ဖြုတ်ချ ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် အရှေ့တောင်အာရှနိုင်ငံများအသင်း Asean အထူးသံတမန် အာရီဝန်ယူဆွတ်၏တောင်းဆိုမှုကို မြန်မာ အာဏာသိမ်း စစ်ကောင်စီက ပယ်ချလိုက်သည်။
လွန်ခဲ့သောလမှစတင်ပြီး မြန်မာနိုင်ငံဆိုင်ရာ Asean အထူးသံတမန်သည် ၎င်း၏ခရီးစဉ်အတွက် စစ်ကောင်စီနှင့် ညှိနှိုင်းနေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် တောင်းဆိုသော်လည်း စစ်ကောင်စီက ပယ်ချလိုက်ခြင်းဖြစ်သည်။ ကာလကြာမြင့်စွာ ညှိနှိုင်းပြီးမှ မြန်မာနိုင်ငံဆိုင်ရာ Asean အထူးသံတမန်အဖြစ် သြဂုတ်လက ရွေးချယ်ခံရသော ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) အာရီဝန် ယူဆွတ်က သူမြန်မာနိုင်ငံသို့ လာရောက်သောအခါ သက်ဆိုင်သူ အားလုံးနှင့်တွေ့ခွင့်တောင်းသည်။
“မြန်မာနိုင်ငံကို အခုချက်ခြင်း သွားဖို့ လိုနေတယ်။ ဒါပေမယ့် မသွားခင် အာမခံချက်တွေ လိုနေတယ်” ဟု ထိုအထူးသံတမန်က Reuters သတင်းဌာနသို့ လွန်ခဲ့သောလက ပြောကြားခဲ့သည်။
“ကျနော့်တာဝန်က ဘာလဲ ကျနော်သွားတဲ့အခါ သူတို့က ဘာလုပ်ခွင့် ပေးမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်” ဟု သူပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ပေးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီ ထံတောင်းဆိုခဲ့ကြောင်း အာရီဝန်ပြောသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (Asean) သည် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပြီး ထိုအထူးသံတမန်က စစ်ကောင်စီနှင့် ဖြုတ်ချခံအစိုးရအကြား ဆွေးနွေးပွဲများ ကျင်းပရန် ကြိုးစားနေသော်လည်း လက်ရှိအချိန်အထိ မအောင်မြင်သေးပေ။
ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် Asean ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာရီဝန်ယူဆွတ်သည် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေသော်လည်း စစ်ကောင်စီက သူ့ကို ဒုတိယသမ္မတဟောင်း ဦးဟင်နရီဗန်ထီးယူနှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့နှင့်သာ တွေ့ခွင့်ပေးသည်။
စစ်ဗိုလ်ဟောင်း ဦးဗန်ထီးယူနှင့် စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမှုဆောင် အဖြစ်လုပ်ခဲ့ဖူးသော ကချင်တိုင်းရင်းသား ဦးတီခွန်မြတ်တို့ကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသော်လည်း မည်သည့်စွဲချက်မျှ မတင်သေးပေ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်များကို လက်ရှိအချိန်တွင် ဖမ်းဆီးထားပြီး ၎င်းတို့က စစ်ကောင်စီက ရွေးချယ်ပေးသူများဖြစ်သော ဒုသမ္မဟောင်းနှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်းတို့ကို ၎င်းတို့ကိုယ်စားလှယ်အဖြစ် ထောက်ခံမည်မဟုတ်ဟု မျှော်လင့်ရသည်။
“တရားဝင်အဖွဲ့အစည်းတွေနဲ့ အထူးသံတမန်ကို တွေ့ခွင့်ပေးမယ်” ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စက်တင်ဘာလတွင် AFP သတင်းဌာနသို့ပြောဖူးသည်။
အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ပါတီတောင်ပြိုကမ်းပြိုနိုင်သည့် လွန်ခဲ့သောနှစ် ရွေးကောက်ပွဲကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက် ချိုးဖေါက်ခြင်း၊ လမ်းလျှောက်စကားပြောစက် တရားမဝင်ပိုင်ဆိုင်ခြင်းနှင့် အစိုးရဆန့်ကျင်ခြင်း အပါအဝင် စွဲချက်အများအပြားကိုရင်ဆိုင်နေရသည်။
စစ်အာဏာမသိမ်းမီက ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဖြစ်သော ဦးဖြိုးမင်းသိန်းက သူသည် ၂၀၁၇-၁၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်သို့ ဒေါ်လာ ၆ သိန်းနှင့် ရွေချောင်း ၇ ချောင်း ကိုယ်တိုင်ပေးခဲ့သည်ဟု လွန်ခဲ့သော အပတ်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။
နေပြည်တော်မှ အထူးတရားရုံးတရုံးသည် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အဂတိလိုက်စားမှု ၄ ခုကို ကြားနာနေပြီး ထိုအမှုတခုစီသည် ထောင် ၁၅ နှစ်အထိ ချနိုင်သောအမှုများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသော အမှုများအနက် နှစ်အများဆုံးချနိုင်သောအမှုများဖြစ်သည်။ တရားခွင်ကြားနာစစ်ဆေးမှုအားလုံးကို အများပြည်သူနှင့် မီဒီယာများ ဝင်ရောက်ခွင့်မပေးဘဲထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ မည်သည့်နေရာတွင် စစ်တပ်ဖမ်းထားသည်ကို မည်သူမျှ သိခွင့်မရပေ။
You may also like these stories:
ဦးဖြိုးမင်းသိန်း ထွက်ဆိုချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို
ဒေါ်အောင်ဆန်းစုကြည်အပေါ် အရင်ထက် ယခုစစ်အုပ်စုက ပိုငြိုး
စစ်ကောင်စီက ရှောင်တန်းနဲလ်ကို ရှေ့နေနှင့်တွေ့ခွင့်မပေး
ဖမ်းဆီးသွားပြီး ရုပ်အလောင်းပါ ဖျောက်ခံလိုက်ရသည့် မန္တလေးက ကိုသန်းထွန်းဦး