပံ့ပိုးနေသည်။ အသက်ကယ်ကျန်းမာရေးနှင့် အာဟာရပြည့်၀ရေး ဝန်ဆောင်မှုများသာမက ကလေးများ ပြန်လည်ပညာသင်ယူနိုင်ရေးအတွက်ပါ လုပ်ဆောင်ပေးနေပြီး ၎င်းတို့ စိတ်ပိုင်း၊ရုပ်ပိုင်း ကျန်းမာရေးနှင့် ဘဝသာယာရေးကိုလည်း အထောက်အကူပေးနေသည်။

You may also like these stories:

ရိက္ခာပြန်ယူသည့် ဒီးမော့ဆိုမှ စစ်ဘေးရှောင် ၃ ဦး မိုင်းနင်းမိ

ဒီးမော့ဆိုမြို့အတွင်းရှိ အိမ်အလုံး ၅၀ ကို စစ်ကောင်စီ ဖျက်ဆီး

နေပြည်တော်ကို ကာကွယ်ဖို့ ကယားကို စစ်ရေးအရ ပိုမို ဖိနှိပ်နေသလား

မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရပြီဟု ကုလသမဂ္ဂပြော

Did you find apk for android? You can find new Free Android Games and apps.
Loading