စစ်ကောင်စီ၏ အမိန့်အရ ဖေဖော်ဝါရီ ၁ ရက် မတိုင်မီ စစ်ဆေးဆဲအမှုများထဲမှ စွပ်စွဲခံရသူ ၃၅၀၀ကျော်ကို ကန့်ကွက်သူ မရှိသဖြင့် လွှတ်ပေးခဲ့ကြောင်း အကျဉ်း ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကျော်က ယနေ့ပြောသည်။
အာဏာမသိမ်းမီက တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သည့်အမှုများမှ ဖမ်းဆီးချုပ်နှောင်ခံရပြီး တရားရင်ဆိုင်နေရသူ များအား ထိုသို့ လွှတ်ပေးရာတွင် ရန်ကုန် အင်းစိန်ထောင်မှ ဦးရေ တထောင်ကျော်နှင့် မန္တလေးထောင်မှ ဦးရေ ၆၀၀ ကျော် ပါ ဝင်ခဲ့ကြောင်းလည်း သိရသည်။
ဦးချမ်းအေးကျော်က “တရားရုံးက လွှတ်မိန့်ပေးလာတဲ့အခါ အကျဉ်းထောင်တွေဘက်က မှန်ကန်မှု ရှိမရှိ တိုက်ဆိုင်စစ် ဆေးပြီး လွှတ်ပေးရတာပါပဲ။ အမှုရုပ်သိမ်းပြီး လွှတ်တဲ့အထဲ အခြားအမှုတွေ များပါတယ်။ လက်နက်ကိုင်ဆောင်မှု ၁၉ (င)တို့၊ ပို့ကုန်သွင်းကုန်ပုဒ်မ ၈ တို့၊ အရေးပေါ် စီမံမှုတို့လည်း များပါတယ်” ဟု ပြောသည်။
ယင်းသို့ အမှု ရုပ်သိမ်း လွှတ်ပေးရာတွင် လှိုင်သာယာမြို့နယ်အတွင်း ၂၀၂၀ ဖေဖော်ဝါရီလက ဖြစ်ခဲ့ပွားခဲ့သည့် ချစ်သူအား ကာကွယ်ရင်း လုယက်သူနှစ်ဦးအား သေဆုံးသည်အထိ ခုခံခဲ့သည့် ကိုမျိုးသက်လွင်လည်း ပြန်လည် လွတ်မြောက်လာ ခဲ့သည်။
ယင်းပြင် ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ တည်းခိုခန်းတခုတွင် လူပျိုဟု လိမ် ညာကာ ကာမလိမ်လည်ရယူခဲ့သည့် အမျိုးသားတဦးအား တုံ့ပြန် သတ်ခဲ့သည့် မလင်းလင်းခိုင်လည်း ပြန်လည်လွတ် မြောက်ခဲ့ကြောင်း ၎င်းအား ကူညီပေးခဲ့သူတဦးက ရေးသား ဖော်ပြခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ကန့်ကွက်သူ မရှိသည့် စစ်ဆေးဆဲအမှုများ ရုပ်သိမ်းလွှတ်ပေးရန် ဩဂုတ် ၁၁ ရက်က ကြေညာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားကာ တရားစွဲ အဖွဲ့အစည်းများနှင့် နစ်နာသူများ ကိုယ်တိုင် အမှု မရုပ်သိမ်းလိုကြောင်း လျှောက်ထားတင်ပြနိုင်သည်ဟုလည်း ဖော်ပြခဲ့သည်။
ယင်းအတွက် ယခု လွတ်မြောက်လာသူများသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နစ်နာသူများ ကိုယ်တိုင်အနေဖြင့် အမှု ရုပ်သိမ်းရန် ကန့်ကွက်သူ မရှိသည့် လွတ်မြောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်ကလည်း အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကြားနာ စစ်ဆေးဆဲအမှုများအား ပိတ်သိမ်းကာ အမှုရင်ဆိုင်နေရသူ ၄၂၉၇ ဦးအား လွှတ်ပေးခဲ့သေးသည်။
ယင်းသို့ အာဏာမသိမ်းမီက ဖြစ်ပွားခဲ့သည့်အမှုများမှ ပြစ်မှုဖြင့် တရားရင်ဆိုင်နေရဆဲသူများအား စစ်ကောင်စီက အမှုရုပ် သိမ်းကာ လွှတ်ပေးနေသော်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများအား ဖမ်းဆီး တရားစွဲဆိုမှုများ ပြုလုပ်လျက်ရှိရာတွင် အောက်တိုဘာ ၂ ရက်အထိ ဖမ်းဆီး ချုပ်နှောင်ခံနေရသူ ၇၀၄၅ ဦးနှင့် ဖမ်းဝရမ်း ထုတ်ခံထားရသူ ၁၉၈၉ ဦး ရှိပြီး အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့်လည်း အသက်မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁၁၅၄ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ ထုတ်ပြန် ချက် အရသိရသည်။
You may also like these stories:
ပိုင်တံခွန် အမှုစစ်ဆေးရန် ရွှေ့ဆိုင်းခံရ၍ နစ်နာ
မြေနီကုန်းတွင် သတ်ဖြတ်ခံရသော ဆရာဝန်၏ ဇနီးကို စစ်ကောင်စီ ဖမ်းဆီး