အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံထားရသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့အဖြစ် တာဝန်ယူခဲ့သော ဝန်ကြီး ဟောင်းများ အမှုအား ယနေ့ (အောက်တိုဘာလ ၄ ရက်) တွင် စစ်တွေအကျဉ်းထောင် ပုရဝိုဏ်ထဲ၌ တရားရုံးဖွဲ့က စစ် ဆေးခဲ့သည်။
ယနေ့ ရုံးထုတ်စစ်ဆေးရာတွင် စစ်တွေမြို့နယ်အတွင်းရှိ အထည်ချုပ် စက်ရုံအတွက် လုပ်ထုံး၊ လုပ်နည်းနှင့် မညီဘဲ ငွေ ကြေး ထောက်ပံ့ပေးသည်ဆိုသည့် စွပ်စွဲချက်၊ အထည်ချုပ် စက်ရုံအတွင်းရှိ အဆောက်အအုံ ၃ လုံးအား ပြန်လည် အပ် နှံခြင်း မရှိဆိုသည့် စွပ်စွဲချက်များအပေါ် ပြန်လည် ခုခံချေပခဲ့သည်ဟု မင်းထီး Law Firm မှ ဝန်ကြီးဟောင်း ဦးကျော် အေးသိန်း၏ ရှေ့နေ ဦးအောင်စစ်မင်း က ပြောသည်။
ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၏ အမှုအား လိုက်ပါဆောင်ရွက်သူ တရား လွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက “ဒီနေ့ ဦးညီပုပါ ဝန်ကြီးဟောင်း ၃ ဦး အမှုနဲ့ ပတ်သက်ပြီး Glorious saw ကုမ္ပဏီကို ချပေးတဲ့ အထည်ချုပ်ရုံနဲ့ အဆောက် အအုံ ၃ လုံး အမှုကိစ္စမှာ ကျနော်တို့ကတော့ အဲဒီ ကိစ္စရပ်တွေဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ဥပဒေနဲ့ ညီကြောင်းကို ခုံခံ ချေပခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ စစ်တွေ အကျဉ်းထောင် ပုရဝိုဏ်အတွင်း တရားရုံးဖွဲ့ စစ်ဆေးရာတွင် အဆိုပါ Glorious saw ကုမ္ပဏီ၏ အထည်ချုပ် စက်ရုံအမှုကိစ္စတွင် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို ရုံထုတ်ခဲ့ပြီး တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့မှ စစ်ဆေးရေးမှူးကို စွပ်စွဲချက်ပါ အမှု အကြောင်းအရာများနှင့် ပတ်သက်ပြီး ရှေ့နေများက ပြန်လှန် စစ်မေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး ယနေ့ ပြန်လှန် စစ်မေးခြင်းများပြုလုပ်ခဲ့ရာတွင် မပြီးပြတ်ဘဲ ရုံးချိန် ကုန်သွားသည့်အတွက် လာမည့် အောက်တိုဘာလ ၇ ရက်သို့ ထပ်မံ ချိန်းဆိုထားကြောင်း ရှေ့နေများထံက သိရသည်။
အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသူများမှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္ထုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ဖြစ်သည်။
အဆိုပါ ဝန်ကြီးဟောင်းများကို စစ်ကောင်စီက အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှု ဖွင့်ကာ ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သြဂုတ်လ ၁၂ ရက်က စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
အဆိုပါ အဂတိဖြင့် အမှုဖွင့်ခံရသည့် ဝန်ကြီးများတွင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဦးမင်းအောင်တို့မှာ အာဏာ သိမ်းပြီးနောက် ဖေဖော်ဝါရီလ ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံကို ဇူလိုင်လကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ကာ ဦးကျော်လွင်ကိုမူ ယမန်နေ့ သြဂုတ်လ ၁၂ ရက်က ၎င်းနေထိုင်ရာ ရမ်းဗြဲမြို့ပေါ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက အဆိုပါ ဝန်ကြီးများ တာဝန်ယူခဲ့စဉ်က ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံးကြား သောင်ထွန်း လျက်ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်း မြေကွက်ဖော်ဆောင်ရာ၌ ညွှန်ကြားချက်ပါ တင်ဒါ စည်းမျဉ်းစည်ကမ်းနှင့် မညီဘဲ ဆက်စပ်ကုမ္ပဏီတခုကို စာချုပ်ချုပ်ကာ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် မညီ ဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ကုမ္ပဏီကို ငွေကြေးများ ပေးဆောင်ခြင်း စသည့်အချက်များဖြင့် အဂတိမှုနှင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
ယင်းပြင် အဆိုပါ ဝန်ကြီးဟောင်းများသည် ဆက်စက်ကုမ္ပဏီတခုအား အချက်အလက်များကို မစိစစ်ဘဲ ဒေသခံများ အလုပ်ရရှိရန် ခေါင်းစဉ်ဖြင့် နိုင်ငံပိုင် အဆောက်အအုံ ၃ လုံးကို အထည်ချုပ်လုပ်ငန်း လုပ်ကိုင်စေခြင်း၊ အဆောက်အအုံ ပြုပြင်ရန် အကြောင်းပြချက်ဖြင့် အမှန်အကန် လုပ်ငန်း မလည်ပတ်ဘဲ ငွေကျပ် ၅၅ သန်းကို ထောက်ပံ့ငွေ ပေးအပ်ခဲ့ ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်၌ ပါရှိသည်။
ယင်း ဝန်ကြီးဟောင်းများသည် အစိုးရ တာဝန်ယူခဲ့စဉ်ကာလက ပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက် စာရင်းဖွင့် လက်ကျန်ငွေ ပြည်နယ်တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေး ကော်မတီ ရန်ပုံငွေကျပ် ၈၆၅ သန်းကိုလည်း ဘဏ္ဍာရေး စည်းကမ်းစည်းမျဉ်းနှင့် မညီဘဲ သုံးစွဲခဲ့ကြောင်း စသည့်အချက်များ ပါရှိသည်
ထို့ပြင် စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်မှာလည်း တာဝန်ထမ်းဆောင်စဉ်က ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခြင်းမရှိသည့် လွှတ်တော်၏ ခွင့်ပြုချက်မရှိသော တောင်ကုတ်မြို့မဈေးအပါအဝင် ဈေး ၅ ဈေး ဆောက်လုပ်စေခြင်း၊ တင်ဒါ အောင်မြင်သော ကုမ္ပဏီအားလည်း သဘောတူစာချုပ်ထက် ကျော်လွန်သည့် ငွေကြေး ဖြင့် စာချုပ်ချုပ်ဆိုပြီး ဆောက်လုပ်စေသော်လည်း တောင်ကုတ်မြို့မဈေးမှာ လက်ရှိအချိန်အထိ မြေပြင်တွင် ပျက်စီး လျက်ရှိကြောင်း စသည့် စွပ်စွဲချက်များ ပါဝင်သည်။
You may also like these stories:
ရခိုင်ဝန်ကြီးချုပ်သမီးနှင့်အတူ NLD လူငယ် ၃ ဦးပါ အဖမ်းခံထားရ
ရခိုင်ဝန်ကြီးဟောင်း ၅ ဦး၏ အဂတိအမှု တရားလိုပြသက်သေများ စစ်ဆေးတော့မည်